ပုံနှိပ်မီဒီယာများကို အစိုးရကအကူအညီမပေးပါက တဖြည်းဖြည်း ခြောက်ကပ်သွားပြီး နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြသည့် တဖက်သတ် သတင်းအချက်လက်များသာ ရသွားနိုင်ကြောင်း တွံတေး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ယနေ့ ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၃၂ ရက်မြောက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာနသို့ လွှတ်တော် ဥက္ကဋ္ဌမှ တဆင့် ပုဂ္ဂလိက သတင်းစာများ အားကောင်းမောင်းသန် ရှင်သန်နိုင်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ အစီအစဉ်ရှိ မရှိဆိုသည့် မေးခွန်းတွင် ထည့်သွင်းမေးမြန်းခဲ့ခြင်းဖြစ်သည်။
ဦးမြင့်လွင်က “သတင်းစာတွေ လျော့နေကြနေတယ်။ ဒီအနေအထားကို နိုင်ငံတော် အစိုးရက လိုအပ်တဲ့ အကူအညီပေးမှ မပေးရင် တဖြည်းဖြည်း ခြောက်ခမ်းသွားပြီးတော့ ကျနော်တို့ ပြည်သူတွေဟာ တဖတ်သတ်ပေးတဲ့ သတင်းတွေပဲ ရသွာပါမယ်” ဟု လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ဆက်လက်၍ ပုဂ္ဂလိက သတင်းစာများ အားလေ့လာချက် အရ 7 Day သတင်းစာသည် ယခင်က တရက်လျှင် စောင်ရေ လေးသောင်းခန့် ထုတ်နေရာမှ ယခု ၂၈၀၀၀ ခန့်သာ ထုတ်နိုင်ကြောင်း၊ Daily Eleven သည် ယခင်က စောင်ရေ ၆၅၀၀၀ ခန့် ထုတ်နိုင်ခဲ့ပြီး ယခု၂၈၀၀၀ ခန့်၊ စံတော်ချိန်သည် ယခင်က ၇၅၀၀၀ ခန့်ထုတ်ရာမှ ယခု ၄၀၀၀၀ ခန့်နှင့် ဒီမိုကရေစီတူဒေးသည် ယခင်က ၉၀၀၀၀ (ကိုးသောင်း) ခန့် ထုတ်ခဲ့ရာမှ ယခု၂၅၀၀၀ ခန့်သာ ထုတ်နိုင်တော့ကြောင်း ကျန်သည့် သတင်းစာများမှာလည်း ယခုကဲ့သို့လျှော့ချ ထုတ်လုပ်မှုများ ရှိနေကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။
အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် ကာလအတွင်း ပုံနှိပ်မီဒီယာများ၏ လိုအပ်ချက်နှင့် အခန်းကဏ္ဍကို ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ကောင်းစွာ အသိမှတ်ပြုကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်နေသည်မှာ Myanmar Digital News နှင့် News Light of Myanmar သတင်းစာ တို့ကို ပုဂ္ဂလိကနှင့် ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဦးအောင်လှထွန်း က “ဒီနိုင်ငံရဲ့ ဒီမိုကရေစီက ၆ နှစ်သားလောက်ပဲရှိသေးတယ်။ မီဒီယာလွတ်လပ်ခွင့်ကလည်း ၄ နှစ်သားလောက်ပဲ ရှိသေးတယ်။ စီးပွားရေးကလည်း နေသားမကျ သေးဘူး။ တကယ်တမ်း ဒီမိုကရေစီ ခိုင်မာလာတဲ့ အခါကျရင် ဖြစ်သွားမှာပါ” ဟု လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောသည်။
မန္တလေးမြို့ အခြေစိုက် မန္တလေး သတင်းစာပညာကျောင်းမှ ကျောင်းတာဝန်ခံ တဦးဖြစ်သူ ဦးစန်းယုကျော်က “သတင်းစာဘ၀ ကနေကူးလာတဲ့ ပြန်ကြားရေး ဒုဝန်ကြီးဖြေတာက အရင်အစိုးရ လက်ထက်လိုပဲ ယေဘုယျ ဆန်လွန်းတယ်။ မေးတာက တိတိကျကျ ထောက်ပြပြီးမေးပေမယ့် ပြန်ဖြေတာက ၅ နှစ်နေရင်ဘာလုပ်မယ်၊ ၃ နှစ်နေရင် ဘာလုပ်မယ်ဆိုပြီးတိတိကျကျ ဖြေသွားတာဘာမှမရှိဘူး” ဟု ဧရာဝတီသို့ ပြောကြားသည်။
မီဒီယာ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များသည် ယခုကဲ့သို့ လွှတ်တော် အတွင်းမေးခွန်းများ ထုတ်သင့်ကြောင်း၊ မီဒီယာများ အခက်အခဲကို ယခုထက် ပိုမို၍ လွှတ်တော်တွင် အသံထွက်သင့်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။