မန္တလေးမြို့ရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ်နှင့် ပုဂံရှေးဟောင်းနယ်မြေ လောကနန္ဒာဘေးမဲ့တော၊ ခန္တီးမြို့ရှိ လင်းဖားကျေးရွာ၊ ခမ္မတီးကျေးရွာများတွင် ကမ္ဘာ့အရှားပါးဆုံး မြန်မာ့တိုက်လိပ်များကို အောင်မြင်စွာ မွေးမြူနိုင်ပြီဖြစ်ကြောင်း ရတနာပုံတိရစ္ဆာန်ဥယျာဉ်မှ သိရသည်။
မြန်မာ့တိုက်လိပ်များကို ယခင်က ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ် အောက်ပိုင်း တို့တွင် အများအပြား တွေ့ရှိခဲ့ရပြီး ယခုအခါ ချင်းတွင်းမြစ်အထက်ပိုင်းနှင့် ဒုဌဝတီ မြစ်အတွင်း၌ အကောင်ရေ အနည်းငယ်သာ ကျန်ရှိတော့ကြောင်း၊ တိုက်လိပ်များသည် မြစ်ကြီးများအတွင်း အဓိက နေထိုင်ကျက်စားလေ့ရှိကာ အသီးအရွက်များကိုသာ စားသုံးပြီး ရှားပါးစာရင်းဝင်လာရခြင်းမှာ လူများက ကျယ်ကျယ်ပြန့်ပြန့် လိပ်ဥ၊ လိပ်သားစားခြင်း၊ ရောင်းဝယ်မှုများပြုလုပ်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

“တိုက်လိပ်ဟာ ကမ္ဘာပေါ်မှာ မျိုးသုဉ်းသွားပြီလို့ ယူဆခဲ့တာ နှစ်တရာနီးပါးရှိနေပါပြီ၊ တိုက်လိပ်တွေဟာ တကမ္ဘာလုံးအနေနဲ့ ရတနာပုံတိရိစ္ဆာန်ဥယျာဉ်မှာသာ အကောင်ရေ များများ ပေါက်ဖွားနေတာကို တွေ့ရတယ်။ ဘယ်နေရာမှာမှ မျိုးဖောက်လို့ မရဘဲ ဒီလိုသားဖောက်မွေးနိုင်တဲ့ တိရစ္ဆာန်ဥယျာဉ်တခု ပဲရှိတယ်။ ဒါကြောင့် ထိန်းသိမ်းရေးဟာ အရေးပါတယ်ဆိုတာ သိသာ ထင်ရှားပါတယ်” ဟု ကမ္ဘာ့ တိရစ္ဆာန်များ ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် Dr.Paul P Calle က ပြောသည်။
ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် မွေးထားသည့် မြန်မာ့တိုက်လိပ်များ အကောင်ရေ မြောက်များစွာ ပေါက်ဖွား လာခြင်းကြောင့် နိုင်ငံအတွင်းရှိ မြစ်၊ ချောင်းများအတွင်း ပြန်လည်လွှတ်ပေးရမည် ဖြစ်သောကြောင့် WCS အဖွဲ့က ကမ္ဘာ့တိရစ္ဆာန်များ ကျန်းမာရေး အဓိကစောင့်ရှောက်ပေးနေသူ Dr.Paul P Calle က တိရစ္ဆာန်များ ကျန်းမာသန်စွမ်းရေး၊ မျိုးရိုးဗီဇ ကောင်းမွန်ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ အတွက် မြန်မာနိုင်ငံသို့ လာရောက် အကူအညီပေးနေခြင်း ဖြစ်သည်။

၁၉၉၉ ခုနှစ်က မြန်မာ့ကြယ်လိပ်များ နိုင်ငံခြားဈေးကွက်အတွင်း ကျယ်ပြန့်စွာ ရောက်ရှိနေခြင်းကြောင့် ကြယ်လိပ်များ မျိုးသုဉ်းမည့်အရေး ကာကွယ်နိုင်ရန်အတွက် ဒုဌဝတီမြစ်ဘေးရှိ မြလိပ်တောင်တွင် ကြယ်လိပ်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ကိုင်နေစဉ် အဆိုပါ ဒေသခံများက ဘဲဥထက်ကြီးသည့် လိပ်ဥများတွေ့ရှိကြောင်း ပြောလာသဖြင့် မျိုးသုဉ်းပြီဟု ယူဆထားသည့် တိုက်လိပ်မျိုးစိတ်ကို ပြန်လည်တွေ့ရှိ ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်လိပ် မျိုးမပြုတ်သေးဘူးဆိုတာ သိလိုက်တဲ့အတွက် ဒုဌဝတီ၊ ဧရာဝတီ၊ ချင်းတွင်းမြစ်ရိုး တလျှောက်မှာ သုတေသန လုပ်ပြီး ရှာကြည့်တဲ့အခါ ခန္တီးမြို့နဲ့ မိုင်၂၀ အကွာ လင်းဖားကျေးရွာမှာ ဥ ဥနေတဲ့ တိုက်လိပ်မလေးတွေ ရှိနေတယ်ဆိုတာ သိလိုက်ရတယ်။ အဲဒီလိုသိလိုက်တဲ့အချိန်ကစပြီး နှစ်စဉ် ဥတွေကို အကောင်ဖောက်ပေးတယ်၊ ပေါက်လာတဲ့ လိပ်ကလေးတွေကို ကန်တွေနဲ့မွေးမြူပေးတယ်၊ အဲဒီမှာ ဆရာဝန်မရှိတဲ့အတွက် ရတနာပုံ တိရစ္ဆာန်ဥယျာဉ်ကို ယူလာပြီး ကြီးထွားအောင်မွေးမြူတယ်” ဟု မြန်မာနိုင်ငံအခြေစိုက် တွားသွားတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ Dr. Steven G Platt က ပြောသည်။
အဆိုပါ တိုက်လိပ်များကို မန္တလေးရတနာပုံတိရစ္ဆာန်ဥယျာဉ်၊ လောကနန္ဒာဘေးမဲ့တော၊ ခန္တီးမြို့ရှိ လင်းဖားကျေးရွာ၊ ခမ္မတီးကျေးရွာများတွင် မွေးမြူကာ အရွယ်ရောက်လာသည့် တိုက်လိပ်များကို ကျန်းမာရေး ကောင်းမွန်ပါက ခြေရာခံစက်တပ်၍ ချင်းတွင်းမြစ်အတွင်းသို့ ပြန်လွှတ်ပေးခဲ့သည်မှာ အကောင်ရေ ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်လိပ် (ခ) လိပ်ခုံးများသည် ကမ္ဘာပေါ်တွင် မျိုးသုဉ်းသတ္တဝါအဖြစ် ရှားပါးစာရင်း၌ ပါဝင်ခဲ့ သည်မှာ နှစ်တရာ ခန့်ရှိနေပြီး ဒုတိယမျိုးစိတ်အဖြစ် အသိမှတ်ပြုကာ လုံးဝမျိုးပြုတ်တော့မည့်အဆင့်မှ WCS အဖွဲ့၊ လိပ်မျိုးစိတ် ရှင်သန်ရေးအဖွဲ့နှင့် ရတနာပုံတိရစ္ဆာန်ဥယျာဉ်တို့ ပူးပေါင်း၍ လိပ်ထိန်းသိမ်းရေးများ ပြုလုပ်ခဲ့ရာက မျိုးသုဉ်းတော့မည့် အဆင့်မှ စိတ်ချရသော အဆင့်အထိ ရောက်ရှိနေပြီဖြစ်သည်။
“ကျန်းမာရေးစောင့်ရှောက်ရတဲ့ ဆရာဝန်တဦးအနေနဲ့ တိုက်လိပ်တကောင်ချင်းရဲ့ကျန်းမာရေးကို ကြည့်ရသလို၊ တိရစ္ဆာန်ဥယျာဉ် တခုလုံးမှာရှိတဲ့ လိပ်တွေရဲ့ ရေရှည်ကျန်းမာမှု၊ ကြံ့ခိုင်မှု၊ ရောဂါ ကူးစက်ပြီး မပြန့်ပွားအောင် အမျိုးမျိုး စစ်ဆေးရပါတယ်။ နောက်ပြီး မြန်မာပြည်က မြစ်တွေထဲ ပြန်လည် လွှတ်ပေးရမှာ ဖြစ်တာကြောင့် ကျန်းမာဖို့၊ ရောဂါတွေပါမသွားဖို့၊ မြစ်ပြင်မှာ ရှိနေတဲ့သတ္တဝါတွေ မကူးဆက်ဖို့ အရေးကြီး ပါတယ်။ ဒါကြောင့်မို့ တိုက်လိပ်ကြီးတွေရဲ့ ကျန်းမာရေးကို စစ်ဆေးပေးရတာပါ” ဟု Dr.Paul P Calleက ပြောသည်။
ယခုအခါ မန္တလေးမြို့ရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် ကမ္ဘာ့အရှားပါးဆုံး တိုက်လိပ်များကို အောင်မြင်စွာ မွေးမြူနိုင်ပြီဖြစ်ရာ နှစ်စဉ် ဥများကို အကောင်ဖောက်ပေးနိုင်မှုကြောင့် တိုက်လိပ်အကောင်ရေ ၉၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။