သတင်း

လိုင်စင်မဲ့ယာဉ် တင်သွင်းမှုကို ဖြိုခွဲရန် မြဝတီရှိ BGF နယ်စပ်ဂိတ်ကို တပ်မတော်က ပိတ်

Want create site? Find Free WordPress Themes and plugins.

မြဝတီနဲ့ မဲဆောက်အကြား နယ်ခြား သောင်ရင်းမြစ်ကို ဖြတ်ကူးသွားခွင့်မပြုတော့ဘူးလို့ မတ်လ ၂၆ ရက်နေ့မှာ ရောက်သွားတဲ့ ဧရာဝတီ သတင်းထောက်ကို နယ်ခြားစောင့်တပ် – BGF တပ်ဖွဲ့ဝင် ၂ ဦးက ပြောပါတယ်။ တရားမဝင် တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို တားဆီးဖြိုခွဲဖို့ တပ်မတော်က အားထုတ်လာအပြီး အခုလို ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။

ဧရာဝတီ သတင်းထောက်နဲ့အတူ လိုက်ပါလာတဲ့ ကားရောင်းဝယ်သူ ကိုကျော်သန်းက ထိုနယ်စပ်ဖြတ်ကျော်လမ်းဟာ ပုံမှန်ဆို ဖွင့်ထားတာလို့ ပြောပြပါတယ်။

တရားမဝင် မော်တော်ယာဉ်တွေကို အဓိက တင်သွင်းနေတဲ့ ထိုဒေသအတွင်းက နယ်စပ်စစ်ဆေးရေးဂိတ် ၂ ခုကို ပိတ်ဖို့ မြန်မ့ာတပ်မတော်က နယ်ခြားစောင့်တပ်တွေကို အမိန့်ပေးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဝိုင်းပြောကြပါတယ်။

ကားမှောင်ခိုတင်သွင်းဖို့ အဓိက အသုံးပြုတဲ့ နယ်စပ်စစ်ဆေးရေးဂိတ် နောက်တခုကလည်း ပုံမှန်ဆို သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းမှာ ထောင်ချီတဲ့ ကားတွေ တန်းစီနေတတ်ပါတယ်။ ဧရာဝတီက ရောက်သွားတဲ့ မတ်လ ၂၆ ရက်နေ့မှာတော့ ဘာကားမှ မတွေ့ရပါဘူး။ မြစ်ကမ်း ၂ ဘက်လုံးမှာ အလုပ်ရှာနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေက လွဲပြီး ဟာလာဟင်းလင်း ဖြစ်နေပါတယ်။

ကိုကျော်သန်းက ဟိုဘက်ကမ်းမှာ မော်တော်ကားတွေ သွားဝယ်ပြီး ဒီလမ်းကြောင်းအတိုင်း တင်သွင်းဖူးကြောင်း ပြောပြပါတယ်။ ကားတွေကိုကြည့်ဖို့ ဝယ်သူတွေဟာ မြစ်ကိုဖြတ်ကူးရပြီး ကားတွေရပ်နားထားရာ ထိုင်းနိုင်ငံဘက်ခြမ်းဆီ သွားကြရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့အခါ ရောင်းသူက ကားကို မြန်မာနိုင်ငံဘက် ပို့ပေးပါတယ်။ နယ်ခြားစောင့်တပ်တွေက ဖြတ်ကျော်သယ်ဆောင်ခွင့်အတွက် ငွေတောင်းပါတယ်။ ကုန်သည်အများစုက နယ်ခြားစောင့်တပ်တွေနဲ့ လုပ်ကိုင်ကြရတယ်လို့ သူက ရှင်းပြပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက တခါတရံ ကားတွေကို ဝယ်သူတွေရဲ့ နေအိမ်ထိအောင် လိုက်လံမောင်းပို့ပေးတတ်တယ်။ မကြာသေးမီကအထိ မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က နယ်ခြားစောင့်တပ်တွေကို အရေးယူခြင်း မရှိလို့လည်း ကိုကျော်သန်းက ပြောပြပါတယ်။ “ မြဝတီကို နယ်ခြားစောင့်တပ်ကပဲ အုပ်ချုပ်တာ။ ဘယ်သူမှ သူတို့ကို ပြဿနာ မရှာရဲဘူး”လို့လည်း ပြောပါတယ်။

မှောင်ခိုသွင်းလာတဲ့ ကားအများစုဟာ ဂျပန်နဲ့ ထိုင်းနိုင်ငံက အသုံးပြုပြီးသား တပတ်ရစ်ကားတွေ အများစု ဖြစ်ပါတယ်။ ဝယ်သူတွေက ဒါကို ထည့်မတွက်ကြဘဲ ဈေးပေါပေါနဲ့ ရတာကြောင့် မြဝတီကို လာရောက်ကြပါတယ်။ အစိုးရကလည်း ရန်ကုန်ဆိပ်ကမ်းတွေက ကားတွေကို တရားဝင် တင်သွင်းခွင့်ပြုထားတာနဲ့ တပြိုင်နက် ထိုင်းနယ်စပ်က ကားမှောင်ခို တင်သွင်းတာကိုလည်း မျက်စိမှိတ် မမြင်ချင်ယောင်ဆောင်ထားခဲ့ပါတယ်။

မတ်လ ၂၄ ရက်နေ့မှာတော့ မြန်မာ့တပ်မတော်ဟာ နယ်ခြားစောင့် တပ်ခေါင်းဆောင်တွေကို အရင်လို ခွင့်ပြုချက် မတောင်းတော့ဘဲ နယ်ခြားဖြတ် ဂိတ်စခန်းတွေအပါအဝင် တပ်စခန်းတွေကိုပါ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ တပ်မတော်က ဒီလိုလုပ်တာကို နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်တွေ စိတ်ဆိုး ဒေါသထွက်ခဲ့ပေမယ့် စောဒက တက်ခြင်းမရှိဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

နယ်ခြားစောင့် တပ်ဖွဲ့ပြောခွင့်ရသူ နိုင်မောင်ဇော်ကို ဧရာဝတီက မေးတဲ့အခါ “ကျနော်တို့ အားလုံးက စစ်သားတွေချည်းပဲ။ တယောက်နဲ့ တယောက် အပြန်အလှန်လေးစားသင့်တယ်။ ဒါပေမယ့် အခုဟာက တပ်မတော်ဘက်က ကျနော်တို့ကို လေးစားမှု မရှိဘူး” လို့ ဖြေပါတယ်။

နယ်ခြားစောင့်တပ် သတင်းရင်းမြစ်တွေအဆို နယ်မြေခံ မြန်မာ့တပ်မတော် တာဝန်ခံတွေနဲ့ နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ မတ်လ ၂၅ ရက်နေ့က မြဝတီမှာ တွေ့ဆုံဆွေးခေဲ့ကြကြောင်း သိရပါတယ်။ တပ်မတော်က ကားမှောင်ခိုတင်သွင်းနေတဲ့ အဓိက လမ်းကြောင်းဖြစ်တဲ့ နယ်စပ်စခန်းတခုကို ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ရှိရာ နေရာတွေမှာ အခြေအနေက တင်းမာနေပါတယ်။ မြဝတီမြို့ခံတချို့ကတော့ ၂ ဘက်လုံးကို အပြစ်တင်နေပါတယ်။ ကိုကျော်သန်းကတော့ “ပုံမှန်ဆိုရင် မြို့ထဲက စားသောက်ဆိုင်တွေမှာ စည်ကားနေတာ။ ဒီနေ့တော့ ခြောက်ကပ်နေတယ်” လို့ ပဲ ပြောပါတယ်။

(အင်္ဂလိပ်ဘာသာဖြင့် Army Shutters Myawaddy Checkpoint in Clampdown on Auto Smuggling တွင် ဖတ်ပါ)

Did you find apk for android? You can find new Free Android Games and apps.
Loading