သတင်း

တရုတ် အာကာသယာဉ် ကမ္ဘာမြေပေါ်သို့ ပျက်ကျမည်လော

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာပတ်လမ်းအတွင်းရှိ Tiangong-1 အမည်ပေးထားသည့် အကြီးမားဆုံး တရုတ် အာကာသ ယာဉ်သည် ရက်ပိုင်းအတွင်း ကမ္ဘာမြေသို့ပြန်လည်ပြုတ်ကျလာမည်ဟု သိပ္ပံပညာရှင်များက မတ်လ ၂၆ရက်နေ့က ကြေညာသည်။

ယင်း အာကာသ ဓာတ်ခွဲခန်းယာဉ်သည် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၄ ရက်အတွင်း ကမ္ဘာ၏ လေထုပတ်ဝန်းကျင်အတွင်းဝင်ရောက်လာမည်ဟု China Manned Space Engineering Office ၏ ဝက်ဆိုက်မှလည်း ထုတ်ပြန်သောကြေညာချက်တွင်ဖေါ်ပြထားသည်။

၈တန်လေးသော ထိုအာကာသယာဉ်၏ အစိတ်အပိုင်း အများစုသည်လေထုအတွင်း လောင်ကျွမ်း ပျက်ဆီးသွားမည်ဖြစ်သော်လည်း အချို့သောအစိတ်အပိုင်းများမြေပြင်သိုကျလာနိုင်သည်ဟု ထို ကြေညာချက်ကဆိုသည်။

ထိုအာကာသယာဉ်ကိုထိန်းချုပ်နိုင်ခြင်း မရှိတော့သောကြောင့် မည်သည့်နေရာတွင် အပျက်အဆီးများ ကျမည်ကို တရုတ်နိုင်ငံအနေဖြင့် ခန့်မှန်းနိုင်ခြင်းမရှိသလို၊ လက်ရှိအချိန်တွင် ထိုအာကာသယာဉ်သည် လည်ထွက်နေပြီး ဦးတည်ရာမဲ့ရွေ့လျားနေသောကြောင့် ၎င်း၏လမ်းကြောင်းကိုတွက်ချက် ရန်မဖြစ်နိုင် ဟုဆိုသည်။

ထိုအာကာသယာဉ်သည် ၄၃ဒီဂရီ မြောက်လတ္တီကျုမှ ၄၃ဒီဂရီ တောင်လတ္တီကျုအတွင်း မည်သည့် နေရာမဆို ကျရောက်နိုင်သည်ဟု ကျွမ်းကျင်သူအချို့ကခန့်မှန်းသည်။

ထိုလတ္တီကျုများအတွင်ပါဝင်သောနေရာမှာ မြောက်ဖက်တွင် အမေရိကန်ပြည်ထောင်စုမှ တောင်ဘက် တွင်ဩစတေလျ အထိပါဝင်ပြီး လွန်စွာကျယ်ဝန်းလှသည်။

သို့သော် ဘေ့ဂျင်း အာကာသလေ့လာရေးဌာနမှ ဒေါက်တာ Zhu Jin မူ ထိုအပျက်အဆီးများ ထိမှန်နိုင်ခြေမှာ ထီပေါက်နိုင်ခြေထက်ပင်နည်းသည်ဟုဆိုပြီး၊ ဖြစ်နိုင်ခြေအရှိဆုံးမှာ ထိုအပျက် အဆီးများသည် ကမ္ဘာမြေ၏ ၇၀ ရာခိုင်နှုန်းကိုဖုံးလွှမ်းထား သောပင်လယ်အတွင်းကျရောက်နိုင် သည်ဟု ပြောသည်။

Aerospace Corporation ကမူ ထိုအပျက်အဆီးများထိမှန်နိုင်ခြေမှာ သန်း ၁ ထောင်ပုံတွင် တပုံ သာရှိသည်ဟုဆိုပြီး ပြည်သူများအနေဖြင့်အေးအေးဆေးဆေးထိုင်ပြီး ကမ္ဘာ့ဈေးအကြီးဆုံး မီးရှူး မီးပန်းကျလာသည်ကို ကြည့်နေနိုင်သည်ဟုဆိုသည်။

ထို ၁၀ မီတာရှည်သောအာကာသယာဉ်ကို ယွမ်ငွေ သန်းရာချီအကုန်အကျခံတည်ဆောက်ထားခြင်း ဖြစ်သည်။

“ဒီအာကာသယာဉ်လေထုထဲပြန်ဝင်လာတဲ့အခါ ထူးထူးခြားခြားတောက်ပပြီး ဖြည်းဖြည်းလေး ကျ လာတဲ့ ဥက္ကာခဲလိုဖြစ်နေမှာ”ဟုလည်း ဒေါက်တာ Zhu Jinက ပြောသည်။

သို့သော် ထိုသို့ ကြည့်ခွင်ရရန်မှာ လွန်စွာကံကောင်းမှသာ ရမည့် ဖြစ်ပြီး၊ နေ့ဖက်တွင် ဖြစ်ပွားပါက မြင်တွေ့နိုင်မည်မဟုတ်ကြောင်းသိရသည်။

Tiangong-1 သည်မတ်လ ၂၆ရက်နေ့ကပျှမ်းမျှအမြင့် ၂၁၂ ကီလိုမီတာတွင်လှည့်ပတ်နေပြီး ယခင် နေ့ကထက် ၄ ကီလိုမီတာ ပိုမိုကျဆင်းလာသည်။

ပျက်ကျမည့်နေ့ ခန့်မှန်းခြင်းကို Beijing Aerospace Flight Control Centerနှင့်အခြား ပညာရှင်အဖွဲ့ အစည်းများတွက်ချက်ခဲ့သည်ဟု အထက်ပါကြေညာချက်ကဆိုသည်။

ဥရောပအာကာသအေဂျင်စီကလည်း အလားတူခန့်မှန်ခဲ့ပြီး မတ်လ ၃၀ရက်မှ ဧပြီ ၂ ရက်ခန့်အတွင်း အပျက်အဆီးများကျလာမည်ဟုခန့်မှန်းသည်။

တရုတ်နိုင်ငံကလည်း နေစဉ်ကြီးကြပ်စောင့်ကြည့်သတင်ထုတ်ပြန်မည်ဟုဆိုသည်။

ထိုအာကာသဓာတ်ခွဲခန်းတွင် အစိတ်အပိုင်းများစွာပါဝင်ပြီး တကြိမ်လျှင် အာကာသယာဉ်မှူး ၃ ဦး ၂ ပတ်ကြာနေနိုင်ရန် တည်ဆောက်နေသည်။ ၎င်း၏သက်တမ်းအတွင်း လူလိုက်ပါသော ရှန်ကျိုး အာကာသယာဉ်များဆိုက်ကပ်နိုင်စေခဲ့ပြီး တရုတ်အာကာသ သုတေသနလုပ်ငန်းအတွက် များစွာအကျိုးပြုခဲ့သည်ဟု အာဏာပိုင်များကဆိုသည်။

Tiangong-1 သည်မတ်လ ၁၆ရက်နေ့မှစတင်ပြီး အချက်အလက် ပေးပို့မှုရပ်ဆိုင်းသွားပြီး ပတ်လမ်း အတွင်းစတင်ပျက်ဆီးလာခဲ့သော်လည်း Tiangong-2 အာကာသယာဉ်မှာ ပုံမှန်အတိုင်းလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သိရသည်။
.
၁၉၇၉ ခုနှစ်က နာဆာ၏ ၈၅ တန်လေးသော Skylab အာကာသစခန်းသည် ကမ္ဘာသို့ပြန်ကျလာရာ ဩစတေးလျနိုင်ငံ Esperance မြို့တွင်အပျက်အဆီးများကျခဲ့ဖူးသည့် သာဓကရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading