၆၆(ဃ)ဖြင့် စွဲဆိုခံရမှု ရင်ဆိုင်သွားမည်ဟု အဆိုတော် တသသ ပြော
မန္တလေးတိုင်း ဒေသကြီး စဉ့်ကူးမြို့နယ် တရားရုံးရှေ့၌ အဆိုတော် တသသ က ၎င်းအား စွဲဆိုသည့် အမှုုနှင့် ပတ်သက် ၍ လူမှုကွန်ရက် မီဒီယာပေါ်သို့ Live လွှင့် ပြောဆိုခဲ့သဖြင့် ထပ်မံ အမှုဖွင့် ခံထားရသည်ကို ရင်ဆိုင် သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
အဆိုတော် တသသ (ခ) မခိုင်က ၂၀၁၄ ခုနှစ် ကတည်းကစပြီး ယနေ့အချိန်အထိ အမှု ရင်ဆိုင်နေရသည့် အခြေ အနေ များနှင့် ပတ်သက်၍ ရန်ကုန်မြို့ Orchid Hotel ၌ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ပြည်သူတယောက်ရဲ့ ခံစားချက်။ ၄ နှစ်လုံးလုံး ပေးဆပ်ခဲ့ရတဲ့ ခံစားချက်ကို ပေါက်ကွဲမိလို့ ၆၆ (ဃ) (ဆက်သွယ်ရေး ဥပဒေ ပုဒ်မ) နဲ့ ဖမ်းတယ် ဆိုတော့လည်း ဥပဒေအတိုင်း ကျမရဲ့ရှေ့နေနဲ့ အကောင်းဆုံးတိုင်ပင်ပြီး ရင်ဆိုင်သွားမှာပါ” ဟု တသသက ပြောသည်။
တသသသည် ၂၀၁၄ ခုနှစ်တွင် စဉ့်ကူးမြို့နယ်ရှိ ထက်ရည်လင်း/မြောက်ကျွန်းသူမမ ကုမ္ပဏီ၏ ရွှေတူးဖော်ရေး လုပ်ငန်း များမှ စာချုပ်စာတမ်းဖြင့် ဖက်စပ်လုပ်ကွက် ရယူခဲ့ပြီး ရွှေတူးဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီ၏ လုပ်ကွက်တချို့သည် တရားမဝင် ဧရိယာအတွင်း ပါဝင်နေခဲ့မှုကြောင့် ရွှေတူးဖော်မှု ရပ်နားခဲ့ရပြီး ၂၀၁၄ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းက အဆိုတော် တသသနှင့် အပေါင်းအပါ ၁၆ ဦးကို သတ္တုတွင်း ဥပဒေ ၃၀(ခ)ဖြင့် အမှုဖွင့်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ အမှုဖွင့်ခံရမှုကြောင့် ၎င်းအနေဖြင့် ထွက်ပြေး တိမ်းရှောင်နေခဲ့ကြောင်း ၂၀၁၅ မေလတွင် သွားရောက် အဖမ်း ခံခဲ့ပြီးနောက် အာမခံရရှိကာ အမှုကို ရင်ဆိုင်ခဲ့ကြောင်း ၂၀၁၇ တွင် အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ကြောင်း တသသက ရှင်းပြသည်။
အမှုပြီးသွားသော်လည်း အမှုဖြစ်စဉ်အချိန်က သားမက်ဖြစ်သူ၏ အစ်မတော်စပ်သူနှင့် ရဲတပ်ဖွဲ့က သိမ်းဆည်းသွား သည် ဆိုသော ၎င်းပိုင်ဆိုင်သည့်ပစ္စည်းများ ပြန်လည်မရရှိခဲ့ကြောင်း၊ ယင်းပစ္စည်းများ ပြန်ရရှိရေးအတွက် ၂၀၁၅ တွင် စဉ့်ကူး မြို့နယ် လက်ပံလှ ရဲစခန်း၌ သက်ဆိုင်သူများကို ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ခဲ့ကြောင်းလည်း တသသက ပြောပြ သည်။
ပုဒ်မ ၃၈၀ ဖြင့် စွပ်စွဲခံရသူများကို ဖမ်းဆီးပြီး စဉ့်ကူးမြို့နယ် တရားရုံးတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း သက်သေ မခိုင်လုံဟုဆိုကာ ၂၀၁၈ ခုနှစ် မတ်လတွင် ပယ်ချခံလိုက်ရသည်ဟု ဆိုသည်။
တသသ၏ ပြောပြချက်အရ သိမ်းဆည်းသွားသည့် ပစ္စည်းတန်ဖိုးသည် ကျပ် သိန်းပေါင်း ၄ သိန်းခန့် ရှိကြောင်း သိရ သည်။
ဆုံးရှုံးထားသည့် ပစ္စည်းများ ပြန်ရရှိရန် တရားစွဲဆိုမှုကို ပလပ်ခံလိုက်ရသည့် အတွက် ခရိုင်၊ တိုင်း အဆင့်ဆင့် တရားရုံးများကို ဆက်လက် တိုင်ကြားသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ စစ်ဆေး ဆောင်ရွက်ခဲ့မှုများသည် တဖက်သတ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သကဲ့သို့ တရားလို ဘက်မှ တင်ပြခဲ့သည့် သက်သေများကို ဖတ်ကြားခြင်း၊ စစ်ဆေးခြင်း မလုပ်ဘဲ တရားခွင်ကို တံခါးပိတ် စစ်ဆေးခြင်း များ လုပ်ဆောင်ခဲ့ကြောင်း တသသက ပြောသည်။
ထိုသို့ စစ်ဆေးခဲ့မှုများကို မကျေနပ်သည့် အတွက် တရားစီရင်ရေးနှင့် ပတ်သက်၍ စဉ့်ကူးမြို့နယ် တရားရုံးရှေ့၌ပင် လူမှုကွန်ရက် စာမျက်နှာပေါ် Live လွှင့်ခဲ့မှုကြောင့် ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်ကြောင်း သိရသည်။
တသသ၏ ပြုမူ လုပ်ဆောင်မှုသည် တရားသူကြီးနှင့် တရားရုံးများ အပေါ် အများပြည်သူက အထင်အမြင် လွဲမှားစေ သည်ဟု ဆိုကာ စဉ့်ကူးမြို့နယ် တရားသူကြီးက တရားလိုပြုကာ အဆိုတော် တသသကို ၆၆ (ဃ)ဖြင့် အမှုဖွင့်ရခြင်း ဖြစ်ကြောင်း ၂၀ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် တရားရေးဘက်မှ ပုဂ္ဂိုလ်များက ပြောဆိုထားသည်။
အဆိုပါ ရှင်းလင်းပွဲသို့ ဝင်ရောက်ခွင့် မရခဲ့ကြောင်း၊ ၎င်းအနေဖြင့် မန္တလေးတွင်လည်း သတင်းစာ ရှင်းလင်းပွဲ ထပ်မံ ပြုလုပ် သွားမည် ဖြစ်ကြောင်း တသသက ပြောဆိုသွားသည်။