အမျိုးသားအရေးနှင့် တိုင်းရင်းသားလူမျိုးစုများ အရေးတွင် စစ်အင်အားဖြင့် သြဇာသက်ရောက်အောင် ဆောင်ရွက်နေခြင်းမျိုးကို အဆုံးသတ်ကြရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၂၀၁၈ ခုနှစ်၊မတ် ၂၇ ရက်က ကြေညာချက် ထုတ်ပြန် ပြောလိုက်သည်။
ယနေ့ ၂၀၁၈ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သော ၇၃ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်မှာ ကျင်းပခဲ့ပြီး ထိုသို့ ကြေညာချက် ထုတ်ပြန်ခဲ့ ခြင်း ဖြစ်သည်။
ထိုကြေညာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူများ၏ ဇွဲလုံ့လဝီရိယနှင့် မျှော်လင့်ချက်များ ကြောင့် ရရှိခဲ့သော ဒီမိုကရေစီအောင်ပွဲကို မည်သည့်နည်းနှင့်မျှ ဆုံးရှုံးမခံနိုင်ပါကြောင်း၊ အယူအဆ ကွဲလွဲမှုများကြောင့် ဆိုးဆိုးရွားရွား နာကျင်ခံစားရမှုမျိုးကိုလည်း မည်သည့်အခါမျှ အဖြစ်ခံမှာ မဟုတ်ပါကြောင်း ဆိုသည်။
“အမျိုးသားရေးနှင့် တိုင်းရင်းသားလူမျိုးစုအရေး တွင် စစ်အင်အားဖြင့် သြဇာသက်ရောက်အောင် ဆောင်ရွက်နေခြင်းမျိုးကိုလည်း အဆုံးသတ်ကြရပါမည်။ တိုင်းရင်းသားများအကြား၊ အမျိုးသားများအကြား မယုံသင်္ကာဖြစ်မှုနှင့် ရန်ညှိုးထားသိုမှုများကို အခြေခံသည့် လက်နက်ကိုင်ပဋိပက္ခ အဖြစ် အဖြေရှာ ရွေးချယ်မှုများကိုလည်း နိဂုံးချုပ်ကြရပါမည်” ဟု NLD က ထုတ်ပြန်ပြောဆိုသည်။
ဤသို့အားဖြင့် မိမိတို့သည် ပွင့်လင်းသည့် နှလုံးသား နှင့် စာနာစိတ်ကို အရင်းတည်ပြီး လူသား၏ ဖြစ်တည်မှုအပေါ် နှုန်းစံတန်ဖိုးများအပေါ် လေးစား နားလည်ကြရန် အမြော်အမြင်ရှိရှိ၊ အပြန်အလှန် နားလည်မှုရှိရှိဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသစ်ကို ကြိုးပမ်းပုံဖော်ကြမည်ဟုလည်း ဆိုသည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ” ကျနော်တို့ဟာ လုံခြုံအေးချမ်း သာယာဝ ပြောတဲ့ နိုင်ငံတော်ကို တည်ဆောက်လာချင်တယ်ဆိုရင် နိုင်ငံရေးပါတီနဲ့ တပ်မတော်တို့ဟာ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ကျမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမျိုးသားရင်ကြား စေ့ရေးဆိုတဲ့ မူဝါဒကို အစဉ်အမြဲ စွဲကိုင်ပြီး ကြိုးပမ်းဆောင်ရွက်နေတာဟာ နိုင်ငံရေးပါတီများ၊ တပ်မတော်နဲ့ ပြည်သူကို တသားတည်း ဖြစ်စေချင်တဲ့ ဆန္ဒကြောင့်ပါပဲ”ဟု ပြောသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်တာဝန်ကို စတင်ရယူထားသည့် အချိန်ကစပြီး အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကိစ္စကို ရှေ့ဆုံးမှာ ဦးစားပေးဆောင်ရွက် နေပါကြောင်း၊ ရည်ရွယ်ချက်ကဖြင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ် ၂ မျိုးစလုံးကို အခြေခံသော ပြည်ထောင်စုကြီးအား တိုင်းရင်းသား ပြည်သူလူထု ကြီးနှင့်အတူ ထူထောင်ရန် ဖြစ်ပါကြောင်း ၎င်းက ဆိုသည်။
“ဒီလိုထူထောင်ဖို့ ကျနော်တို့အချင်းချင်းကြားမှာရှိတဲ့ ပြဿနာတွေကို လက်နက်ကိုင်တဲ့ နည်းလမ်းနဲ့ဖြေရှင်းမယ့်အစား စကားဝိုင်းမှာ တွေ့ကြ၊ ဖြေရှင်းကြဖို့ တိုက်တွန်းနေရခြင်းဖြစ်ပါတယ်”ဟု ဦးဟံသာမြင့်က ပြောသည်။
လက်ရှိတွင် NLD အစိုးရသည် ပြည်တွင်းစစ် ရပ်တန့်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဆောင်ရွက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကို တိုက်ရိုက် ကွပ်ကဲ ထိန်းချုပ်နိုင်ခြင်း မရှိပေ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်နေသကဲ့သို့ အပစ်ရပ်ထားခဲ့သော ကရင်ပြည်နယ်တွင်လည်း တင်းမာမှုများ ပြန်လည်ဖြစ်လာနေသည်။