မြန်မာနှင့် ထိုင်းအကြား မဲခေါင်ဒေသခွဲအတွင်း အရေးပါသော သယ်ယူပို့ဆောင်ရေး တိုးတက်မှု အဆင်ပြေချော မွေ့စေရေး အတွက် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး သဘောတူစာချုပ် ကနဦးအဆင့် အကောင်အထည် ဖော်ရေး နားလည် မှု စာချွန်လွှာ(MoU) ကို ယခုလကုန်တွင် လက်မှတ်ရေးထိုးမည်ဟု သိရသည်။
မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ခင်မြင့်၏ ပြောဆိုမှုကို ကိုးကား၍ The Nation သတင်းက ဆိုရာတွင် MoU ထိုးပြီးပါက ၄လအတွင်း မြန်မာကုန်ကား အစီး ၁၀၀ကို ထိုင်းဘက်ခြမ်း မုဒဟန်အထိ လည်းကောင်း၊ ထိုင်းကုန်ကား အစီး ၁၀၀ကို မော်လမြိုင်အထိ လည်းကောင်း အပြန်အလှန် သွားလာခွင့် ပေးမည်ဟု ဖော်ပြထားသည်။
ယင်း MoU သည် မဲခေါင်- လန်ချန်း ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် ၆ နိုင်ငံတို့ သဘောတူညီထားသော နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး သဘောတူစာချုပ်၏ အစိတ်အပိုင်းဖြစ်သည်။
မြန်မာအနေဖြင့် ထို သဘောတူစာချုပ်၏ နောက်ဆက်တွဲများကို လက်မှတ်ရေးထိုးရခြင်း မရှိသေး သော ကြောင့် ထိုင်း- မြန်မာ နှစ်နိုင်ငံအကြားသီးခြားနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ရခြင်း ဖြစ်သည်။
ထိုင်း – မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်း သယ်ယူပို့ဆောင်ရေး လိုအပ်ချက်မှာ လွန်စွာမြင့်မားနေ သော ကြောင့် အဆင်ပြေချောမွေ့အောင် နှစ်နိုင်ငံဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ဦးအောင်ခင်မြင့် ကပြောသည်ဟုလည်း ပါရှိသည်။
မြန်မာ ကုန်းလမ်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးစန်းမြင့်အောင်က နိုင်ငံတွင်းနှင့် ဒေသတွင်း သယ်ယူပို့ ဆောင်ရေးကဏ္ဍကို ပံ့ပိုးနိင်ရန် လမ်းများ၊ ယာဉ်များနှင့် လူသားရင်းမြစ်များ စသည့် သယ်ယူပို့ ဆောင် ရေးဆိုင်ရာများကို တိုးတက်အောင် လုပ်ဆောင်နေကြောင်း၊ မကြာသေးမီက သယ်ယူပို့ဆောင်ရး မဟာစီမံချက်ကို စတင်ရာ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးစနစ်ကို နိုင်ငံတကာအဆင့်သို့ မြှင့်တင်ရန်နှင့် မဲခေါင်ဒေသခွဲ အတွင်းနိုင်ငံများနှင့် ခိုင်မာသော ဆက်သွယ်ရေး ထူထောင်ရန် စီမံကိန်း ၁၆၇ ခုကို အကောင်အထည်ဖေါ်ရမည်ဟု ပြောသည်။
ထို့အပြင် အာရှ အဝေးပြေးလမ်းမကြီးနဲ့ မဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြန်ချိတ်ဆက်ရန် မြန်မာနိုင်ငံမှ လမ်းတော်တော်များ များ၏ မျက်နှာပြင်အခြေအနေနှင့် လမ်းကြောင်းများကို အဆင့်မြှင့်တင်ဖို့ လိုကြောင်းလည်း ၎င်းကဆိုသည်။
အာရှ အဝေးပြေးလမ်းမကြီးနှင့် ဆက်သွယ်သည့် ပင်မလမ်းမကြီးသည် နိုင်ငံတကာ အရည်အသွေး မီသော်လည်း ကျေးလက်နှင့် ပြည်နယ်များမှ လမ်းအများအပြားကို အာရှစံနှုန်းဖြစ်သည့် ဝန်ရိုးတခု ၁၀ တန်အားရှိရေးအတွက် ပြင်ဆင်ရန်လိုအပ်နေသည်။
“သယ်ယူပို့ဆောင်ရေးအရပြောရမယ်ဆိုရင် ကျနော်တို့မှာ ကုန်ကားကြီးတွေထားဖို့ ကားဂိတ်တွေနဲ့ နိုင်ငံတကာ အဆင့်မီ ဂိုဒေါင်တွေ အရေးတကြီးလိုအပ်နေတယ်။ ထရပ်ကား အလွတ်တွေမှာ ကုန်စည် တွေပြန်လည်တင်ဆောင်ပေးနိုင်ဖို့ သတင်းအချက်အလက်တွေလည်းလိုနေတယ်၊ အဲဒီလို ဝန်ဆောင်မှုတွေပေးနိုင်ရင် ကုန်ကျစရိတ် အရမ်းသက်သာသွားမယ်” ဟု ဦးစန်းမြင့်အောင်က ပြောသည်။
ထို့အပြင် ထရပ်ကားမောင်းသူများ၏ အရည်အသွေး တိုးတက်အောင် လုပ်ဆောင်ရန်လည်း လိုသည် ဟု နေပြည်တော်တွင် ကျင်းပသည့် ကုမ္ပဏီများအတွက် ဂေဟ စနစ်နှင့်ကိုက်ညီ လုံခြုံသည့်ကားမောင်းသင်တန်းဖွင့်ပွဲတွင် ၎င်းက ပြောသည်။
ဥရောပသမဂ္ဂက ကမကထပြုသည့် ထိုအစီအစဉ်သည် နိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီ သော ကုန်စည်တင် ပို့မှု တိုးတက်ရေးအတွက် ရည်ရွယ်ပြီး အသေးစားနှင့် အလတ်စား ကုမ္ပဏီ ၁၅၀ ပါဝင်သည်။
မြန်မာနိုင်ငံ အဝေးပြေးသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ဒုဥက္ကဌ ဦးကျင်သိန်းသည် ထိုအစီအစဉ် အတွက် ရန်ကုန်နှင့် မန္တလေးရုံးခွဲမှ ယာဉ်မောင်း ၂ ဦးကိုစေလွတ်ခဲ့သည်။
ထိုအစီအစဉ်သည် ယာဉ်မောင်းများအနေဖြင့် ဘေးကင်းစွာနှင့် စွမ်းအင်ချွေတာမောင်းနှင်နိုင်ရေး ရည်ရွယ်ပြီး၊ သူ၏ လုပ်ငန်းသည် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး လိုင်စင်လျှောက် ထားမည်ဖြစ်ကြောင်းနှင့် ယာဉ်မောင်းများ အခြား နိုင်ငံများမှ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာစေရေးအတွက် နောင်တွင် ဆက်လက်လေ့ကျင်းပေမည်ဟု ဥိးကျင်သိန်းကပြောသည်။
အာရှလမ်းမကြီးနှင့် ဆက်စပ်နေသည့် ထိုင်းနှင့် မြန်မာတို့တွင် သယ်ယူပို့ဆောင်ရေးကဏ္ဍ လမ်းပိုင်းဆိုင်ရာ စံချိန် စံညွှန်းမီ ပြင်ဆင်မှုတွင် ထိုင်းနိုင်ငံအနေဖြင် ချင်းမိုင် – တပ်ခ် လမ်းပိုင်းကို တိုးချဲ့နေရုံသာမက တပ်ခ်နှင့် မဲဆောက်အကြား လမ်းမ ကြီးကိုလည်း စနစ်တကျ ပြင်ဆင်နေပြီး ကုန်ကားကြီးများ သွားလာနိုင်ရန်အတွက် စက်ယန္တရားကြီးများနှင့် လူအင်အားကို တွင်တွင် ကျယ်ကျယ် အသုံးပြုကာ အကြီးအကျယ် ပြုပြင်လျှက်ရှိသည်။
မြန်မာဘက်ခြမ်းတွင်မူ မြဝတီ- ကော့ကရိတ် လမ်းပိုင်းကို ထိုင်းနိုင်ငံမှ ပြင်ဆင်ပြေးခဲ့သော်လည်း ကော့ကရိတ် – ဘားအံ လမ်းပိုင်းမှာမူ ပြင်ဆင်နိုင်ခြင်းမရှိသေးသလို၊ ဘားအံ- သထုံလမ်းပိုင်း ပြင်ဆင်မှုမှာလည်း နှေးကွေးနေသည်ကို တွေ့ရ သည်။