ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ ကီမီရိုဗိုမြို့မှ ဆောင်းချယ်ရီ အမည်ရှိ လေးထပ်ကုန်တိုက်ကြီး တွင် မနေ့ညက မီး လောင်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၆၄ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောသည်။
မြို့တော် မော်စကို၏ အရှေ့ဘက် ကီလိုမီတာ ၃ထောင်အကွာရှိ ကီမီရိုဗိုမြို့ ကုန်တိုက်မီးလောင်မှုတွင် အနည်းဆုံး လူ ၁၆ဦး လည်း ပျောက်ဆုံးနေကြောင်း ရုရှား အရေးပေါ် ကယ်ဆယ်ရေးဝန်ကြီး ဗလာဒီမာ ပက်ချော့ဗ်၏ ပြောကြား ချက်ကို ကိုးကားပြီး တာ့စ် သတင်းက ဆိုသည်။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက စတင်ခဲ့သည့် မီးလောင်မှုကို ၁၂ နာရီကြာ ငြိမ်းသတ်ခဲ့ရပြီး ၁၆၀၀ စတုရန်းမီတာ အကျယ် အဝန်းမှာ လောင်ကျွမ်းပျက်စီးခဲ့ရပြီး အဆောက်အဦအတွင်း အပျက်အစီး များပြားကာ ခေါင်မိုးနှင့်ကြမ်းပြင်များမှာ တစစီ မီးသင့်ကာ ပြန့်ကျဲပဲ့ထွက်ခဲ့ရသည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်များအရ မီးလောင်နေသည်ကို အဆောက်အဦအတွင်းရှိ လူအများက အဆော တလျင်သိရှိခဲ့ကြကြောင်း၊ သို့သော် မီးလောင်မှု သတိပေး ဥသြသံစနစ် နှင့်လော်စပီကာများမှ သတိပေးသည့်အသံ ထွက်ပေါ်ခြင်းမရှိဟုလည်း ဆိုသည်။
မီးလောင်မှုဖြစ်ပွားချိန်တွင် ကလေးများအပါအဝင် လူရာနှင့််ချီ၍ ရှော့ပင်းမောလ်အတွင်း ရှိနေပြီး၊ မီးခိုးဖုံးလွှမ်းနေသည့် ကြားမှ ကုန်တိုက်အပေါ်ဆုံးမှ လူများသည် ထွက်ပေါက်ကို တွေ့ခဲ့ကြောင်း ဆိုသည်။
ဝမ်းနည်းစရာကောင်းသည့်သတင်းမှာ အချို့က ၎င်းတို့ကလေးငယ်များကို ရုပ်ရှင်ရုံ (သို့မဟုတ်) ကစားကွင်းအတွင်း ပိုင်ရှင်မဲ့ ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါရှော့ပင်းစင်တာသည် ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီ အိမ်မွေးတိရစ္ဆာန်ဥယျာဉ်၊ ကလေးကစားကွင်းနှင့် ဘိုးလိန်းအားကစားကွင်းတို့ ပါဝင်သည်။
အပေါ်ဆုံးထပ်မှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်သော်လည်း အကြောင်းရင်းကို လတ်တလောမသိ သေးပေ။ မှုခင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုများလည်း ကနဦးလုပ်ဆောင်နေပြီဖြစ်သည်။