သတင်း

ဦးပိန်တံတားပေါ်ရှိ ကျူးကျော် ဆိုင်ခန်းများ ရှင်းလင်း ဖယ်ရှား

Want create site? Find Free WordPress Themes and plugins.

မန္တလေးခရိုင် အမရပူရမြို့နယ် တောင်သမန်အင်း ဦးပိန်တံတားပေါ်ရှိ ကျူးကျော် ဆိုင်ခန်းများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်းအဖွဲ့များက မတ်လ ၂၆ ရက်တွင် ရှင်းလင်း ဖယ်ရှားခဲ့ကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်းအတွင်း ဦးပိန်တံတား ထိန်းသိမ်းရေးအတွက် ဖွဲ့စည်းထားသော ပတ်ဝန်းကျင်သန့်ရှင်း သာယာရေးနှင့် ရေရှည်တည်တံ့ရေး ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အမရပူရ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းစိုးက ကျူးကျော် ရှင်းလင်းသည့်နေ့၌ မီဒီယာများအား ပြောသည်။

“တံတားပေါ်မှာရှိတဲ့ ဈေးဆိုင်တွေကို ကနဦး စာရင်းကောက်ယူတော့ ဈေးဆိုင် ၆၁ ဆိုင်ရှိတယ်။ တောင်သမန်အင်း သန့်ရှင်း သာယာလှပရေး စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့ ဖွဲ့ပေးထားပြီး အဲဒီအဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖယ်ရှားခဲ့တယ်”ဟု ဦးနိုင်လင်းစိုးက ပြောပြသည်။

အဆိုပါ ကျူးကျော် ဆိုင်ခန်းများအား ရှင်းလင်းဖျက်သိမ်းခြင်းကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြ တိုက် ဦးစီး ဌာန-ရှေး/သု (မန္တလေးဌာနခွဲ) ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အမရပူရမြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ယခုကဲသို့ ရှင်းလင်း ဖယ်ရှားရခြင်းသည် တောင်သမန်ဒေသနှင့် ဦးပိန်တံတားသို့ လာရောက်လည်ပတ်ကြသူများ အနှောင့်အယှက် မဖြစ်စေရဘဲ စိတ်ချမ်းသာစွာ လေ့လာ လည်ပတ်နိုင်ရေး၊ ရှေးဟောင်း တံတားကြီး ရေရှည် တည်တံ့ ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

“ဦးပိန်တံတားက ရှေးဟောင်း အမွေအနှစ်ဖြစ်လို့ ကျနော်တို့ ရှေး/သုက ထိန်းသိမ်းနေပါတယ်။ ဆိုင်ခန်းတွေ ဖယ်ရှား တာ က ရှေးဟောင်း အမွေအနှစ် ကာကွယ်တဲ့သဘောနဲ့၊ လာရောက်ကြတဲ့ ခရီးသွားတွေ အဆင်ပြေစေဖို့ ရှင်းတာပါ” ဟု ရှေး/သု(မန္တလေးဌာနခွဲ) လက်ထောက် ညွန်ကြားရေးမှူး ဦးအေးလွင် က ပြောဆိုသည်။

ထိုသို့ ဦးပိန် တံတားပေါ်ရှိ ကျူးကျော် ဆိုင်ခန်းများအား ရှင်းလင်းနိုင်ရေး အတွက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ် စီမံကိန်းဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေး၊ ရပ်မိရပ်ဖအဖွဲ့များနှင့် စာရင်းကောက်ယူကာ ရှေးဟောင်း တံတားကြီး ဖြစ်သည့် အတွက် တံတားပေါ်တွင် ဈေးမရောင်းကြရန် အကြောင်းကြားစာကို ရှေး/သု က ကြိုတင် အသိပေးစာ ထုတ်ပြန်ပေးခဲ့ရာ အကြောင်းကြားစာတွင် ဥပဒေအရ အရေးယူနိုင်ကြောင်း ပါရှိသည်။

ယင်းသို့ ရှင်းလင်း ဖယ်ရှားပေးရာတွင် ဈေးရောင်းချရန် နေရာတခု သတ်မှတ်ပေး၍ ရောင်းချခွင့် ပြုစေလိုကြောင်း ဦးပိန် တံတားရှိ ဈေးသည် တချို့က ပြောဆိုကြသည်။

မန္တလေးဒေသခံ ဧည့်လမ်းညွှန် ဦးသိန်းထိုက်ဦးက “ဦးပိန်တံတားနဲ့ တောင်သမန်အင်းဟာ နိုင်ငံခြား ခရီးသွားတွေရဲ့ ခရီးစဉ်မှာ မပါမဖြစ် ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်နေကြဆဲ နေရာပါ။ ဒါ့အပြင် မန္တလေးတိုင်း ဒေသကြီးရဲ့ ခရီးသွား လုပ်ငန်း (Tourism) အတွက် အရေးပါသော Destination (ခရီးစဉ်ဒေသ) တခုပါ။ ဦးပိန်တံတားနဲ့ တောင်သမန် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုင်ရာ ကိစ္စရပ်ဟာ မန္တလေးမြို့ရဲ့Tourism  စီးပွားရေး အရ အရေးကြီးသလို မြို့ဂုဏ်ကျက်သရေနဲ့ ဆက်စပ် ယဉ်ကျေးမှုဆိုင်ရာ တို့ရဲ့ ပြယုဂ်အဖြစ် အရေးကြီး လှပါတယ်” ဟု ပြောသည်။

ယင်းသို့ ဖယ်ရှားခံရသည့် ဈေးသည်များအား အခြားနေရာတခုတွင် ထားရှိရန် အစီအစဉ် ရှိသော်လည်း လတ်တလော ၌ စီစဉ်ပေးထားခြင်း မရှိသေးကြောင်း မန္တလေး စည်ပင်မှ သိရသည်။

ဦးပိန်တံတားသည် Living Monument/Heritage (အသုံးပြုနေဆဲ ရှေးဟောင်း အမွေအနှစ် အထိမ်းအမှတ်) အမျိုးအစား ဖြစ်သည်နှင့်အညီ ရေရှည် တည်တံ့နိုင်စေရန် အတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သကဲ့သို့ တံတားပေါ်တွင် ဈေးဆိုင်ခန်းများ မရှိတော့သဖြင့် လာရောက်ကြသည့် ခရီးသွားများ အနေဖြင့် တံတားတိုင်များ၊ ထိုင်ခုံများတွင် စာများရေးခြင်း၊ မှတ်တမ်း ရေးခြင်းများ မပြုလုပ်ကြရန်နှင့် တံတားနှင့် တောင်သမန်အင်း သန့်ရှင်း သာယာ လှပရေး အတွက် စည်ပင်သာယာမှ ထားရှိပေးသည့် အမှိုက်ပုံးများတွင် စနစ်တကျ အမှိုက်ပစ်ကြရန် လိုကြောင်း ဦးအေးလွင်က ပြောသည်။

ကမ္ဘာကျော် ဦးပိန်တံတားကို ကုန်းဘောင်မင်းဆက် ပုဂံမင်း လက်ထက်တွင် မြို့ဝန်စာရေး ဦးပိန်က ဦးဆောင် တည် ဆောက် ခဲ့ပြီး ဇရပ် အခန်းတိုင်များ အပါအဝင် ကျွန်းတိုင်ပေါင်း ၁၀၈၆ တိုင်၊ တံတား အရှည် ၃၉၆၇ ပေ၊ အခန်းပေါင်း ၄၄၇ ခန်းပါရှိကာ ကမ္ဘာ့ အရှည်လျားဆုံး ကျွန်းသစ် တံတားကြီးအဖြစ် မှတ်တမ်းဝင်ထားသလို နှစ်ပေါင်း၂ ရာ ဝန်းကျင် သက်တမ်း ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading