မြန်မာနိုင်ငံရှိ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသော လိပ်မျိုးစိတ်များ တရားမဝင် သယ်ဆောင် ရောင်းဝယ်ခြင်းများ အား ဖမ်းဆီးရမိမှုသည် ၈ နှစ်အတွင်း ၄၅ မှုသာရှိသေးကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်များ ထိန်းသိမ်းရေး ဌာနခွဲမှ သိရသည်။
၂၀၁၀ ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ် မတ်လအထိ ၈ နှစ် ကာလအတွင်း သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနနှင့် ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ နယ်စပ်ဒေသ စစ်ဆေးရေး ဂိတ်များတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သဘာဝ ပတ်ဝန်း ကျင် နှင့် သားငှက် တိရစ္ဆာန်များ ထိန်းသိမ်းရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ဧရာဝတီသို့ ပြော သည်။
“နိုင်ငံအဆင့် တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင် ပန်းပင်များ တရားမဝင် ရောင်းဝယ်မှုများအား ဥပဒေအရ ထိရောက်စွာ အရေး ယူတားဆီးရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်းများ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက် တာကို ဆက်စပ်ဌာန အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်”ဟုလည်း ၎င်းက ပြောပြ သည်။
ယင်း လုပ်ငန်း အဖွဲ့အား သစ်တော ဦးစီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီး ဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရှိ လိပ်မျိုးစိတ်များသည် မျိုးသုဉ်းပျောက်ကွယ်မည့် ပြဿနာကို ရင်ဆိုင်နေရသဖြင့် သားငှက်ထိန်း သိမ်းရေး အဖွဲ့ (WCS) မြန်မာနိုင်ငံ အစီအစဉ်နှင့် ပူးပေါင်း၍ “Securing a gateway reducing wildlife trafficking from Myanmar to China” ဆိုသည့် စီမံကိန်းဖြင့် တရားမဝင် ကုန်သွယ်ရာ ပင်မလမ်းကြောင်း ဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ်-ရွှေလီ (ရှမ်းမြောက်) လမ်းကြောင်းတွင် တရားမဝင် ကူးသန်းရောင်းဝယ်မှု ကွန်ရက်များအား လေ့လာ နေသကဲ့သို့ တဖက်တွင်လည်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်များ ထိန်းသိမ်းရေး ဌာနခွဲမှ သိရသည်။
လိပ်များကို တရားမဝင် မှောင်ခို ရောင်းဝယ် ဖောက်ကားခြင်းအပြင် ဖမ်းဆီးစားသောက်ခြင်း၊ ဒေသခံပြည်သူလူထု၏ ပူး ပေါင်းပါဝင်မှု နည်းပါးခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုမရှိခြင်း၊ ဝန်ထမ်းနှင့် ရန်ပုံငွေ မလုံလောက်ခြင်း၊ လိပ်များ ၏ နေ ရင်းဒေသများ ပျက်စီးမှုတို့ကြောင့် လိပ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ခက်ခဲ ပြီး မျိုးသုဉ်းပျောက်ကွယ်လု အခြေအနေ ကြုံနေရခြင်း ဖြစ်ကြောင်း ဦးဝင်းနိုင်သော်က ပြောသည်။
ယခုလအတွင်း ပြုလုပ်သည့် လိပ်မျိုးစိတ်နှင့် ပတ်သက်ပြီး လေ့လာကျွမ်းကျင်သူများ အစည်းအဝေးတခု (IUCN Red List) တွင် မြန်မာနိုင်ငံတွင်သာ ရှိသော ဒေသရင်းဖွား မျိုးစိတ်သည် ယခင် ၈ မျိုး သတ်မှတ်ထားသော်လည်း ၂၀၁၈ ခုနှစ်၌ ၁၁ မျိုး သတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်းဖွား လိပ်မျိုးစိတ်များသည် မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ် များ ဖြစ်ပြီး ယင်းတို့ကို သစ်တောဦးစီးဌာနနှင့်အတူ သားငှက်ထိန်း သိမ်းရေးအဖွဲ့(မြန်မာနိုင်ငံ အစီအစဉ်)၊ လိပ်မျိုး ဆက် ရှင်သန်ရေး အဖွဲ့တို့က ပူးပေါင်း၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ ဒေါ်ကလျာက ပြောဆိုသည်။
ဆက်လက်ပြီး ဒေါ်ကလျာက “လူတွေကို အသက်အန္တရာယ်ပေးတဲ့ ဘိန်းဖြူတွေကိုတောင် မထိန်းနိုင်ကြသေးဘူး။ အဲဒီ လိုပဲ ရာဇဝတ်မှုတွေ အကုန်လုံး မထိန်းနိုင်ဘူးလေ။ ထိန်းသိမ်းတဲ့ ဌာနတွေ ဘယ်လောက်ရှိရှိ၊ စည်းကမ်း ဖောက် နေတဲ့ လူတွေကလည်း ရှိနေတာပဲ။ အဲဒီတော့ ကိုယ့်နိုင်ငံ စီးပွားရေးတွေ ပိုကောင်းလာရင်တော့ တဖြည်းဖြည်းနဲ့ တိရစ္ဆာန်လေးတွေကို အရင်းပြုပြီးတော့ သူများအသက်နဲ့ လုပ်စားကြတဲ့ လူတွေ နည်းလာမှာပေါ့”ဟုလည်း ဧရာဝတီ သို့ ပြောသည်။
အဆိုပါ ရှားပါးလိပ်မျိုးစိတ်များသည် နယ်စပ် လမ်းကြောင်းများမှတဆင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချ ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒေါ်ကလျာက“တရားဥပဒေ ပိုင်းတွေကလည်း ကြပ်ကြပ်မတ်မတ်နဲ့ အရင်ထက်စာရင်တော့ အရေးယူတာပါပဲ။ တရား မဝင် တွေလည်း ဖမ်းမိတာတွေ အရင်ထက်စာရင် ပိုများလာတာပဲ။ ဒါပေမယ့်လည်း လုပ်နေတဲ့သူတွေက လုပ်နေ တုန်း လေ” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပင်လယ်လိပ် ၅ မျိုးအပါအဝင် ကုန်းလိပ်၊ ရေချိုလိပ်၂၆ မျိုးရှိပြီး မျိုးသုဉ်းမည့် အန္တရာယ်မှ ကာကွယ်ရ မည့် တောရိုင်းတိရစ္ဆာန်များ စာရင်းတွင် ပင်လယ်လိပ် ၅ မျိုး၊ မြန်မာ့ကြယ်လိပ်နှင့် လိပ်ကြက်တူရွေး တို့ကို လုံးဝ ကာကွယ် ထားသည့် တောရိုင်းတိရစ္ဆာန်စာရင်းတွင် ထည့်သွင်းထားကြောင်း၊ အခြားလိပ်များဖြစ်သည့် ကုန်းလိပ်၊ ရေချို လိပ်၊ အခွံပျော့ လိပ်များကို သာမန် ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်များ စာရင်းတွင် ထည့်သွင်း ကာကွယ် ထားကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်များ ထိန်းသိမ်းရေး ဌာနခွဲက ပြောသည်။
ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ဘန့်ဘွေးရွာတွင် လိပ်ကယ်ဆယ်ရေးစခန်း တည်ဆောက်ပြီး နယ်စပ်ဒေသများရှိ စစ်ဆေး ရေးဂိတ်များမှ တရားမဝင် ဖမ်းဆီးရမိသည့် လိပ်များအား ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိကြောင်း၊ ခြံလှောင် မွေးမြူ သားဖောက် ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါဌာနခွဲ မှ သိရသည်။
လတ်တလောတွင် ရှားပါးစာရင်းဝင်နေသည့် မြန်မာ့ကြယ်လိပ်၊ လိပ်ကြက်တူရွေး၊ တိုက်လိပ်၊ ရခိုင်တောင်လိပ် စသည့် ရှားပါး လိပ်မျိုးစိတ်များအား ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိခြင်း၊ ခြံလှောင်မွေးမြူ သားဖောက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ခြင်းနှင့် တိုးပွားလာသည့် လိပ်များအား သဘာဝတောအတွင်း ပြန်လည် စေလွှတ်ခြင်း ဆောင်ရွက် လျက်ရှိကြောင်းလည်း ဆိုသည်။
တောရိုင်း တိရစ္ဆာန်များကို လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် အုပ်စု၊ ရာသီအလိုက် ကာကွယ်ထား သည့် အုပ်စု၊ သာမန်အားဖြင့် ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်အုပ်စုဟူ၍ သတ်မှတ်ထားပြီး ဆင်၊ ကျား တို့သည် လည်း လုံးဝကာ ကွယ်ထားသည့် အုပ်စုထဲတွင် ပါဝင်နေကြောင်း တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ် ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေတွင် ဖော်ပြထားသည်။
လုံးဝ ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာ တရ ဖြစ်စေခြင်း၊ တောရိုင်း တိရစ္ဆာန်ကိုဖြစ်စေ ယင်း၏ အစိတ်အပိုင်းကို ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ် ထား ရှိ ခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းများ တွေ့ရှိပါက အဆိုပါ ဥပဒေ ပုဒ်မ ၃၇ (က) နှင့် အရေးယူ အပြစ်ပေးနိုင်ကြောင်း သိရသည်။
တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ၁၉၉၄ ခုနှစ် ဥပဒေ ပုဒ်မ ၃၇ (က) အရ ထောင်ဒဏ် ၇ နှစ် အထိဖြစ်စေ ငွေဒဏ် ကျပ် ၅သောင်း အထိဖြစ်စေ ဒဏ် ၂ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။