သတင်း

မဆလပါတီ သဘောတရားရေးရာ ပြုစုသူ အညမည ဦးချစ်လှိုင် ကွယ်လွန်

Want create site? Find Free WordPress Themes and plugins.

တိုင်းပြည်ကို ၂၆နှစ်တာ အုပ်ချုပ်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ သဘောတရားရေးရာ များကို ဗိုလ်ချုပ်ကြီး နေဝင်း၏ တာဝန်ပေးချက်အရ ရေးသားပြုစုခဲ့သူ ဦးချစ်လှိုင်(စာရေးဆရာ ကိုကိုမောင်ကြီး) အသက်၉၂နှစ် သည် မတ်လ ၂၄ရက်နေ့က ရန်ကုန်ဆေးရုံကြီးတွင် လူကြီးရောဂါ ဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

အညမည ဦးချစ်လှိုင်ဟု လူသိများသည့် စာရေးဆရာ ကိုကိုမောင်ကြီးသည် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု ၌ ၁၉၃၉ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ကျင်လည်ခဲ့သူဖြစ်ပြီး၊ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ် အစ ဦးချစ်လှိုင်ကဟု ပြောရလောက် အောင်ပင် ၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ့ တော်လှန်ရေး ကောင်စီ အာဏာသိမ်းပြီး ၁၉ရက်အကြာ “ဗမာနည်းကျသော ဆိုရှယ်လစ်ဝါဒ ဟူသော စာတမ်းကို ပြုစုကာ ဗိုလ်ချုပ်ကြီး နေဝင်းထံ တင်ပြခဲ့သူဖြစ်သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အမှတ်သညာတခုဖြစ်သည့် “လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား” ဆို သည့် အဖုံးအပြာရောင်နှင့် တွေးခေါ်မြှော်မြင်ရေး စာအုပ်များကို အမြုတေပါတီဘ ဝကပင် ရေးသားပြုစုသူ ဖြစ်သကဲ့သို့ ၁၉၆၃ ခုနှစ် ဇူလိုင်လတွင် ပထမဆုံးဖွင့်လှစ်သည့် ဗဟိုနိုင်ငံရေး တက္ကသိုလ်ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည်။

ကသာမြို့သား ဦးချစ်လှိုင်သည် နိုင်ငံရေးအရ ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း စုံလင်စွာ ဝင်ဖူးသူဟုပင် ဆိုရ မည်။ ဒုတိယကမ္ဘာစစ် အတွင်း သခင်စိုးရေး သားသည့် ဆိုရှယ်လစ်ဝါဒ ကျမ်းစာအုပ်ကို ဖတ်ရှု့ပြီး နောက်တွင် ကွန်မြူနစ်ဝါဒကို စိတ်ဝင်စားလာ ရာ သူ၏ လက်ဦးဆရာ မှာ သခင်စိုးဖြစ်လာ၏။

၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) သို့ ဝင်ရောက်ခဲ့ပြီး နောင် ကွန်မြူနစ်ပါတီ၏ တပ်နီဗိုလ်ချုပ်ဖြစ် လာသူ ဗိုလ်သိန်းတန်ထံမှ ကွန်မြူနစ် ကြေညာစာတမ်းကို ဖတ်ရှု့ပြီးနောက် ကွန်မြူနစ်ဖြစ်လာပြီးနောက် ဂျပန်တော်လှန် ရေး၏ မြေအောက်တပ်သားအဖြစ် ပါဝင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းစသည့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များအကြား အထူး ဆက်သားအဖြစ် တာဝန်ယူခဲ့သည်။

သခင်စိုးကို အထူးကြည်ညိုပြီး ကွန်မြူနစ်ပါတီ အကွဲအပြဲအပြီး အလံနီပါတီသို့ ယိမ်းခဲ့သော်လည်း သခင်စိုး၏ ဗိုလ်ချုပ် အောင်ဆန်းအပေါ် ဝေဖန်မှုကြောင့် အလံနီပါတီနှင့် ခွာပြဲခဲ့သည်ဟု သူ့အဆိုအရ သိရသည်။
သို့သော် နောက်ပိုင်း လွတ်လပ်ရေး အကြိုခေတ်တွင် မြန်အောင်သခင်ချစ်မောင်၏ ကောင်းမှုဖြင့် ဆိုရှယ်လစ်ပါတီသို့ ရောက်ရှိကာ မက့်ဝါဒနှင့် ပတ်သက်သည့်သင်တန်းများကို ပို့ချပေးခဲ့သည်။

လွတ်လပ်ရေးရပြီး ဆိုရှယ်လစ်ပါတီ၏ တာဝန်ပေးချက်အရ အင်ဒိုချိုင်းနားဒေသ လွတ်မြောက်ရေး တိုက်ပွဲဝင်နေသည့် ဗီယက်နမ်တော်လှန်ရေးကို သွားရောက် ကူညီခဲ့သည်။

ပြည်တွင်းစစ်ကာလ ဦးဗဆွေ၏ ပြည်သူ့စာပေကော်မတီတွင် လုပ်ကိုင်နေရင်း ၁၉၅၁ ခုနှစ်တွင် အရှေ့ဥရောပနိုင်ငံ များ သို့ ထွက်ခွာရင်း ပြင်သစ်တွင် သောင်တင်ကာ ဆော်ဘွန်းတက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၅၄ ခုနှစ် ဗိုလ်မှူးချုပ် အောင်ကြီး၏ ဖုန်းဆက်ခေါ်ယူမှုကြောင့် မြန်မာပြည်သို့ ပြန်ခဲ့ရသည်။

ထိုအတွေ့အကြုံကို မြဝတီ မဂ္ဂဇင်းတွင် “ပါရီတွင် သောင်တင်စဉ်က”ဆိုသည့်အမည်ဖြင့် ဆောင်းပါးရှည်ကြီး ရေးသားခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ကွန်မြူနစ်များ၏ ဝါဒဖြန့်ချိရေးကို တုံ့ပြန်ရန် ဗိုလ်မှူးချုပ်အောင်ကြီး၏ အစီအမံဖြင့် ဂျာနယ်ကျော် ဦးစောဦး၊ ဗိုလ်သိန်းလှိုင်တို့နှင့် အတူ တပ်မတော် ပညာရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး(Psychological Warfare Department )တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ရာမှ ဦးနေဝင်းနှင့် နီးစပ်ခဲ့ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီတိုင် ဖြစ်သည်။

ဦးချစ်လှိုင်သည် ၁၉၇၁ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်မှ ထွက်ခဲ့သော်လည်း အာဏာရှင် ဦးနေဝင်းနှင့် အမြဲမပြတ် ထိတွေ့ ဆက်ဆံခဲ့သည်။

၁၉၉၅ ခုနှစ် ဇူလိုင်လတွင် တရားသူကြီးချုပ်ဟောင်း ဦးတင်အောင်ဟိန်းနှင့် အတူ ဦးနေဝင်းအား နောက်ဆုံး အကြိမ် သွား ရောက်တွေ့ဆုံစဉ် ဦးနေဝင်းက “ကိုယ့်လူတွေနဲ့ ကြုံတုန်း ပြောလိုက်ရဦး မယ်၊ ကိုယ့်အနေနဲ့ ဒီသံသရာတရားတွေ၊ သင်္ခါရ တရားတွေ၊ အနိစ္စ အနတ္တတရားတွေကိုသာ ဒီနေ့ သိမြင်သလို ဟိုတုန်းကများ သိခဲ့မယ်ဆိုရာ် ၁၉၆၂ ခုနှစ် မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါ ဘူး”ဆိုသည့် နိုင်ငံရေး သံဝေဂ တရားကို ပြောကြောင်း ဦးချစ်လှိုင်၏ “ကျွန်တော်သိသော တစ်ရံရော အခါများ” စာအုပ်တွင် ဖော်ပြထားသည်။

ထိုသို့ ဦးနေဝင်း၏ နိုင်ငံရေး သံဝေဂတရားကို ကြားနာလိုက်ရသည့် ဦးချစ်လှိုင်သည် “ဟယ်”ခနဲပင် ဖြစ်သွားသည်ဟု ရေး သားထားသည်။

ဦးချစ်လှိုင်၏ ရုပ်ကလာပ်ကို မတ်လ ၂၇ရက်နေ့တွင် သင်္ဂြိုလ်မည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading