သတင်း

ပုသိမ်ကြီးတွင် အိမ်အကူမိန်းကလေး ၁ ဦးကို အဓမ္မပြုကျင့်သူနှင့် ကြံရာပါများ ဖမ်းမမိသေး

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာ ၁ ရပ်ကွက်အတွင်း ဖေဖော်ဝါရီလအတွင်းက စတင် ဖြစ်ပွား သည့် အသက် ၁၇ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ် တဦး အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်ပြီး ရဲ စခန်းတွင် အမှု ဖွင့် တိုင်ကြားထားသော်လည်း ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ အိမ်အကူ မိန်းကလေးငယ်ကို အခန်းတွင်း၌ ပိတ်လှောင်ထား၍ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူ ဖိုးဝ(ခေါ်) ရဲမင်းထွန်း နှင့် ကြံရာပါ ၂ ဦးတို့ကို အရေးယူပေးရန် ပုသိမ်ကြီး မြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ထားသော် လည်း ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသော ဒေါ်အမာနီက ပြော သည်။

ယင်းသို့ အဓမ္မပြုကျင့် နှိပ်စက်သူများအား ဖမ်းဆီးရမိမှု မရှိသေးခြင်းနှင့် ပတ်သက်၍ မတ်လ ၂၁ ရက်က မန္တလေးမြို့၌ ပြုလုပ်သော အိမ်အကူ မိန်းကလေးမိသားစု၏ သတင်းစာ ရှင်းလင်းပွဲတွင်လည်း ၎င်းက ပြောဆိုထားသည်။

‘‘အမှုဖွင့် ပေးထားပါလျက်နဲ့ ဒီနေ့အချိန်ထိ ဖမ်းမိခြင်း မရှိသေးတာကိုတော့ စဉ်းစားလို့ကို မရဘူးဖြစ်နေတယ်။ တရား ခံ တွေ အခုလို ထွက်ပြေး တိမ်းရှောင်လို့ရအောင် တမင် အချိန်ပေးလိုက် သလိုပဲလို့ အန်တီမြင်တယ်။ တရားခံနေတဲ့ အိမ်နဲ့ ဆိုင်က ရဲစခန်းက မျက်စောင်းထိုးမှာပဲ ရှိတယ်။ အဲဒီလိုရှိတာကို ရဲစခန်းက ဘာလို့ တရားခံကို ချက်ချင်း မဖမ်း တာလဲ။ ငွေယူထားလို့ မဖမ်းတာလာ၊ ဝိတ်ရှိလို့ မဖမ်းတာလား၊ အင်အားကြီးနေလို့ မဖမ်းတာလား’’ဟုလည်း ဒေါ်အမာနီ က ပြောဆိုသည်။

ပုသိမ်ကြီး မြို့နယ် ရဲစခန်းမှ တာဝန်ကျ တာဝန်မှူး က‘‘ကျနော်တို့ ဖမ်းဆီးရမိဖို့ ကြိုးပမ်းဆောင်ရွက် နေပါတယ်’’ဟု ဧရာဝတီ သို့ ယနေ့ ပြောသည်။

မတ္တရာမြို့နယ်တွင် နေထိုင်သည့် အိမ်အကူ မိန်းကလေးကို မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာ (၁) ရပ် ကွက် ရှိ မအိမွန်၏ နေအိမ်၌ ကလေးထိန်း၊ အိမ်အကူ အလုပ်လုပ်ကိုင်ရန် တလ ရှစ်သောင်း ကျပ်ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ အမေဖြစ်သူက ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အိမ်အကူအဖြစ် အလုပ်ဝင်ပြီး ၁၀ ရက်ခန့်အကြာ၌ အိမ်ရှင် မအိမွန်၏ အစ်ကိုဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဖိုးဝ(ခေါ်) ရဲမင်းထွန်းသည် အိမ်အကူမိန်းကလေးအား ပေးထားသော အိပ်ခန်းပြတင်းပေါက်ကို ခိုးဖွင့်ဝင်ရောက်ပြီး အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုသည်။

ဒေါ်အမာနီ က‘‘သမီးလေးက ကရင်မြန်မာမလေး ၉ တန်းနဲ့ ကျောင်းထွက်ပြီး ကလေးထိန်း ကူညီပေးပါဆိုလို့ မအိမွန် အိမ်မှာ အလုပ်လုပ် ခဲ့တာ။ မအိမွန်ရဲ့ မိဘတွေ မင်္ဂလာနှစ် ၄၀ ပြည့်ပွဲညမှာ မအိမွန်ရဲ့အစ်ကိုက သမီးလေးကို ပေး ထားတဲ့ အခန်းပြတင်းပေါက်က ဓားမြှောင်ကိုင် ဝင်ရောက်ပြီး ပါးစပ်ပိတ်ပြီးတော့ အော်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက် ပြီး မုဒိမ်းကျင့်တယ်လို့ သိရတယ်’’ဟု ပြောပြသည်။

ထိုသို့ အဓမ္မပြုကျင့်ခဲ့ခြင်းအပြင် မီးဖိုချောင်၌ အလုပ်လုပ်နေစဉ် ထပ်မံ၍ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း၊ မတ်လ ၂ ရက် က အလုပ်နားရက် တရက်ရသဖြင့် အိမ်အကူ မိန်းကလေးသည် မိခင်နေအိမ်သို့ပြန်စဉ် မတ်လ ၃ ရက် ည ၈ နာရီခွဲ အချိန်တွင် ဖိုးဝ(ခ) ရဲမင်းထွန်းက ကားဖြင့် ရောက်လာပြီး အလုပ်ကိစ္စ အရေးကြီးသည်ဟု ဆိုကာ ပြန်လည် ခေါ်ဆောင် ခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ရဲစခန်း သို့ တိုင်ကြားထားသည့် တိုင်တန်းစာတွင် ထည့်သွင်းရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

အိမ်အကူ မိန်းကလေး၏ အမေ ကလည်း‘‘ကျမက အကျိုးအကြောင်း မသိသေးတော့ ယုံကြည်ရတဲ့ မိသားစုဖြစ်နေ သောကြောင့် ပြန် ထည့်လိုက်မိတယ်။ ပိုက်ဆံပေးစရာ ရှိလို့ လစာ ၈သောင်းက ကြိုထုတ်ထားပြီးသား ဖြစ်နေပြီ ဆိုတော့ သူတို့ကလည်း ယုံကြည်လောက်အောင်ထိ ပြောတယ်။ ဒါကြောင့် ယုံကြည်စိတ်ချလို့ ပြန်ထည့်ပေးမိလိုက် တာပါ’’ဟု ပြောသည်။

မတ်လ ၃ ရက်က လာရောက် ခေါ်ဆောင်သူ ဖိုးဝ(ခ)ရဲမင်းထွန်းမှာ အလုပ်လုပ်သည့် နေအိမ်သို့ ခေါ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ ဟိုတယ် တခုသို့ ခေါ်ဆောင်ပြီး မူးယစ်ဆေးဝါးများ တိုက်ကျွေးကာ ထပ်မံ၍ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ သည်ဟု ဆိုသည်။

‘‘ဟိုတယ်ရောက်တော့ ကျမကို ပန်းရောင်ဆေးပြား ငါးပြားလောက်ကို ရေသန့်ဘူးထဲ ရေထည့်ထားတယ်။ အောက်က ခဲ ပြားလား မသိဘူး ရှူခိုင်းတယ်။ အဲဒါရှူပြီးတော့ လူက ဘယ်လိုဖြစ်လည်း မသိဘူး။ ဘာဖြစ်လို့ဖြစ်မှန်းကို မသိတော့ ဘူး။ သူက အကြိမ်ကြိမ်ပြုကျင့်တယ်။ ကျမ ဘာမှ ပြန်မလုပ်နိုင်ဘူးလေ။ သူ့ကိုလည်း ကြောက်ရတယ်။ သူလာခေါ်တဲ့ နေ့က သေချင်တဲ့ စိတ်ပဲ ရှိတော့တယ်’’ဟု အဓမ္မပြုကျင့် ခံရသူ အိမ်အကူ မိန်းကလေးက မတ်လ ၂၁ ရက်က ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောပြသည်။

ဖိုးဝ(ခေါ်)ရဲမင်းထွန်းသည် သားမယားအဖြစ် ပြုကျင့်နေပုံများကို လက်ကိုင်ဖုန်းဖြင့် ဗီဒီယိုမှတ်တမ်း ရိုက်ယူထားပြီး ထိုဗီဒီယို မှတ်တမ်းအား ပြန်လည်ပြသ၍ အခြားသူများကို ပြောပါက အွန်လိုင်းတင်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ မတ်လ ၄ ရက်တွင် အလုပ်လုပ်သည့် နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားပြီး နေအိမ်အပြင်သို့ အထွက်မခံဘဲ အိမ် နောက်ဘက် တိုက်တွင် ၅ ရက်တိတိ သော့ပိတ်ထားကာ အလိုမတူဘဲ ထပ်မံပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ အဓမ္မ မပြုကျင့် မီ အချိန်တွင် ပန်းရောင် ဆေးပြား ၄ပြား တနေ့တကြိမ် တိုက်ခဲ့ကြောင်း တို့ကို ရဲစခန်း တိုင်ကြားစာတွင် ထည့်သွင်း ရေးသားထားသည်။

‘‘သမီးကို အခန်းတခန်းထဲမှာ ပါးစပ်ကို တိပ်နဲ့ပိတ် လက်ပြန်ကြိုးတုပ်ပြီး ပိတ်လှောင်ထားတယ်။ သူများတွေကို ပြောရင် အက်ဆစ်နဲ့ မျက်နှာကိုပက်မယ် နင့်တကိုယ်လုံး ရေချိုကန်ထဲ အက်ဆစ်နဲ့စိမ်ပြီး အရည်ဖျော် သတ်ပစ်မယ် ပြောပြီး ဓားနှောင့်နဲ့ ရိုက်ပါတယ်။ ဒါကြာင့် ကြောက်ပြီး ဘယ်သူကိုမှ မပြောဖြစ်ခဲ့ဘူး’’ဟု အဓမ္မပြုကျင့် ခံခဲ့ရသည့် မိန်းကလေး က ပြောပြသည်။

ထိုဖြစ်စဉ်များကို ဖိုးဝ(ခေါ်)ရဲမင်းထွန်း၏ အစ်မနှင့်ညီမ ဖြစ်သူတို့က ပြန်လည် တိုင်ကြားခြင်း မပြုရန် ပြောဆို ခြိမ်းခြောက် ၍ ရိုက်နှက်ခဲ့ခြင်းများအပြင် မအိမွန်က ၎င်း၏ခင်ပွန်းနှင့် အိမ်အကူ မိန်းကလေးတို့ ဖောက်ပြန်နေသည့် ပုံစံဖြင့် အိမ်အကူ မိန်းကလေး ကိုင်သည့်ဖုန်းမှတဆင့် မအိမွန်၏ ယောကျ်ားကိုင်သော ဖုန်းသို့ မက်ဆေ့များပို့၍ ထင်ယောင် ထင်မှား ဖြစ်စေရန်လည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

‘‘ဖိုးဝရဲ့ ညီမဖြစ်သူ မအိမွန်က သူ့ယောကျာ်းနဲ့ သမီးလေးနဲ့ ချစ်ကြိုက်နေပါတယ်လို့ လိမ်ညာပြောဆိုခိုင်း ဖုန်းပြောခိုင်း၊ မက်ဆေ့ ပို့ခိုင်းတာတွေကို မလုပ်တာကြောင့် ရိုက်နှက်ထားပါတယ်။ အခု သမီးလေးရဲ့ ဘယ်ဘက်နား တဖက် မကြား ရတော့ဘဲ ကိုင်လို့ကိုင်မှန်းမသိ ထုံကျင်နေပါတယ်’’ ဟု ဒေါ်အမာနီက ပြောသည်။

ထိုသို့ ရိုက်နှက် နှိပ်စက်မှုများကြောင့် နားတွင် ဖူးရောင်ဒဏ်ရာ၊ လက်မောင်း၊ လက်ဖျံ ဖူးရောင်ဒဏ်ရာ စသည့် အညိုမည်း ဒဏ်ရာများ ရရှိခဲ့ပြီး ပိတ်လှောင်ထားသည့် အခန်းတွင်းမှ အိမ်ရှင်များအလစ်၌ ပြတင်းပေါက်မှ ခုန်ချ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း အဓမ္မပြုကျင့်ခံခဲ့ရသည့် မိန်းကလေးက ပြောပြသည်။

အဓမ္မပြုကျင့်ပြီး အခန်းတွင်း ပိတ်လှောင်နှိပ်စက်ခဲ့သူ ဖိုးဝ(ခ)ရဲမင်းထွန်းနှင့် ၎င်း၏ အစ်မနှင့် ညီမတို့ကို အရေးယူပေး ရန် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိမ်းမှု၊ မတရား ပိတ်ပင် ချုပ်နှောင်ထားမှု ပုဒ်မ ၃၄၃၊ နာကျင်စေမှု ပုဒ်မ ၃၂၃၊ ရာဇဝတ် မှု မကင်းသော ခြောက်လှန့် ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆၊ ပြစ်မှု ကျူးလွန်ရန် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် ပုသိမ်ကြီးမြို့နယ် ရဲစခန်းတွင် မတ်လ ၁၄ ရက်က အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

‘‘အတင်းအဓမ္မ အလိုမတူဘဲ အဓမ္မပြုကျင့်တာ၊ ခြိမ်းခြောက် နှိပ်စက်ကြသူတွေကို အမှုဖွင့်ပေးထားတာ မှန်ပါ တယ်။ အမှု ဖွင့်ပြီးတော့ တရားခံတွေကို သွားဖမ်းတော့ ထွက်ပြေး တိမ်းရှောင်သွားကြတယ်။ တရားခံ ဖမ်းဆီးရမိဖို့ ကျနော် တို့ ဆောင်ရွက်နေပါတယ်။ တရားခံတွေကို လိုက်လံ ဖမ်းဆီးနေပြီ ဖြစ်ပါတယ်’’ဟု ပုသိမ်ကြီး မြို့နယ် ရဲစခန်း မှ အမည် မဖော်လိုသော ရဲအုပ်တဦးက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading