သတင်း

သမ္မတဟောင်း ဦးထင်ကျော် ပင်စင်ခံစားခွင့် မရ

Want create site? Find Free WordPress Themes and plugins.

လက်ရှိ တာဝန်များမှ အနားယူလိုသောကြောင့် သမ္မတရာထူးမှ နုတ်ထွက်သွားသည့် ဦးထင်ကျော်သည် ပင်စင်လစာ အပါအဝင် မည်သည့် ခံစားခွင့်မှ မရှိကြောင်း သတင်းရရှိသည်။

နိုင်ငံတော် သမ္မတအဖြစ် သက်တမ်းစေ့ တာဝန်ထမ်းဆောင်နိုင်မှသာ အငြိမ်းစား သမ္မတဟောင်းများကို ဥပဒေနှင့် အညီ ပေးအပ်သည့် အခွင့်အရေးများ၊ လုံခြုံရေး အဆောင်အယောင်များလည်း ရရှိနိုင်မည်ဟု သမ္မတရုံးနှင် လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းမှ သိရ သည်။

အဆောင်အယောင်နှင့် သမ္မတဟောင်း ဥပဒေများအရ သမ္မတအဖြစ် နှစ်အပြည့်တာဝန် ထမ်းဆောင်ပါက တလုံးတခဲတည်း ချီးမြင့်ငွေ၊ ပင်စင်လစာ ရရှိနိုင်သကဲ့သို့ ကျန်းမာရေး အကြောင်းပြချက်ဖြင့် နုတ်ထွက်ပါကလည်း ပင်စင်လစာ မရသော်လည်း တလုံးတခဲတည်း ချီးမြင့်ငွေ ရရှိနိုင်ကြောင်း၊ သို့သော် ဦးထင်ကျော်မှာ ယင်း ၂ ချက်စလုံးနှင့် မကိုက်ညီ၍ မည်သည့် ခံစားခွင့်မျှ မရရှိကြောင်း သတင်းရင်းမြစ်များက ဧရာဝတီသို့ အတည်ပြုသည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က “နှစ်အပြည့် ထမ်းဆောင်တာ မဟုတ်တော့ နုတ်ထွက်တယ်လို့ သုံးတာ။ သက်ပြည့် မဟုတ်တော့ ပင်စင် မရဘူး။ သမ္မတဆိုတော့ အငြိမ်းစား လည်း ပေးလို့လည်း မရပါဘူး။ ဥပဒေအတိုင်းပဲပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းပြည်၏ အမြင့်ဆုံး နိုင်ငံတော် သမ္မတရာထူးကိုပင် မတပ်မက်ဘဲ မိမိ မစွမ်းဆောင်နိုင်သည့်အခါ တာဝန်ရှိရှိ နုတ်ထွက်ရဲသည့် ဆုံးဖြတ်ချက်မျိုးသည် လေးစားစရာ ကောင်းကြောင်း၊ သာမန်လူများ လုပ်နိုင်ခဲသည့် အလုပ်တခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်အဆင့် သမ္မတ၊ ဝန်ကြီးများ၊ ပြည်ထောင်စု အဖွဲ့အစည်းဝင်များအတွက် ပင်စင်လစာနှင့် ခံစားခွင့်ကို နိုင်ငံတော် အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးကောင်စီက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပင်စင်ခံစားခွင့်များ ရရှိခဲ့ကြောင်း သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က ပြောသည်။

“ကျနော်တို့ သက်တမ်းမှာ လစာ ၃ သိန်းကို ၁၀ သိန်းပြင်လိုက်ပြီးတော့ ပင်စင်ကိုလည်း အဲလို ၂ မျိုးတွက်ပြီး ပေါင်းပြီး တလုံးတခဲတည်း ပင်စင် သိန်း ၅၀ လောက်ရတယ်။ NLD အမတ်တွေကတော့ ကျနော်တို့ထက် နည်းတယ်။ သူတို့က ကြားဖြတ်ရွေးကောက်ပွဲကျမှ ဝင်တာကိုး”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် သမ္မတဟောင်း ဦးထင်ကျော်မှာ ဇနီးဖြစ်သူ ဒေါ်စုစုလွင်၏ နာမည်ဖြင့် နေပြည်တော်ရှိ ဥတ္တရသီရိမြို့နယ်တွင် ဝယ်ယူထား သည့် ၁ ထပ်တိုက်အိမ်သို့ ပြောင်းနေမည်ဟု သိရပြီး ယင်းခြံကို ၂၀၁၇ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဥတ္တရသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က ပြောသည်။

ဦးထင်ကျော်ကို သမ္မတ သက်တမ်း ၅ နှစ်အထိ တာဝန်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျန်းမာရေး ချို့တဲ့ လာသဖြင့် အနှေးနှင့်အမြန် အနားယူတော့မည်ဟု သိထားကြောင်း၊ ရိုးသား ဖြောင့်မတ်သူ၊ တည်ကြည်သူတဦးဖြစ်၍ လူပုဂ္ဂိုလ်တဦး အနေဖြင့် စိတ်မကောင်း ဖြစ်မိကြောင်း တွံတေးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်။ ကျမက သမ္မတ အထက်မှာနေမယ်လို့။ အဲဒါကြောင့် သူ နုတ်ထွက်သွားတဲ့ အပေါ်မှာ တိုင်းပြည်မှာ သိပ်ထူးထူး ခြားခြား အပြောင်းအလဲကြီးတေ့ာ ဖြစ်လာလိမ့်မယ်လို့ မယူဆပါဘူး။ သူ့သက်တမ်း အတွင်းမှာ သူတာဝန် ယူ ထမ်းဆောင်တာက သူထမ်းဆောင်တာလား၊ ဒေါ်အောင်ဆန်းစုကြည် ထမ်းဆောင်တာလား ဆိုတာ မသဲကွဲဘူး”ဟု ၎င်းက ပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် အလွန် သစ္စာရှိပြီး ၎င်း၏ ယုံကြည် အားကိုးရသူဖြစ်၍ ဦးထင်ကျော်၏ ၂ နှစ် သက်တမ်း ကာလ အတွင်း ဆောင်ရွက်ချက်များနှာ ဒေါ်အောင်ဆန်းစုကြည် လုပ်ခဲ့သည်များနှင့် အတူတူပင်ဖြစ်ကြောင်း၊ နိုင်ငံတွင် စီးပွားရေးအရ တိုးတက် ထူးခြားအောင် မလုပ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက “သူ(ဦးထင်ကျော်)လည်း ရိုးရိုးသားသားနဲ့ အမှန်တကယ် ကြိုး စားခဲ့တာပဲလေ။ အဓိကတေ့ာ သူ့ကျန်းမာရေးကြောင့် နားသွားတယ်လို့ပဲ ယူဆပါတယ်။ သူ့ရဲ့ လုပ်ဆောာင်ချက် အပေါ်ကိုလည်း ဘာ မှ ပြောစရာ မရှိပါဘူး။ ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန် ရပ်တည်ပြီး သွားတဲ့အတွက် တိုင်းပြည်အတွက်တေ့ာ သမ္မတ တာဝန်ကို ကျေပွန်အောင် လုပ်သွားတယ်လို့ပဲ ပြောရမှာ”ဟု သုံးသပ်သည်။

သမ္မတ ဦးထင်ကျော် တာဝန်မှ အနားယူကြောင်း နုတ်ထွက်စာကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီး လစ်လပ်သွားသည့် သမ္မတနေရာကို အစားထိုးခန့်အပ်ရန် သမ္မတတဦးကို မတ်လ၂၃ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့ လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ရန် ရှိကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြဌာန်းခဲ့သည့် နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေတွင် သမ္မတအဖြစ် ရာထူးသက်တမ်း ကုန်ဆုံးသည်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါက ၎င်း၏ လုံခြုံရေးကို ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ယူပေးရမည်ဟု ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading