သတင်း

ရန်ကုန်မြို့တွင် နေ့စဉ် သောက်သုံးရေ ဂါလန် သန်း ၁၀၀ ခန့် လေလွင့် ဆုံးရှုံးနေဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့အတွက် တနေ့လျှင် သောက်သုံးရေ ဂါလန် ၂၀၅ သန်း ပေးဝေနေရာ ယင်းပမာဏ၏ ထက်ဝက်ခန့် ဖြစ်သည့် ရေဂါလန် သန်း ၁၀၀ ခန့် နေ့စဉ် လေလွင့် ဆုံးရှုံးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းရေး) မှ သိရသည်။

တရားမဝင် ခိုးယူသုံးစွဲမှုများ အပါအဝင် ယင်းသို့ လေလွင့် ဆုံးရှုံးနေခြင်းကြောင့် ရန်ကုန်မြို့နေ လူဦးရေ၏ ထက်ဝက်ကျော် မျှကိုသာ ရေပေးဝေနိုင်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းရေး)မှ ဦးအောင်ဆန်းဝင်းက ဧရာဝတီသို့ ပြောသည်။

ဦးအောင်ဆန်းဝင်းက “အခုလက်ရှိ ရန်ကုန်မြို့မှာ လူဦးရေက ၅ သန်းနဲ့ ၆သန်း ကြား ရှိတယ်။ ရေဂါလန် တနေ့ကို ၂၀၅ သန်း ပေးတယ်။ ဒါပေမယ့် ပြည်သူတွေလက်ထဲ ရောက်တာတော့ ရေဂါလန် သန်း ၁၀၀ စွန်းစွန်းလောက်ပဲ ရောက်ပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျန်တဲ့ရေတွေက တရားမဝင် သုံးစွဲတာတွေ လေလွင့်သွားတာတွေ ရှိတဲ့အတွက် ရန်ကုန် မြို့ လူဦး ရေရဲ့ ၅၀ ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းကြားကိုပဲ ရေပေးနိုင်တဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောပြသည်။

၎င်းက ဆက်လက်၍“တရားမဝင်သုံးစွဲတယ်ဆိုတာ YCDC ကပေးတဲ့ရေကို ကျနော်တို့မသိအောင် ရေပိုက်လိုင်းတွေနဲ့ ဆက်ပြီးသုံးစွဲတာကို ဆို လိုတာပါ။ ရေဖိုး မဆောင်ချင်တာလည်း ပါမယ်။ တချို့ စီးပွားရေးသမားတွေ သုံးစွဲတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီး ပွား ရေး အတွက်သုံးရင် ရေဖိုးက နှုန်းတမျိုး အိမ်သုံးအတွက် နှုန်းတမျိုးရှိတော့ အဲဒါတွေကို ပေးမဆောင်ချင်တာ ပါလိမ့် မယ်” ဟုလည်း ပြောသည်။

အဆိုပါပြဿနာသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် ပြဿနာဖြစ်ပြီး ရန်ကုန်မြို့တွင်သာမက မန္တလေးမြို့ တွင်လည်း ဖြန့်ဝေသည့် ရေ၏ ထက်ဝက်ခန့် ပမာဏ ဆုံးရှုံးနေရကြောင်း သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များလုပ် ဆောင်နေသည့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အဖွ့ဲမှ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ဧရာဝတီသို့ ပြောသည်။

ဦးဝင်းမျိုးသူက “ဖြစ်တတ်တဲ့ အကြောင်းရင်းတွေက အများကြီးပေါ့။ စီမံခန့်ခွဲမှုနဲ့ နည်းပညာပိုင်းကြောင့် ဆုံးရှုံးနေတာတွေ ပါတယ်။ မန္တလေးမှာလည်း ဒီတိုင်းပဲ ဖြန့်ဖြူးတဲ့ ရေရဲ့တဝက်လောက်က ပျောက်သွားတယ်။ ရန်ကုန်မှာလည်း ပျောက်သွား တယ်။ ပြင်မယ်ဆိုရင် ဒေါ်လာသန်း ရာနဲ့ ချီပြီး ရင်းနှီးမြှုပ်နှံမှုတွေ လိုမယ်”ဟု ပြောဆိုသည်။

ရန်ကုန်မြို့၌ လူဦးရေ သိပ်သည်းသထက် သိပ်သည်းလာနေပြီး လက်ရှိ လူဦးရေ ၅ သန်းကျော်သာမက နောင်ဖြစ်လာမည့် လူဦးရေ ၁၀ သန်းအထိ တွက်ချက်ပြီး ဆုံးရှုံးမှု မရှိစေရန်နှင့် ဖြန့်ဝေသမျှ ဝင်ငွေရရှိရန်အတွက် စီမံချက် ရေးဆွဲထားရန် လို အပ်ကြောင်းလည်း ၎င်းက အကြံပြုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့်လည်း ပြည်သူလူထု အခွန်ငွေဖြင့် ပေးဝေနေခြင်း ဖြစ်သည့် ရေ များ လေလွင့် ဆုံးရှုံးမှု မရှိစေရေးအတွက် လုပ်ဆောင်နေကြောင်း ဦးအောင်ဆန်းဝင်းက ပြောသည်။

“တရားမဝင် သုံးစွဲနေတာတွေကို စိစစ်နေပါတယ်။ အဖိုးအခမရတဲ့ လေလွင့်နေတဲ့ ရေတွေလျှော့ချရေး (NRW-Non repair water) ကို ပြည်တွင်း နည်းပညာနဲ့ရော JICA (ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) နည်းပညာတွေနဲ့ စိစစ်နေတာ ဆောင်ရွက်နေတာ ရှိပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ကနဦး စီမံချက်အနေနှင့် မရမ်းကုန်း၊ တောင်ဥက္ကလာ၊ အင်းစိန်၊ ရန်ကင်း စသည့် မြို့နယ်များမှာ YCDC က ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

“မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက်နဲ့ NRW လျှော့ချရေး လုပ်ငန်းတွေ ရန်ကင်းမြို့နယ်မှာ ဒါတွေကို ကျနော်တို့ ဆောင် ရွက်နေပါတယ်” ဟု ဦးအောင်ဆန်းဝင်း က ပြောသည်။

ဂျိုးဖြူ ၊ လှော်ကား၊ ဖူးကြီးနှင့် ငမိုးရိပ် ရေလှောင်ကန်တို့မှ ရေဂါလန်ပေါင်း ၁၈၅ သန်း၊ အဝီစိတွင်းများမှ ရေဂါလန်ပေါင်း သန်း ၂၀ စုစုပေါင်း ၂၀၅ သန်းဖြင့် ရန်ကုန်မြို့ကို ရေပေးဝေနေခြင်း ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းရေး)မှ သိရ သည်။

ရန်ကုန်မြို့၏ ရေပေးဝေရေး လုပ်ငန်းများ အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ရန်ပုံငွေ ကျပ်သန်းပေါင်း ၆၄၀၀၀ ကျော် သုံးစွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မှတ်တမ်း များ တွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading