သတင်း

ကာချုပ် (လေ) ရာထူးအတက် မြန်

Want create site? Find Free WordPress Themes and plugins.

လတ်တလောနှစ်များအတွင်း မြန်မာ့တပ်မတော်၏ ခေါင်းဆောင်မှုပိုင်းတွင် အပြောင်းအရွှေ့များကို မကြာခဏ မြင်တွေ့ခဲ့ရ ပြီး သွေးသစ်များနှင့် မျက်နှာသစ်များက ထိပ်ပိုင်းရာထူးနေရာများသို့ ပိုမိုရောက်ရှိလာသည်။

သူတို့ထဲမှ တဦးမှာ ဇန်နဝါရီလ အတွင်း ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်လာသော ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ဖြစ်သည်။ ရာထူးမှ အနားယူသွားသော ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို အ စားထိုး ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ရာထူး ခန့်အပ်ခံရပြီး များမကြာမီ ဇန်နဝါရီလ အတွင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ သမ္မတဟောင်း ဦးထင်ကျော်နှင့် သွားရောက်တွေ့ ဆုံခဲ့သည်။ ပြီးခဲ့သည့် လအတွင်းက ၁၉၉၇ ခုနှစ် နောက်ပိုင်း၌ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတခုကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ ဆင်ဖြူရှင်ကျွန်းတွင် ပြုလုပ်ခဲ့စဉ် ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ အနီးကပ် ဆောင်ရွက်ခဲ့သည်။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို ပို၍ အဆင့်မြင့်သည့် နေရာသို့ ရောက်ရှိရန် အလားအလာ ရှိသူတဦး အဖြစ် မြန်မာနိုင်ငံမှ ကာကွယ်ရေး လေ့လာသုံးသပ်သူများက ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေးခဲ့ကြပြီး ဖြစ်သည်။

သူ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးကပ်သူတဦးဟု မြင်ကြပြီး စွမ်းဆောင်ရည်ရှိ၍ အတွေ့အကြုံများသော လေတပ် အရာရှိ တဦးအဖြစ် သိကြသည်။

ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ နောက်ခံသမိုင်းကြောင်းကလည်း ခိုင်မာသည်။ သူက ၁၉၈၀ နှစ်များ အတွင်းတွင် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး သူရကျော်ထင်၏ အငယ်ဆုံးသား ဖြစ်သည်။

ဗိုလ်ချုပ်ကြီး သူရကျော်ထင်သည် ယခင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းနှင့် နီးကပ်သူ ဖြစ်သည်။ တပ်မတော်သို့ ၁၉၄၀ နှစ်များ အတွင်းတွင် ဝင်ရောက်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဂျပန်တပ်ဖွဲ့များနှင့် တိုက်ခိုက်ခဲ့သည်။ ပြည်မြို့ တွင် ကြီးပြင်းခဲ့သော ဗိုလ်ချုပ်ကြီး သူရကျော်ထင်သည် အစောပိုင်းကာလများ၌ နာမည်ကျော် ဗမာ့သေနတ်ကိုင်တပ်ရင်း (၄) တွင် တာဝန် ထမ်းဆောင်ခဲ့သည်။ အဆိုပါတပ်ရင်းသည် ဗိုလ်ချုပ်ကြီးနေဝင်း အယုံကြည်ဆုံး နှင့် မျက်နှာသာ အပေးဆုံး တပ်ရင်း အဖြစ် အသိအမှတ်ပြုကြသည်။

ဗမာ့သေနတ်ကိုင်တပ်ရင်း (၄) မှ အရာရှိ အများအပြားသည် ၁၉၆၂ ခုနှစ် ၌ ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် မြန်မာ့ဆိုရှယ်လစ် အစိုးရတွင်ရော တပ်မတော်တွင်ပါ ရာထူးများ အလျှင်အမြန် တက်လာခဲ့ကြသည်။

၁၉၈၅ ခုနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း ဗိုလ်ချုပ်ကြီး သူရကျော်ထင်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွက် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ ဒုတိယ ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးနေဝင်း နှင့် အတူ နုတ်ထွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် အသက် ၇၀ အရွယ်၌ ကွယ်လွန်ခဲ့သည်။

ဗိုလ်ချုပ်ကြီး သူရကျော်ထင်၏ အကြီးဆုံး သားဖြစ်သူ ဦးသန့်ကျော်က ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ကာကွယ်ရေး ဦးစီးချုပ်(လေ) ဖြစ်လာသည်အထိ ရာထူး အဆင့်ဆင့်ကို မှန်မှန် တက်လာခဲ့သည်။ ယခင်က မိတ္ထီလာ လေတပ်စခန်းဌာနချုပ်၏ တပ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့လေတပ်က ကြည်းတပ်၊ ရေတပ်တို့ နှင့် အတူ စွမ်းဆောင်ရည်နှင့် အင်အားကို တိုးချဲ့ရန် စီစဉ်နေချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ အလားအလာကို မြင်ခဲ့ပုံ ပေါက်သည်။

၂၀၁၇ ခုနှစ်အတွင်းတွင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ နိုင်ငံခြား ခရီးစဉ်များတွင် မြင်တွေ့လာခဲ့သည်။ ၂၀၁၅ ခုနှစ်ကလည်း အစ္စရေး နိုင်ငံသို့ အတူတကွ သွားရောက်ခဲ့ကြသည်။

နိုင်ငံရေး ရည်မှန်းချက်ရှိသူအဖြစ်သိကြသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၇ ခုနှစ်တွင် တပ်မှူးအသစ် အများအပြားကို ထိပ်တန်း ရာထူးနေရာများတွင် ခန့်အပ်ခဲ့ကြောင်း လေ့လာစောင့်ကြည့်သူများက မှတ်ချက်ပေးကြသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ် မျိုးဇော်သိန်းကို ဒုတိယ ဗိုလ်ချုပ်ကြီး အဖြစ် ရာထူးတိုးမြှင့် ပေးခဲ့ပြီး အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့(ကစထ၅) မှူး ဖြစ်လာသည်။ စစ်ဆင်ရေး အထူးအဖွဲ့မှူးများထဲတွင် သူက အသက်အငယ်ဆုံး ဖြစ်သည်။

ယခင် အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက စစ်ဦးစီး အရာရှိချုပ်(ကြည်း) ဖြစ်လာသည်။ ယခင်က ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်မြင့်မော်က နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ တိုင်းမှူး ဖြစ်လာခဲ့သည်။

(အင်္ဂလိပ် ဘာဘာဖြင့် New Air Force Chief Has Risen Rapidly Through the Ranks  တွင် ဖတ်ပါ။ )

Did you find apk for android? You can find new Free Android Games and apps.
Loading