တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် တွေ့ဆုံမည့် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ယို့ယွင်းနေသည့် တရုတ်နှင့် ဆက်ဆံရေးကို ပြန်ပြင်ရန် ကြိုးစားသည့်အနေဖြင့် တရုတ်နိုင်ငံ၌ လျို့ဝှက်ရောက်ရှိနေ သည့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းအား သမ္မတ ရှီကျင့်ဖျင်က အကြီးအကျယ် ကြိုဆိုဧည့်ခံခဲ့သည်။
၂၀၁၁ ခုနှစ် ကင်ဂျုံအန်း အာဏာရလာပြီးနောက်ပိုင်းပထမဆုံး ပြည်ပခရီးဖြစ်သော တရုတ်ခရီးစဉ်၌ ကင်နှင့် သူ၏ ဇနီးတို့ကို ဂုဏ်ပြုတပ်ဖွဲ့ကကြိုဆိုခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်ကလည်း ဧည့်ခံပွဲများ ကျင်းပကြိုဆိုသည်ဟု နိုင်ငံပိုင် မီဒီယာက ဖေါ်ပြသည်။
တရုတ်နိုင်ငံပိုင်မီဒီယာသည် ထို အလွတ်သဘောလာရောက်သည့်ခရီးစဉ်ကို ကင်ဂျုံအန်း မြောက်ကိုရီး ယားသို့ ပြန်သွားပြီးမှသာ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ခေါင်းဆောင်၂ ဦးတို့သည့် ပြည်သူ့ခန်းမကြီးတွင် တွေ့ဆုံပြီး နှစ်နိုင်ငံ၏သမိုင်းဝင် ဆက်ဆံရေးကို ချီးကျူးဂုဏ်ပြုခဲ့သည်။ ထိုသို့ဆွေးနွေးစဉ်အတွင်း ကင်ဂျုံအန်းက ကိုရီးယားကျွန်းဆွယ် နျူကလီး ယားလက်နက်ကင်းမဲ့ရေးကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကတိပြုသည်ဟု ဆင်ဟွာ သတင်း ကဆိုသည်။
မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA ကလည်း သမ္မတကင်ဂျုံအန်းက“ကျနော့်ရဲ့ ပထမဆုံး ပြည်ပခရီးဟာ တရုတ်နိုင်ငံခရီးစဉ်ဖြစ်နေလို့ မေးခွန်းထုတ်စရာမရှိလောက်ပါဘူး” ဟု ပြောကြောင်း ဆိုသည်။
“မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးကို မျိုးဆက်ပေါင်းများစွာ ဆက်လက်လုပ်ဆောင် တန်ဖိုးထားသူ တဦးအနေနဲ့ဒါဟာ ကျနော့်ရဲ့တာဝန်ဖြစ်တယ်” ဟု ကင်ဂျုံအန်းကပြောသည်။
ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက တရုတ်သမ္မတ ရှီကျင့်ဖျင်အား ပြုံယမ်းသို့ လာလည်ရန် ဖိတ်ကြား ရာ လက်ခံခဲ့ကြောင်း၊ တရုတ်သမ္မတ ရှီကျင့်ဖျင်အတွက် ၂၀၁၂ ခုနှစ် အာဏာရပြီးနောက်ပိုင်း ပထမဆုံး မြောက်ကိုရီးယား ခရီးစဉ်ဖြစ်လာမည် ဖြစ်ကြောင်းလည်း KCNA ကဆိုသည်။
၎င်းတို့ ၂ ဦး ယခုတွေ့ဆုံခြင်းမှာလည်း ပထမဆုံးဖြစ်ပေသည်။
တရုုတ်သည် မြောက်ကိုရီးယားအပေါ် ၁၉၅၀ခုနှစ် ကိုရီးယားကျွန်းဆွယ် အရေးမှ စတင်ကာ စစ်ရေး ၊ စီးပွားရေး အကူအညီများ တောက်လျှောက်ပေးနေခဲ့သော်လည်း မကြာသေးမီက မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂပိတ် ဆို့ အရေးယူမှု မူကြမ်းကို တရုတ်နိုင်ငံကထောက်ခံ ခဲ့ပြီးနောက် ၂ နိုင်ငံဆက်ဆံရေးမှာ တင်းမာခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုသည် အရေးပါကြောင်း အလေးပေး ပြောကြားပြီး၊ ထိုသို့လုပ် ဆောင်မှသာ သေနင်္ဂဗျူဟာကျသော ရွေးချယ်မှုဖြစ်ကြောင်းနှင့် တခုတည်း သော မှန်ကန်သည့် ရွေးချယ်မှုဖြစ်ကြောင်း၊ အခြေအနေသစ်အောက်တွင် ကင်ဂျုံအန်းနှင့် မကြာခဏ ထိတွေ့ဆက်ဆံလိုကြောင်း ပြောသည်ဟု ဆင်ဟွာကဆိုသည်။
ရုပ်မြင်သံကြား သတင်းတချို့တွင် ရှီကျင့်ဖျင်နှင့် ကင်ဂျုံအန်းတို့သည် လက်ဆွဲနှုတ်ဆက်ကြပြီးနောက် ရှည်လျှားသော ပြည်သူ့ခန်းမအတွင်း အရာရှိများခြံရံကာ ဆွေးနွေးရာ ထိုသို့ဆွေးနွေးစဉ်အတွင်း ကင်ဂျုံအန်သည် အသေးစိတ်မှတ်သား နေကြောင်းလည်း ပြသသည်။
ထိုနောက် ရှီကျင့်ဖျင်နှင့်ဇနီး ဖုန်လီယွမ်တို့က ကင်ဂျုံအန်း နှင့်သူ၏ဇနီး ရီဆိုလ်ဂျူတို့ ကားအနက် ဖြင့်ပြန်လည်ထွက်ခွာ သွားသည်ကို လိုက်လံနှုတ်ဆက်သည်ကို ပြသသည်။ထိုခရီးစဉ်ကို တနင်္ဂနွေ နေ့ကစတင်ပြီး ဗုဒ္ဓဟူးနေ့တွင် ပြီးဆုံးကြောင်း နှစ်နိုင်ငံမီဒီယာများကကြေညာသည်။
လေ့လာသုံးသပ်သူများကမူ လာမည့် မေလတွင် ကျင်းပမည်ဟု မျှော်လင့်ရသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ ထိပ်သီးဆွေး နွေးပွဲများ အတွင်း တရုတ်နိုင်ငံ၏ အကျိုးစီးပွား ထိခိုက်စေသည်များကို မြောက်ကိုရီးယား နိုင်ငံက သဘောမတူရန် အတွက် ရှီကျင့်ဖျင်အနေဖြင့် ကင်ဂျုံအန်းကိုတွေ့ဆုံလိုပုံရသည်ဟု ဆိုသည်။
မြောက်ကိုရီးယားက တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် တိုက်ရိုက်ဆွေးနွေးမည့် လမ်းကြောင်း ကြောင့် တရုတ်နိုင်ငံ ဘေးသို့ရောက်မည့် အနေအထားရှိခဲ့သော်လည်း ယခု ကင်ဂျုံအန်း၏ တရုတ် ခရီးစဉ်က သံတမန်ရေးကစားပွဲ၏ ဗဟိုချက် သို့ တရုတ်နိုင်ငံ ပြန်လည်ရောက်ရှိသွားစေခဲ့သည်။
တရုတ် နိုင်ငံတကာ ဆက်ဆံရေးလေ့လာသူ တင်ယွီဝန်က အမေရိကန်သမ္မတ ထရမ့်အနေဖြင့် မြောက်ကိုရီးယားအစိုုးရ၏ လုံခြုံရေးကို အာမခံမည်၊ မခံမည်ကို သံသယရှိသောကြောင့် အမေရိကန်နှင့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မြောက်ကိုရီးယားသည် မဟာမိတ်ဟောင်း တရုတ်နိုင်ငံနှင့်ဆွေးနွေးရန်လိုကြောင်း သုံးသပ်သည်။
“မြောက်ကိုရီးယားအတွက် အရေးအကြီးဆုံးအချိန်မှာ အကာအကွယ်ပေးဖို့ အကိုကြီးကိုလိုအပ် နေတယ်”ဟု တရုတ် နိုင်ငံတကာ ဆက်ဆံရေးလေ့လာသူ တင်ယွီဝန် ကပြောသည်။