သတင်း

တရုတ်သို့ မှောင်ခိုပို့မှုကြောင့် မြန်မာ့လိပ် မျိုးသုဉ်းမည့် အန္တရာယ် ကြုံနေဟု ဆို

မြန်မာနိုင်ငံသည် အာရှတွင် လိပ်မျိုးစိတ် အများဆုံး နိုင်ငံဖြစ်နေသော်လည်း တရုတ်နိုင်ငံသို့ တရားမဝင် မှောင်ခို တင်ပို့ မှုကြောင့် မျိုးသုဉ်း ပျောက်ကွယ်လု အန္တရာယ်ကို ကြုံတွေ့နေရကြောင်း လိပ်မျိုးဆက် ရှင်သန်ရေး အဖွဲ့မှ ဒေါ်ကလျာက ဧရာဝတီသို့ ပြောသည်။

ဒေါ်ကလျာက “တို့ဆီက မျိုးစိတ်အများဆုံး။ ဒါပေမယ့်် မှောင်ခိုတွေ ကြောင့်မို့လို့ မျိုးသုဉ်းနေတာပေါ့။ ၁၁ မျိုးထဲက ၈ မျိုးလောက်က မျိုးသုဉ်းဖို့ အလွန်နီးကပ်တဲ့ အဆင့်ကို ရောက်နေပြီ။ တရုတ်ပြည်ကို တရားမဝင် တင်ပို့ရောင်းချမှု အဲဒါက အဓိက ဖြစ်နေတာပေါ့”ဟုလည်း ၎င်းက ပြောဆိုသည်။

ယခုနှစ်တွင် ပြုလုပ်သည့် လိပ်မျိုးစိတ်နှင့် ပတ်သက်ပြီး လေ့လာ ကျွမ်းကျင်းသူများ အစည်းအဝေးတခု ဖြစ်သော IUCN Red List အစည်းအဝေးတွင် လိပ်မျိုးစိတ်ပေါင်း ၉၀ ကို ပြန်လည် သုံးသပ်ခဲ့ပြီး မြန်မာနိုင်ငံတွင်သာ ရှိသော ဒေသရင်း ဖွားမျိုးစိတ်မှာ ယခင်က ၈ မျိုး သတ်မှတ်ထားသော်လည်း ယခုနှစ် ၁၁ မျိုး သတ်မှတ် လိုက်ခြင်းကြောင့် အာရှတွင် မျိုးစိတ်အများဆုံး နိုင်ငံဖြစ်လာကြောင်း လိပ်မျိုးဆက် ရှင်သန်ရေး အဖွဲ့မှ သိရသည်။

သတ်မှတ်လိုက်သည့် လိပ်မျိုးစိတ် ၁၁ မျိုး ဖြစ်သော မြန်မာ အနားပျော့လိပ်၊ မြန်မာ့ဖက်လိပ်၊ မြန်မာ့လေးကွက်လိပ်၊ မြန်မာ့တိုက်လိပ်၊ ရှမ်းကြီး လက်မောင်းလိပ်၊ မြန်မာ့ကြယ်လိပ်၊ မြန်မာစင်းလျောလိပ်၊ မြန်မာမျက်လုံးလိပ်၊ ရခိုင် တောင် လိပ်၊ မြန်မာ လိပ်ပုပ်ကြီး၊ မြန်မာ့လိပ်ရင်ကျိုး တို့မှာ မြန်မာနိုင်ငံတွင်သာ ရှိသောဒေသရင်းဖွား မျိုးစိတ်များမှာ ဖြစ်ပြီး ကုန်းလိပ် ၁ မျိုး၊ အနားပျော့လိပ် ၄ မျိုးနှင့် ကျန်မျိုးစိတ်များမှာ ကုန်းနေ၊ ရေနေ မျိုးစိတ်များ ပါဝင်ကြောင်း သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) WCS Myanmar က ထုတ်ပြန်ထားသည်။

မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသော အဆိုပါ လိပ်မျိုးစိတ်များကို သစ်တော ဦးစီးဌာနနှင့် အတူ သားငှက် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)၊ လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့တို့က ပူးပေါင်း၍ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက် လျက် ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်သည်။

“မြန်မာဌာနေရင်းဖွားက ၁၁ မျိုးပေါ့။ ဒီ ၁၁ မျိုးက မြန်မာနိုင်ငံမှာပဲ တွေ့ရတယ်။ တခြား ဘယ်နိုင်ငံမှာမှ မတွေ့ရဘူး။ တခြားမျိုးတွေက မြန်မာနိုင်ငံရော တခြားအရှေ့တောင် အာရှနိုင်ငံတွေရော ရှိတာပေါ့။ မျိုးသုဉ်းဖို့က မြန်မာနိုင်ငံ တနိုင်ငံ တည်း မဟုတ်ဘူး။ အရှေ့တောင်အာရှ နိုင်ငံတွေ အကုန်လုံးက မျိုးသုဉ်းမယ့် အန္တရာယ်ကို နီးကပ်စွာ ခံစား နေရ ပြီ။ အရမ်း စိုးရိမ်ပူပန်ရတဲ့ အဆင့်မှာရှိတာပေါ့” ဟု လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ ဒေါ်ကလျာက ပြောသည်။

၂၀၁၈ ခုနှစ် IUCN Red List အစည်းအဝေးတွင် လိပ်မျိုးစိတ်ပေါင်း ၉၀ ကို ပြန်လည် သုံးသပ်ခဲ့ပြီး ယခင်က အရှေ့ တောင် အာရှတွင်သာ ရှိသော အနားပျော့လိပ် ဟူ၍ စုပေါင်း သတ်မှတ်ထားရာမှ ယခု အစည်းအဝေးတွင် မြန်မာ့ အနား ပျော့လိပ် ဟူ၍ သီးသန့်ပြန်ခွဲကာ တမျိုးထပ်တိုးခဲ့ကြောင်း အစည်းအဝေး ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ယခင်က ဒေသရင်းဖွား မျိုးစိတ် ၈ မျိုးအနက် မျိုးစိတ်ခွဲ ၂ မျိုးအဖြစ် သတ်မှတ်ထားခဲ့သော မြန်မာ့လိပ်ရင်ကျိုး နှင့် မြန်မာလိပ်ပုပ်ကြီး တို့မှာ ယခုအစည်းအဝေးတွင် မျိုးစိတ်ခွဲ မဟုတ်တော့ဘဲ မျိုးစိတ် တမျိုးစီအဖြစ် သီးသန့် သတ်မှတ်လိုက်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံ အသီးသီးတွင် စားသောက်ရန်၊ ဆေးဖော်စပ်ရန်နှင့် အိမ်မွေး တိရစ္ဆာန်အဖြစ် ရောင်းချရန် အတွက် တရားမဝင် ရောင်းဝယ် ဖောက်ကားမှုများ ရှိနေခြင်းကြောင့် ရှားပါး လိပ်မျိုးစိတ်များမှာ မျိုးသုဉ်း ပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း အဆိုပါအဖွဲ့အစည်းများက ဆိုသည်။

မြန်မာနိုင်ငံတွင် ဒေသရင်းမျိုးစိတ် (၁၁) မျိုး အပါအဝင် ကုန်းလိပ်၊ ရေချိုလိပ် ၂၆ မျိုးနှင့် ပင်လယ်လိပ် ၅ မျိုးရှိကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်များ ထိန်းသိမ်းရေး ဌာနခွဲမှ သိရသည်။

IUCN Red List အစည်းအဝေးကို The IUCN/SSC Tortoise and Freshwater Turtle Specialist Group (TFTSG) အဖွဲ့က ကျင်းပခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးအား ၄ နှစ် သို့မဟုတ် ၅နှစ် တကြိမ် ကျင်းပလေ့ရှိပြီး မျိုးစိတ်များ၊ မျိုးရင်းများ၊ မျိုးခွဲများ သတ်မှတ် ခြင်း၊ မျိုးစိတ်သစ်များ ဖော်ထုတ်ခြင်း၊ အထူးဂရုပြု ကာကွယ် စောင့်ရှောက်ရမည့် မျိုးစိတ်များ ဖော်ထုတ်ခြင်း တို့ကို ပြုလုပ်လေ့ ရှိကြောင်း သိရသည်။

TFTSG အဖွဲ့သည် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ယူနီယံ၏ ကော်မရှင် ၆ခု အနက် တခု အပါ အဝင် ဖြစ်သည့် မျိုးစိတ်များ ရှင်သန်ရေး ကော်မရှင်၏ အလုပ်အဖွဲ့တခု ဖြစ်ပြီး ကုန်းနေရေနေ လိပ်များ လေ့လာခြင်း နှင့် စောင့်ကြည့် ထိန်းသိမ်းရေးကို အဓိက လုပ်ကိုင်သည့် အဖွဲ့အစည်း ဖြစ်သည်။

Loading