သတင်း

ကိုရီးယားလူမျိုး ၄ ဦး အသက်ဆက်နိုင်ရန် မြန်မာ အလုပ်သမားက ခန္ဓာကိုယ် အစိတ်အပိုင်းများ လှူဒါန်း

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံရှိ စက်ရုံတရုံသို့ လာရောက်အလုပ်လုပ်ရင်း မတော်တဆဖြစ်၍ ကွယ်လွန်ခဲ့သူ အသက် ၄၄ နှစ်အရွယ်ရှိ မြန်မာလုပ်သားတဦးသည် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကိုရီးယားလူမျိုး ၄ ဦး အသက်ဆက်နိုင်ရေးအတွက် လှူဒါန်းခဲ့ခြင်းကြောင့် တောင်ကိုးရီးယားနိုင်ငံက ကျေးဇူးတင်နေကြကြောင်း သတင်းရရှိသည်။

Korea Joong Ang Daily သတင်းဌာန၏ ရေးသားဖော်ပြချက်အရ ကိုရီးယား အစိုးရက သူ၏ ဆေးကုသမှုနှင့် ဈာပန ကုန်ကျစရိတ်များအတွက် ဝမ်ငွေ ၅ ဒသမ ၄ သန်း (အမေရိကန် ဒေါ်လာ ၅ ထောင်ကျော်) ထောက်ပံ့ခဲ့သည်။ ယင်းငွေကြေးများကို မြန်မာနိုင်ငံရှိ သူ့မိသားစုက ကိုဝင်းထွဋ်ဇော်၏ ရက်ရောမှုကို ဆက်လက် ကုသိုလ်ယူသည့်အနေဖြင့် နွမ်းပါးသော ကလေးသူငယ်များအတွက် လှူဒါန်းကြောင်းလည်း သိရသည်။

ကိုဝင်းဇော်ထွဋ်သည် ရန်ကုန်မှ ကိုရီးယားသို့ ၂၀၁၂ ခုနှစ်တွင် ရောက်ရှိလာခဲ့ပြီး ဂျောင်ဆန်းတောင်ပိုင်း၊ မီယန်မြို့ရှိ မော်တော်ယာဉ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံတရုံတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ တခုသော တနင်္ဂနွေနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် သူသည် စက်ရုံအတွင်း လဲကျကာ ဦးခေါင်းပိုင်း ထိခိုက်မိပြီး ဦးနှောက် ဒဏ်ထိသွားခဲ့သည်။

မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ကိုဝင်းဇော်ထွဋ်သည် ဘူဆန်မြို့၊ တက္ကသိုလ်ဆေးရုံတွင် ဦးနှောက်အမှေးပါးနှင့် ကျောရိုးအာရုံကြောမကြီးစပ်ကြား သွေးထွက်လွန်နေမှုကို ခွဲစိတ်ကုသမှု ခံယူခဲ့သည်။ ခွဲစိတ်ကုသပြီးနောက် အခြေအနေ တိုးတက်မှုရှိလာခဲ့ပြီး နာလန်ထဆေးရုံတရုံသို့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် လွှဲပြောင်းပေးခဲ့သည်။

သို့သော် နောက်တနေ့ နံနက်စောစောတွင် နှလုံးထဲသို့ သွေးမစီးဆင်းဘဲ အခြေအနေ ဆိုးရွားလာသဖြင့် ယခင်တက္ကသိုလ်ဆေးရုံသို့ပင် ပြန်လည်လွှဲပြောင်းခဲ့ရပြန်သည်။ နောက် ၂ ပတ်ကြာသည်အထိ အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိ၍ ကုသပါသော်လည်း ကျန်းမာရေးအခြေအနေမှာ တိုးတက်လာခြင်းမရှိဘဲ ဦးနှောက်ပိုင်းအလုပ်မလုပ်တော့ဟု နောက်ဆုံးတွင် ဆရာဝန်များက ဆုံးဖြတ်လိုက်ကြသည်။

၎င်း၏မောင်တော်စပ်သူ နှလုံးအခြေအနေ ဆိုးရွားနေကြောင်း ကြားသိရသဖြင့် ကိုဝင်းထွဋ်ဇော်၏ အစ်မဖြစ်သူမှာ မြန်မာနိုင်ငံမှ လိုက်သွားခဲ့သည်။ အစ်မဖြစ်သူကို ဆရာဝန်က ကျန်းမာအခြေအနေအကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရှင်းပြခဲ့ရာ သူမက ကိုဝင်းထွဋ်ဇော်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ လှူဒါန်းရန် အဆိုပြုခဲ့သည်။ ကိုဝင်းထွဋ်ဇော်၏ နှလုံး၊ အသည်းနှင့်ကျောက်ကပ်များကို ကိုရီးယားလူနာ ၄ ဦးထံ မတ်လ ၃ ရက်က လှူဒါန်းနိုင်ခဲ့ပြီး ၎င်းတို့ကို အသက်ဆက်ပေးနိုင်ခဲ့သည်။

ယင်းသို့ နိုင်ငံခြားသားများက ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းမှုသည် ကိုရီးယားနိုင်ငံတွင် အလွန်ကြုံတောင့်ကြုံခဲဖြစ်ပြီး နှစ်စဉ် တနိုင်ငံလုံး အတိုင်းအတာဖြင့် လှူဒါန်းမှု ၂ ခုအောက်သာ ရှိကြောင်း သတင်းက ဆိုသည်။

ကိုဝင်းထွဋ်ဇော်၏အစ်မက မောင်ဖြစ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကာယကံရှင်ဆန္ဒအတိုင်းလိုက်နာ၍ သူ့တသက်တာကာလအတွင်း အရက်ရောဆုံး ပေးလှူခဲ့ခြင်းဖြစ်ပြီး မိသားစု၏ ဗုဒ္ဒဘာသာထုံးစံ ယုံကြည်မှုနှင့်လည်း ညီညွတ်ကြောင်း ပြောသည်။

ယခင်နှစ်များကလည်း ကိုဝင်းထွဋ်ဇော်သည် နွမ်းပါးချို့တဲ့သည့် မိသားစုများမှ သားယောက်ျားလေးများကိုလည်း ထေရဝါဒဗုဒ္ဒဘာသာ အစဉ်အလာအတိုင်း ရှင်ပြုနိုင်ရန် ငွေကြေးများထောက်ပံ့လှူဒါန်းခဲ့သည်။ သူသည် အဒေါ်တယောက်၏ ကျောက်ကပ်ခွဲစိတ်မှုအတွက်လည်း အကုန်အကျခံခဲ့သည်။

ကိုဝင်းထွဋ်ဇော်သည် စက်ရုံအတွင်း လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်ပြေအောင် ပေါင်းသင်းလုပ်ကိုင်တတ်သူဖြစ်ကြောင်း၊ ကိုရီးယားကို ချစ်သည်ဟု ဆိုတတ်ကြောင်းနှင့် ကိုရီးယားမှာ ဆက်နေချင်သူဖြစ်ကြောင်း သတင်းက ဆိုသည်။

၎င်း၏ ဈာပနကို မီယန်မြို့ဆေးရုံတရုံတွင် ကျင်းပခဲ့ပြီး မတ်လ ၆ ရက်၌ ယင်းမြို့တွင် မြှုပ်နှံသဂြိ ၤုလ်ခဲ့သည်။

“မြန်မာနိုင်ငံမှာ ကျမတို့ဟာ ဗုဒ္ဒယဉ်ကျေးမှုအတိုင်းနေကြပါတယ်။ ဘာသာရေးကိုင်းရှိုင်းကြတယ်။ အဲဒါကြောင့် အခုလိုလှူဒါန်းခဲ့တာဖြစ်ပါတယ်” ဟု ကိုဝင်းထွဋ်ဇော်၏ အစ်မက ပြောသည်။ “ကျမတို့က အခုဘဝမှာ ကောင်းတာလုပ်၊ ကောင်းတာလှူရင် နောင်ဘဝမှာလည်း အကျိုးပေးတယ်လို့ ယုံကြည်ပါတယ်။ ကျမမောင်ဟာ လိုအပ်တဲ့လူတွေကို အမြဲမျှဝေလှူဒါန်းလေ့ရှိပါတယ်။ အဲဒါမို့ အခုလည်း လူတွေအသက်ကယ်နိုင်ပြီမို့ သူ ဝမ်းမြောက်ဝမ်းသာဖြစ်နေမှာပါ” ။

ကိုဝင်းထွဋ်ဇော်၏ဈာပနစရိတ်အတွက် ကိုရီးယားအစိုးရက ကျန်ရစ်သူမိသားစုထံ ဝမ်ငွေ ၃ဒသမ၆ သန်းပေးအပ်ခဲ့ပြီး နောက်ထပ် ဝမ်ငွေ ၁ဒသမ၈သန်းကို ဆေးရုံစရိတ်များ၊ ခန္ဒာကိုယ်အစိတ်အပိုင်းလှူဒါန်းမှုကုန်ကျစရိတ်များအတွက် ကျခံပေးသည်။ ကိုဝင်းဇော်ထွဋ်၏ အာသီသဖြည့်စွမ်းသောအားဖြင့် သူ့မိသားစုက ယင်းငွေကြေးများကို ကလေးသူငယ်ရေးရာ အဖွဲ့အစည်းတခုထံ လှူဒါန်းခဲ့သည်။

“ သူက လူတွေကို ကူညီရတာ သဘောကျပါတယ်။ သူ့ချွေးနှဲစာထဲကနေ မြန်မာပြည်က ဘိုးဘွားရိပ်သာတွေ၊ မိဘမဲ့ကလေးတွေအတွက် လှူဖို့ဖယ်ထားတတ်ပါတယ်” ဟု ၎င်းနှင့် ညီမဝမ်းကွဲတော်စပ်သူ ချမ်းမိဇော်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး လီဆန်ဟွာ ကလည်း ကိုဝင်းထွဋ်ဇော်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ၎င်း၏လှူဒါန်းမှုများအတွက် မိသားစုထံ ကျေးဇူးတင်ရှိကြောင်း ဆိုသည်။

“ကိုဝင်းထွဋ်ဇော်ရဲ့ ရက်ရက်ရောရောပေးလှူမှုဟာ ကျနော်တို့တောင်ကိုရီးယားမူဝါဒသစ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းကို ကိုယ်စားပြုနေပါတယ်။ အဲဒါကတော့ ပြည်သူအချင်းချင်း နှလုံးသားချင်း ကူးလူးဆက်နွယ်နေမှုပါပဲ” ဟု အရှေ့တောင်အာရှနိုင်ငံများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်လိုသော တောင်ကိုရီးယား အစိုးရ၏ သဘောထားအမြင်ကို ကိုးကားလျက် သံအမတ်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံရှိ ကိုရီးယားအသင်းကလည်း ကိုဝင်းထွဋ်ဇော် တက်ရောက်ခဲ့သည့်ကျောင်း(တက္ကသိုလ်)တွင် ပညာသင်ဆုတဆုပေးရန် စီစဉ်လျက်ရှိကြောင်း၊ သူ့ကို ဂုဏ်ပြုသည့် လူမှုကူညီရေးရန်ပုံငွေလည်း ထူထောင်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီးလီက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား ။ ။ koreajoongangdaily.joins.com မှ Burmese worker’s donated organs save four Korean lives

Did you find apk for android? You can find new Free Android Games and apps.
Loading