၂၀၁၈ ခုနှစ်အတွက် အိန္ဒိယ- မြန်မာရေတပ်အချင်းချင်း ပူးတွဲစစ်ရေးလေ့ကျင့်ရန် မြန်မာစစ်သင်္ဘော များဖြစ်သည့် ဆင်ဖြူရှင် နှင့် အင်းလေး တိုက်ရေယာဉ်များ ဝိရှာခါပက်နန်ဆိပ်ကမ်းသို့ ဆိုက်ရောက် လာကြောင်း အိန္ဒိယသတင်းများက ဆိုသည်။
စစ်ရေးလေ့ကျင့်မှုကို အဆင့်နှစ်ဆင့်ခွဲ၍ လေ့ကျင့်ရန် စီစဉ်ထားပြီး ဆိပ်ကမ်းအဆင့် (မတ်လ ၂၅ ရက်မှ ၃၀ ရက်အထိ) နှင့် ပင်လယ်ပြင်အဆင့် (မတ်လ ၃၁ ရက်မှ ဧပြီလ ၃ ရက်အထိ) သတ်မှတ်ထားသည်။
ယခုလေ့ကျင့်မှုမှာ နှစ်ဘက်ရေတပ်များအကြား ဆိပ်ကမ်းနှင့်ပင်လယ်ပြင် ကျွမ်းကျင်မှုအဆင့် မြှင့်တင်ရန် ရည်ရွယ်ထား ပြီး နှစ်နိုင်ငံရေတပ်များကြား အပြန်အလှန်စစ်စွမ်းရည်တိုးမြှင့် နိုင်မည်ဖြစ်သည်။ မြန်မာရေတပ်သည် မကြာသေးမီ ဘလဲယားဆိပ်ကမ်းတွင်ပြုလုပ်သည့် MILAN-18 ရေကြောင်းသင်ခန်းစာကို ပါဝင်လေ့ကျင့်ခဲ့သေးကြောင်း သိရသည်။
ပူးတွဲလေ့ကျင့်မှုတွင် အိန္ဒိယရေတပ်မှ INS ဆာဟာဒရီ(ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ကိုယ်ပျောက် စစ်သင်္ဘော)၊ ဖျက်သင်္ဘော INS ကာမော်တာ၊ Chetak ရဟတ်ယာဉ် တစီး၊ Hawk သင်ကြားရေးသုံး အဆင့်မြင့်ဂျက်တိုက်လေယာဉ် နှစ်စီးနှင့် ရေငုပ်သင်္ဘောတစီးတို့ပါဝင်သည်။
ဆိပ်ကမ်းအဆင့်လေ့ကျင့်မှုတွင် အစီရင်ခံ တင်ပြခြင်း၊ လက်တွေ့သရုပ်ပြခြင်း၊ ကျွမ်းကျင်မှုဆွေးနွေး ခြင်း၊ လူမှုရေးအပြန် အလှန်ဖလှယ်ခြင်း၊ ကုန်းပတ်ချင်း အပြန်အလှန်လည်ပတ်ခြင်းနှင့်အားကစား ကဏ္ဍတို့ ပါဝင်သည်။
ပင်လယ်ပြင်အဆင့်လေ့ကျင့်မှုတွင် စစ်ရေယာဉ်အုပ်စုလေ့ကျင့်ခြင်း၊ ရေငုပ်ဖျက်စစ်ဆင်ရေးသင်ခန်းစာ ချိတ်ဆက်ခြင်း နှင့် ပစ်ခတ်ခြင်းစသည်ဖြင့် စစ်ဆင်နည်းများပေါင်းစပ်လေ့ကျင့်သွားမည်ဖြစ်သည်။
အိန္ဒိယရေတပ်သည် မြန်မာ့ရေတပ် တိုးတက်ရေးအတွက် အကူအညီပေးမှုများ ပြုလုပ်နေသကဲ့သို့ မြန်မာ့တပ်မတော်(ရေ) သည်လည်း ၂၀၀၁ ခုနှစ်ကစတင်ပြီး ခေတ်မီရေတပ်အသွင် ကူးပြောင်းရန် ကြိုးစားလာရာမှာ စစ်ရေယာဉ် အဟောင်းများ နဲ့ လက်နက်ပစ္စည်း အဟောင်းများကို ဖယ်ရှား အနားပေးကာ အသစ်များနဲ့ အစားထိုးခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံလုပ် ဖရီဂိတ် စစ်သင်္ဘော ၂စီးကို ဝယ်ယူကာ အဆင့်မြှင်တင်ခဲ့သလို၊ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့နှင့် ပူးပေါင်းပြီး ပြည်တွင်း၌ပင် ဖရီဂိတ်စစ်သင်္ဘောများ တည်ဆောက်လာရာ အောင်ဇေယျ၊ ကျန်စစ်သား အပါအဝင် စစ်သင်္ဘော ၂၂စီး တပ်တော်ဝင်ပြီးဖြစ်သည်။
မြန်မာ့တပ်မတော်သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းက ဆင်ဖြူရှင်အမည်ပေးထားသည့် ကြည်း၊ ရေ၊လေ ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်စပ်တင်းမာမှုဖြစ်ပွားခဲ့သည်။
မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်လုပ် Type -035 အမျိုးအစား ရေငုပ် သင်္ဘော ၂စီး ပိုင်ဆိုင်ထား သော်လည်း မကြာသေးမီက ထုတ်ပြန်သည့် ကမ္ဘာ့စစ်အင်အား အညွှန်းကိန်း – Global Fire Power Index 2017အရ မြန်မာက ဘင်္ဂလားဒေ့ရှ်ထက် စစ်အင်အား သာလွန်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – မြန်မာက ဘင်္ဂလားဒေ့ရှ်ထက် စစ်အင်အားသာ