ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် လက်ရှိတာဝန်မှ နုတ်ထွက်လိုက်ပြီးနောက် အနားယူသွားသည့် သမ္မတ ဦးထင်ကျော် ၏ သမ္မတ တာဝန်ကို ယူတော့မည် ဖြစ်ကြောင်း နေပြည်တော် လွှတ်တော်နှင့် နိုင်ငံရေး အသိုင်းအဝိုင်းတွင် သတင်း ထွက်ပေါ်နေသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် မုံရွာအောင်ရှင် က “သူ( ဦးဝင်းမြင့်) ဥက္ကဋ္ဌ အဖြစ်က နုတ်ထွက် သွားရင်တော့ သေချာတယ် သမ္မတကြီး ဖြစ်လာဖို့ ကျနော်လည်း သဘောကျတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတ ဦးထင်ကျော် ရာထူးမှ နုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်ပြီး လစ်လပ်သွားသည့် နိုင်ငံတော် သမ္မတ ရာထူးကို အလုပ်လုပ်ရက် ၇ ရက်အတွင်း ဖြည့်စွက်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။
သမ္မတ ဦးထင်ကျော် ရာထူးမှ နုတ်ထွက်ကြောင်း နိုင်ငံတော် သမ္မတ ရုံးက သတင်းထုတ်ပြန်ပြီး နာရီပိုင်းအတွင်းမှာပင် ဦးဝင်းမြင့် “ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ခြင်း” နှင့်ပတ်သက်၍ ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာပေးသွားသည်ကို တွေ့ရသည်။
ဦးတီခွန်မြတ် က “၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်မှ စ၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ကြောင်း အကြောင်း ကြားပါသည်။ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ လစ်လပ်သွားသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာ အစားထိုး ရွေးချယ် တင်မြောက်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး ကြေညာပါတယ်” ဟု ဆိုသည်။
သမ္မတကြီး ဦးထင်ကျော်အနားယူမှုနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နုတ်ထွက်ခြင်းတို့မှာ ဆက်စပ်မှုရှိကြောင်း ပြည်သူ့ လွှတ်တော် လွှတ်တော်အခွင့် အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ လှမိုးက ယနေ့လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။
သမ္မတ အသစ်ရွေးချယ်မှုကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တပတ်အတွင်း ပြည်ထောင်စုလွှတ်တော်မှ အမြန်ဆုံး ရွေးချယ်သွားမည်ဟု သိရသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဇင်လင်း ကလည်း သမ္မတ ဦးထင်ကျော်၏ ၂ နှစ်တာ ကာလအတွင်း တာဝန်ထမ်းဆောင်မှုများသည် ဥပဒေနှင့်အညီဖြစ်၍ အပြစ်ပြောစရာမရှိကြောင်း သမ္မတ သစ်ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဆက်လက်ထောက်မည် ဖြစ်ကြောင်း သတင်းထောက်များကို ပြောသည်။
ယနေ့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ အပြီးတွင် အာဏာရ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များအား ဦးဝင်းမြင့်နှင့် တွေ့ဆုံရန် လွှတ်တော်ဝန်းအတွင်းရှိ ဇဗ္ဗူသီရိဆောင်တွင် တွေ့ဆုံကြမည် ဖြစ်ကြောင်းသိရသည်။