ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံသား နှစ်ဦး၏ အယူခံကို ချေဖျက် နိုင်ရေး အတွက် ထိုင်းရှေ့နေများက လျှောက်ထားချက်အပေါ် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) က လက်ခံလိုက် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော အယူခံ တင်ထားမှုအား ချေဖျက်နိုင်ရန် အတွက် ထိုင်းအစိုးရ ရှေ့နေများက လျှောက်ထားခြင်းကို မတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး ကလက်ခံလိုက်ခြင်း ဖြစ်သည်။
ဦးအောင်မျိုးသန့် က “အစိုးရရှေ့နေဘက်က လျှောက်လဲချက်ကို လက်ခံပြီးတဲ့ အခါမှာ ဒီဟာကို သုံးသပ်ပြီးလို့ရှိရင် သူတို့ အနေနဲ့ နောက်ဆုံး အမိန့်ချမယ့် ရက်ကို တရားလို၊ တရားခံဘက်ကို အကြောင်းကြားပါမယ်။ ၂ လအတွင်း အကြောင်းကြား မှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော နောက်ဆုံး အယူခံလျှောက်ထားမှုအား ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် လက်ခံ စစ်ဆေးခဲ့သည်။
ထိုအယူခံတွင် မြန်မာ ၂ ဦး သေဒဏ်ချမှတ်ခံရသည့် အမှုသည် မူလကတည်းက ပီပြင်ခိုင်လုံသော အထောက်အထားများ မရှိခြင်း၊ လူသတ်လက်နက်တွင် မျိုးဗီဇ (DNA) မတွေ့ရှိ ခြင်း၊ အဓမ္မပြုကျင့် ခံထားရသော အမျိုးသမီး၏ အဝတ်အစားများကို DNA စစ်ဆေးထားမှု မရှိခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရပြီး ထိုအခြေအနေများကို ထိုင်းအစိုးရ ရှေ့နေများ အနေဖြင့် ချေဖျက်နိုင်ရေး ကြိုးပမ်းနေခြင်း ဖြစ်သည်။
လိပ်ကျွန်းအမှုနှင့်ပတ်သက်၍ “သံရုံးအနေနဲ့ကတော့ တောက်လျှောက်ပါဝင်နေမှာပါ။ အမိန့်ချလို့ ပြစ်ဒဏ်လျော့သည်ဖြစ်စေ၊ လွတ်သွားသည် ဖြစ်စေ၊ နောက်ဆုံး သေဒဏ်ဆက်ကျလို့ အသနားခံစာတင်ရသည်ဖြစ်စေ အားလုံး သံရုံးကတော့ ဆက်လုပ် ပေးသွားမှာဘဲ” ဦးအောင်မျိုးသန့် က ပြောသည်။
သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသား ၂ ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့သည် ထိုင်းအကျဉ်းထောင် ထဲတွင် ထိန်းသိမ်းခံထားရပြီး ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်းသိရသည်။
ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိုင်ငံသား နှစ်ဦး သတ်မှုဖြင့် တရားစွဲဆို၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။
ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံသား နှစ်ဦး ဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေ များ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့ရာ ထိုင်းအစိုးရ အယူခံ တရားရုံး က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထပ်မံပယ်ချခြင်း ခံခဲ့ရသည်။
လူသတ်မှုနှင့်ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲများက ကနဦးထုတ်ပြန် ကြေညာ ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက် ဝန်ခံခိုင်းခဲ့ခြင်းကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှု မကျူး လွန်ကြောင်း ထွက်ဆိုထားသည်။
ဗြိတိန် နိုင်ငံသားနှစ်ဦး ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်း ကမ်းခြေအနီးတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့လည်း ဝေဖန်ခံနေရသည်။
ငြိမ်းငြိမ်း ပူးပေါင်းပါဝင်ရေးသားသည်။