သတင်း

“၈ လေးလုံးပါတီ” အမည် အငြင်းပွားမှု ဖြစ်ပေါ်မည်ကို ကော်မရှင် စိုးရိမ်မှုရှိဟု ဆို

နိုင်ငံရေးပါတီ တခုအဖြစ် “၈ လေးလုံး” အမည် ရယူထားခြင်းအပေါ် ဝေဖန်ကန့်ကွက်မှုများ ရှိနေသဖြင့် ယခု အမည်  ဆက်လက် သုံးစွဲပါက အငြင်းပွားမှုများ ဖြစ်ပေါ်လာမည်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က စိုးရိမ် မှု ရှိကြောင်း သတင်းရရှိသည်။

ယနေ့ ညနေပိုင်းက နေပြည်တော်ရှိ UEC ရုံးတွင် ဦးကိုကိုကြီး ဦးဆောင်သည့် ၈ လေးလုံးပါတီ ဦးဆောင် ကော်မတီ ဝင် တချို့နှင့် UEC ဥက္ကဋ္ဌ တို့ တွေ့ဆုံခဲ့ကြစဉ် UEC က အထက်ပါအတိုင်း ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၈ လေးလုံးပါတီ တည်ထောင်သူ တဦးဖြစ်သူ ဦးကိုကိုကြီးက “ဒီနာမည်ကို ဒီအတိုင်း သုံးစွဲတာနဲ့ ပတ်သက်လို့ အငြင်း ပွားမှု ဘာညာများ ဖြစ်လာနိုင်သလား ဆိုတာကို သူတို့ အနေနဲ့ နည်းနည်းလေး စိုးရိမ်တယ် ဆိုတဲ့ အကြောင်း မိသားစု ပုံစံမျိုး ရှင်းပြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနာမည် ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီးတော့ အဆင့်ဆင့် ဆွေးနွေးခဲ့ တယ်” ဟု သတင်းထောက်များကို ပြောသည်။

UEC ၏ စိုးရိမ်ချက်နှင့် တင်ပြချက်များကို နားထောင်ခဲ့ပြီး နယ်အသီးသီးမှ ဆက်သွယ်ရေး တာဝန်ခံများနှင့် ပြန်လည် ညှိနှိုင်းကာ လာမည့် ဧပြီလ ၆ ရက်တွင် ထပ်မံတွေ့ဆုံရန် ညှိနှိုင်းခဲ့ကြောင်းလည်း သိရသည်။

၎င်းတို့၏ ၈ လေးလုံးပါတီကို သက်ဆိုင်ရာ ဌာနများဖြစ်သည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့က စိစစ်ခဲ့ပြီး ဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့်လည်း ကန့်ကွက် ခြင်း မရှိဟု သိရကြောင်း ယင်းပါတီမှ ဦးဆောင် ကော်မတီဝင်များက ပြောသည်။

“ဒီလို အသံထွက်တဲ့အပေါ်မှာ ရှင်းလင်းတာ ခေါ်ယူဆွေးနွေးတာ ဖြစ်ပါတယ်။ နိုင်ငံရေးလောကထဲမှာ ဘယ်သူဘယ်ဝါ တွေ ဆိုတာက အစ ကျနော်တို့ သိပါတယ်။ တဦးချင်းဆန္ဒနဲ့ လွတ်လပ်စွာ ထုတ်ဖော်ကြတာ၊ ဝေဖန်ကြတာတွေကို လည်း ရှိပါတယ်။ ကျနော်တို့က ၈ လေးလုံးကို ဖြတ်သန်းခဲ့သူတွေ၊ ကျောင်းသား တပ်မတော်မှာ ပါဝင်ခဲ့ပြီး ပြန်လာခဲ့ သူတွေ နိုင်ငံတကာမှာ ရောက်နေတဲ့ ရဲဘော်တွေနဲ့လည်း ဆွေးနွေးခဲ့ပြီးပါပြီ”ဟု ပါတီ ဖြစ်မြောက်ရေး ဦးဆောင် ကော် မတီဝင် ဦးကိုကိုကြီးက ပြောသည်။

၈ လေးလုံး အရေးတော်ပုံကြီးတွင် ရဟန်းရှင်လူ ပြည်သူတရပ်လုံး ပါဝင်ခဲ့သဖြင့် ပါတီတခု၏ အမည် ဖြစ်မည်ကို ၈၈ ကာလကို ဖြတ်သန်းခဲ့သူများက စိုးရိမ်စိတ်ပူကြောင်း ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။

၎င်းတို့ အနေဖြင့် နိုင်ငံရေးပါတီ တရပ်ပေါ်ပေါက်ရေး ပေါ်ပေါက်လာနိုင်ရေးအတွက် ပါတီတခု၏ အမည်၊ အလံ၊ တံဆိပ်၊ သင်္ကေတနှင့် ဖွဲ့စည်းပုံများကို စုံညီအစည်းအဝေးဖြင့် ဆုံးဖြတ်နိုင်ခဲ့ပြီး ပါတီကို ၂၀၁၇ ဒီဇင်ဘာလ မကုန်ခင် မှတ်ပုံတင် ခဲ့ခြင်း ဖြစ်ကြောင်း၊ တနိုင်ငံလုံးတွင် ၈ လေးလုံးပါတီ ဖြစ်မြောက်ရေး ကော်မတီ ရုံးခန်းများ လိုက်လံ ဖွင့်လှစ် လျက် ရှိရာ ယခု ရက်ပိုင်းအတွင်း မွန်ပြည်နယ် ရုံးခန်း၊ ကျိုက်မရောမြို့နယ် ရုံးခန်းများကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။

Loading