သတင်း

ဦးဝင်းမြင့်ကို ဒုသမ္မတ အဖြစ် ပြည်သူ့လွှတ်တော် ရွေးချယ်တင်မြှောက်

Want create site? Find Free WordPress Themes and plugins.

နုတ်ထွက်သွားသည့် နိုင်ငံတော် သမ္မတ ဦးထင်ကျော် နေရာတွင် အစားထိုး တာဝန်ယူရန်အတွက် ဒုသမ္မတ ရွေးချယ်တင် မြှောက်ခြင်းကို ယနေ့ ပြည်သူ့လွှတ်တော်တွင် ပြုလုပ်ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် ရွေးချယ် ခြင်းခံရ သည်။

ထိုသို့ ရွေးကောက် တင်မြှောက်ရာတွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့် ဦးဝင်းမြင့်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့် အဆိုပြုခဲ့ ခြင်း ဖြစ်ပြီး တနင်္သာရီတိုင်း သရက်ချောင်း မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး က ထောက်ခံခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး ကို ဇေယျာသီရိ မြို့နယ်မှ ဗိုလ်ချူပ်ကြီးဟောင်း ဦးလှဌေးဝင်းက အဆိုတင်သွင်းခဲ့ပြီး မိတ္တီလာ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ထောက်ခံခဲ့သည်။

လျို့ဝှက်ဆန္ဒမဲ စနစ်ဖြင့် ဒုသမ္မတ တဦးကို ပြန်လည်ရွေးချယ်ရာတွင် စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ ၃၀၄ မဲတွင် ဦးဝင်းမြင့်ကို ထောက်ခံသည့် ဆန္ဒမဲ ၂၇၃ မဲ ရရှိပြီး ဦးသောင်းအေးကို ထောက်ခံသည့် ဆန္ဒမဲ ၂၇ မဲ ဖြစ်ခြင်းကြောင့် ဦးဝင်းမြင့်သည် ဒုသမ္မတ အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ဒု သမ္မတလောင်း အဖြစ် ရွေးချယ်ခံရသည့် လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်က “အားလုံးကို ကျေးဇူးတင်ကြောင်း” ယနေ့ အစည်းအဝေးအပြီးတွင် မီဒီယာများသို့ ပြောဆိုခဲ့ပြီးနောက် ၎င်း၏ မျှော်လင့်ချက်၊ ဆောင်ရွက်ချက်များကို မကြာမီ ထုတ်ဖော် ပြောဆိုပေးမည်ဟု ပြောကြားသွားခဲ့သည်။

ဦးဝင်းမြင့်ကို အဆိုပြု ထောက်ခံခဲ့သည့် ဒေါက်တာ မေဝင်းမြင့်က “ပါတီရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ တကယ်ကိုလည်း ဦးဝင်းမြင့်ဟာ သမ္မတ နေရာနှင့် ထိုက်တန်တဲ့ အတွက် ပါတီက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ပါတီရဲ့ ဆုံးဖြတ်ချက်ကို ပါတီဝင် ဖြစ်တဲ့ သူတွေက ထောက်ခံပြီးတေ့ာ အဆိုတင်သွင်းတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဦးဝင်းမြင့်သည် တာဝန်ယူမှု တာဝန်ခံမှု စိတ်ထားမျိုးရှိသလို ပေးအပ်သည့် တာဝန်ကိုလည်း တိတိကျကျ လုပ်ဆောင်နိုင် သည့်အပြင် အရည်အချင်းပြည့်ဝသူလည်း ဖြစ်သဖြင့် လစ်လပ်နေသည့် သမ္မတနေရာတွင် ၎င်းကို တာဝန်ယူ ထမ်းဆောင် စေရန် အတွက် ပါတီမှ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ဒေါက်တာ မေဝင်းမြင့်က ဆိုသည်။

ဦးသောင်းအေးကို အဆိုတင်သွင်းခဲ့သည့် ဦးလှဌေးဝင်းက “ဦးသောင်းအေးဟာ တပ်မတော်ထဲမှာလည်း အဆင့်မြင့် တာ ဝန် တွေကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့တယ်။ အခု လွှတ်တော်ထဲရောက်တဲ့ အချိန်မှာလည်း ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှာ သူက တက်တက်ကြွကြွနဲ့ အကြံကောင်း ဉာဏ်ကောင်း ပေးနိုင်တဲ့သူ ဖြစ်တယ်။ ဒါကြောင့် ဒီထက် အဆင့်မြင့်တဲ့ တာဝန် ထမ်းဆောင်ရင်လည်း အောင်မြင်အောင် ထမ်းဆောင်နိုင်မယ့် ပုဂ္ဂိုလ် တယောက် ဖြစ်မယ်ထင်လို့ ဒီထက်ကောင်းတဲ့နေရာ ရနိုင်မလားလို့ အခုလို အကြံပြုရခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရွေးချယ်ခံရသူ ဦးဝင်းမြင့်သည် ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူမြို့နယ်တွင် မွေးဖွားခဲ့ကာ လက်ရှိ အချိန်တွင် အသက် ၆၇ နှစ်ရှိပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ရရှိခဲ့သည်။

NLD မှ လွှတ်တော်တွင် နေရာ အများစု ရရှိခဲ့သည့်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ဦးဝင်းမြင့် တာဝန် ပေးအပ် ခြင်း ခံရသည်။

ရခိုင် အမျိုးသား ပါတီဝင် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ဦးဝင်းမြင့် သမ္မတကြီး ဖြစ်မယ်ဆိုတာ အစတည်းက သိပြီးသားပါ။ မဲကလည်း သူအများကြီး ရမယ်ဆိုတာ သိပြီးသားပါ။ လွှတ်တော် ထဲ မှာ တာဝန် ထမ်းဆောင်တာလည်း သူ့အလုပ်ကို သူပီပြင်အောင် ထမ်းဆောင်နိုင်ခဲ့တယ်။ အစိုးရပိုင်းက လာဖြေတဲ့ အပေါ် မှာလည်း သူ့အနေနဲ့ လမ်းညွှန်မှုတွေ အများကြီး လုပ်ပေးနိုင်ခဲ့ပါတယ်” ဟု မီဒီယာများကို ပြောသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော် က တင်သွင်းလိုက်သည့် ဒုသမ္မတ ဦးဝင်းမြင့်နှင့် လက်ရှိ ယာယီ သမ္မတ ဦးမြင့်ဆွေ၊ ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူ တို့ ၃ ယောက်ထဲမှ သမ္မတ နှင့် ဒု သမ္မတ များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များက မတ်လ နောက်ဆုံး အပတ်ထဲတွင် မဲပေးကာ ရွေးချယ် တင်မြှောက်သွားမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading