ယနေ့ ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သော ဦးတီခွန်မြတ်ကို ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် နောင်ချို မဲဆန္ဒနယ်မှ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်ကို ဆန္ဒမဲဖြင့် ရွေးချယ်လိုက်သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရာတွင် အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လစ်လပ်သွားသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် ရွေးချယ်ခံလိုက်ရသော ဦးတီခွန်မြတ် က ကျမ်းသစ္စာကျိန်ဆို အပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များကို နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ကတိပြု ပြောဆိုသွားသည်။
ဦးတီခွန်မြတ်က “ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကို လွှတ်တော်ကိုယ်စားလှယ်များက ကျနော့်အား တာဝန်ပေးအပ်လိုက်တဲ့ အတွက် ဒီတာဝန်ကြီးကို ကျနော့် အနေဖြင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ စည်းမျည်း၊ စည်းကမ်းများနှင့် အညီ အဂတိ တရား ကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအခွင့်အလမ်းများ ပွင့်လန်းလာစေရန် အခြေခံ လူ့အခွင့်အရေးများ ပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်း၊ ညာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်သွားမည်”ဟု ကတိပြု ပြောဆိုသွားသည်။
၎င်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည်နှင့်အညီ တွေးခေါ် ကြံဆပုံ၊ လုပ်ကိုင် ဆောင်ရွက်ပုံများသည် ဒီမိုကရေစီကျင့်စဉ်များ၊ လူ့အခွင့်အရေးစံနှုန်းများကို ခံစား၊ စံစားလိုကြသော နိုင်ငံသူ၊ နိုင်ငံသားများ အတွက် စံနမူနာကောင်းများ ဖြစ်စေလိုကြောင်းနှင့် တဦးနှင့် တဦး ခွင့်လွှတ်ခြင်း၊ သီးခံခြင်း၊ အပြန်လှန်လေးစားခြင်း၊ နားလည်မှုရှိခြင်းနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ပြည်သူ့အကျိုးကို သယ်ပိုးစေကြလိုကြောင်း သူ၏ ပထမဆုံး နှုတ်ခွန်းဆက်စကားတွင် တိုက်တွန်း ပြောဆိုသွားသည်။
ထို့အတူ “မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ ရှင်သန်ခိုင်မာမှုနှင့် လူ့အခွင့်အရေးများ မြှင့်တင် နိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ စသည်တို့ကို အတူတကွ လက်တွဲပူးပေါင်း အကောင်အထည်ဖော်ကြရန် တိုက်တွန်း နှိုးဆော် အပ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြောသည်။
ဦးတီခွန်မြတ်သည် အတိုက်အခံ ကြံ့ခိုင်ရေးပါတီမှ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးကို ထောက်ခံမဲ အသာဖြင့် အနိုင်ရရှိခဲ့ပြီး ဦးထွန်းထွန်းဟိန်သည်လည်း ကြံ့ခိုင်ရေးပါတီမှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းကို မဲအသာဖြင့် အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။
ယင်းရွေးချယ်တင်မြှောက်မှုသည် ယခင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နုတ်ထွက်သွားအပြီး လစ်လပ်နေရာအတွက် ပြန်လည် ရွေးကောက်ခြင်းဖြစ်သည်။
ဦးဝင်းမြင့် နုတ်ထွက်ခြင်းသည် သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားသောကြောင့် လစ်ဟာသွားသော သမ္မတ ရာထူးအား ရွေးချယ်ခံနိုင်ရန် ဖြစ်သည်ဟု နေပြည်တော်ရှိ နိုင်ငံရေးအသိုင်းအဝိုင်းက ယူဆထားကြသည်။
ဦးတီခွန်မြတ်သည် မဲပေးခွင့်ရှိသူ ၄၁၂ ဦး အနက်မှ ထောက်ခံမဲ ၂၈၀ မဲ၊ ကန့်ကွက်မဲ ၁၂၄ မဲနှင့် ကြားနေ မဲ ၁ မဲဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ဦးထွန်းထွန်းဟိန် ကတော့ မဲပေးခွင့်ရှိသူ ၄၁၂ ဦးအနက် ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက်မဲ ၁၃၁ မဲနှင့် ကြားနေမဲ ၁ မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် အလွန်နီးစပ်သူ တဦးဖြစ်သည့် ဦးတီခွန်မြတ်သည် ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင် တဦးဖြစ်ပြီး၊ ရှေ့နေချုပ်ရုံးမှ အငြိမ်းစား ဥပဒေညွှန်ကြားရေးမှူး တဦး ဖြစ်ကြောင်းသိရသည်။
၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီမှ ရွေးကောက်ပွဲ အနိုင် ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက် ပွဲတွင်လည်း ယင်းပါတီမှပင် ကွတ်ခိုင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့သူ တဦး ဖြစ်သော်လည်း ယခုအခါ ပါတီမှ နုတ်ထွက်ထားပြီး ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်လာသည့် ဦးထွန်းထွန်းဟိန်သည် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတွင်း၌ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တဦး ဖြစ်သကဲ့သို့ လက်ရှိ ဥပဒေ ကြမ်း ကော်မတီ ဥက္ကဌ လည်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ယုံကြည်အားကိုး ရသူများထဲတွင်လည်း တဦးအပါအဝင် ဖြစ်သည်။
နေပြည်တော် မှ ဧရာဝတီ သတင်းထောက် မိုးမိုး ပူးပေါင်းပါဝင်ရေးသားသည်။
ဆက်စပ် ဖတ်ရှုရန် – ကြံ့ခိုင်ရေး ပါတီဝင်ဟောင်း ဦးတီခွန်မြတ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာဖွယ်ရှိ