သတင်း

မြင်းခြံ သံမဏိစက်ရုံ ရပ်ထားပါက သမိုင်းမှတ်တမ်း အဖြစ် ကျန်ရစ်မည်ဟု စက်မှုဝန်ကြီးပြော

Want create site? Find Free WordPress Themes and plugins.

အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းလုပ်ငန်းကို ဆက်လက် ရပ်ဆိုင်း ထားပါက ပြီးပြတ် အောင် လုပ်နိုင်စွမ်းမရှိသည့် သမိုင်းမှတ်တိုင်တခု အဖြစ် ကျန်ရစ်မည်ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက မနေ့က ပြည်သူ့လွှတ်တော်တွင် ပြောသည်။

“အိမ်နီးချင်း အရှေ့တောင် အာရှ နိုင်ငံတွေမှာ သံမဏိလုပ်ငန်းကို အကြီး အကျယ် ရင်းနှီး မြှုပ်နှံနေ ချိန် ဒီနိုင်ငံက တည်ဆောက်ဆဲ Steel လုပ်ငန်းကို ပြီးပြတ်အောင် မလုပ်နိုင်ဘူးဆိုတဲ့ သမိုင်းမှတ်တမ်း တခုအဖြစ် ကျန်ရှိနေမယ်” ဟု ၎င်းက လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး ပန်းတောင်း မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ဒေါ်ခင်နှင်း သစ်၏ လတ်တလော ရပ်ဆိုင်းထားသော အမှတ်(၁) သံမဏိ စက်ရုံ (မြင်းခြံ) တိုးချဲ့ စီမံကိန်းအား ဆက် လက် ဆောင်ရွက်ရန် အစီအမံများ ရေးဆွဲထားခြင်း ရှိ/မရှိနှင့် အကယ်၍ စီမံကိန်း ပြန်လည်ဆောင် ရွက်ခွင့်ရရှိပါက နိုင်ငံတော် အတွက် မည်ကဲ့သို့ အကျိုးကျေးဇူးများ ရရှိနိုင်မည်နည်း ဆိုသည့် မေးခွန်း နှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးက ထိုသို့လာရောက် ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်ရုံကို ၂၀၁၇ ခုနှစ် ဧပြီလအတွင်းက ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၏ အစည်း အဝေး ဆုံးဖြတ်ချက် အရ လတ်တလော ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

သံမဏိစက်ရုံ (မြင်းခြံ) ၏ ပထမ အဆင့် စီမံကိန်းအတွက် နိုင်ငံပိုင် ငွေကြေးကို အသုံးပြုခဲ့ပြီး မြန်မာ့ စီးပွားရေးကော်ပိုရေးှရှင်း (MEC) နှင့် အီတလီနိုင်ငံမှ Danienli Co.,Ltd တို့က ၂၀၀၄ ခုနှစ် နိုဝင်ဘာ လ (လွန်ခဲ့သည့် ၁၄ နှစ်ခန့်) က စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
NLD အစိုးရ တက်လာပြီးနောက်ပိုင်း အမျိုးသားစီမံကိန်း အရ အရှုံးပေါ်နေသည့် စက်ရုံများနှင့် ဆောက်လက်စ စက်ရုံပေါင်း ၂၈ ခုကို ရပ်ဆိုင်းခဲ့ပြီး အဆိုပါ စက်ရုံများအနက် ဆောက်လက်စ စက်ရုံ ၂ ခုဖြစ်သည့် သံမဏိစက်ရုံ (မြင်းခြံ) နှင့် တောင်ကြီးမြို့ရှိ ပင်းပက် သံမဏိ စက်ရုံပါ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ဒက္ခိဏသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက “ဝန်ကြီးရှင်းတာက ဒီစက်ရုံနဲ့ ပတ်သက်ပြီး မေးတဲ့သူရှိလို့ လာဖြေရတာ၊ စက်ရုံ ဆက်ပြီးလည်ပတ်ဖို့က ပြည်ထောင်စု အစိုးရအဖွဲ့ကို အရင်တင်ပြီးမှ လွှတ်တော်မှာ ပြန်ဆွေးနွေးရမှာ” ဟု ဧရာဝတီသို့ပြောသည်။

အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းကို ဆက်လက်ရပ်ဆိုင်းထားမည် ဆိုပါက စီမံကိန်း အတွက် စက်ရုံသို့ရောက်ရှိနေသည့် စက်နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ဆုံးရှုံးနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံ အသုံးပြုခဲ့သော နိုင်ငံပိုင်ငွေ ကျပ် ၅၅၃.၇၁၆ ဘီလီယံ ခန့်ရှိသော ငွေများ ဆုံးရှုံးသွားခြင်းတို့ ဖြစ်နိုင်ကြောင်း ဦးခင်မောင်ချိုက ရှင်းပြသည်။

စက်ရုံ တည်ဆောက်မှု ပြီးစီးသည့် အခြေအနေမှာ သံရည်ကြိုမီးဖို ၂ လုံး အပြီးသတ် တည်ဆောက် နိုင်ပြီး ယင်းစက်ရုံမှ သံမဏိလေးထောင့်တုံးများနှင့် သံမဏိပြားများကို အဓိကထားပြီး ထုတ်လုပ် နေသည်ဟု သိရသည်။

လုပ်ငန်းပြန်လည်ပြီး စတင်လည်ပတ်ခွင့်ရှိပါက ပမထနှစ် အတွင်း Steel Billet တန်ချိန် တသိန်းခွဲ ကျော်နှင့် Steel Slab တန်ချိန် တသိန်းခွဲကို ထုတ်လုပ်နိုင်မည် ဖြစ်ပြီး တနှစ်ထက်တနှစ် ပို၍ ထုတ်လုပ်သွားနိုင်မည် ဖြစ်ကြောင်း ဦးခင်မောင်ချိုက ပြောသည်။

အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)ကို မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရန်ကုန်-မြင်းခြံ ကားလမ်းမိုင်တိုင် အမှတ်(၄၅ဝ/ဝ)၏ အနောက်ဘက် ၃ ဒသမ ၃ မိုင်ခန့်အကွာ ဆားခါး ကျေးရွာအနီးရှိ မြေဧက ၅၇၄ ဒသမ ၂ ဧကပေါ်တွင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC)က အီတလီနိုင်ငံမှ Danieli ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၁-၁ဝ-၂ဝ၁၂ ရက်တွင် စက်မှုဝန်ကြီးဌာန အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းမှ လွှဲပြောင်းလက်ခံကာ စက်ရုံ၏ Phase 1 မှ Steel Billet (130mm x 130mm x 12 m) နှင့် Steel Slab (90mm x 1200 mm x 9m) များ ထုတ်လုပ်လျက်ရှိနေခြင်းဖြစ်သည်။

အမေရိကန်အခြေစိုက် BCI Co., Ltd. က သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းမှ ထွက်သမျှ သံမဏိများကို ဝယ်ယူရန် အတွက် Off-take Agreement စာချုပ်ချုုပ်ရန် ကမ်းလှမ်းမှုများ ရှိကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading