ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်အားနှင့် စာရေးဆရာဝေဟင်အောင်တို့အား ဖြစ်စဉ်တခုတည်း ပေါ်၌ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းမှာ ဥပဒေနှင့် ညီညွတ်မှု မရှိဟုဆိုကာ အမှုပယ်ဖျက်ပေးရန် ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ တင်ပြလိုက်ကြောင်း သတင်းရရှိသည်။
မတ်လ ၂၈ ရက်၌ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ၇ ကြိမ်မြောက်အဖြစ် စစ်တွေခရိုင် တရားရုံး နှင့် မြို့နယ်တရားရုံးတို့တွင် ရုံးထုတ်အပြီး ယင်းသို့ လျှောက်ထားလွှာတင်ပြခဲ့ခြင်း ဖြစ်ကြောင်း ယင်းအမှုအား လိုက်ပါ ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။
“အမှုချေဖျက်ပေးဖို့ တင်လိုက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ တည်ဆဲ ဥပဒေ ဖြစ်တဲ့ စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆို ရေး ဥပဒေဆိုတာရှိတယ်။ အဲဒီ ဥပဒေမှာ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တခုဟာ ဥပဒေ တရပ် အထက် ပြစ်မှုမြောက် သော်လည်း ဥပဒေတရပ်နဲ့သာ တရားစွဲရမယ်ဆိုပြီး ဖော်ပြထားတယ်။ ဆိုလိုတာက ပြုလုပ်မှုတခုကို ဥပဒေ ၁ ရပ်နဲ့သာ တရားစွဲရမယ်လို့ပြောထားတယ်။ အခု ၃ ရပ်နဲ့စွဲထားတယ်။ ဒါဟာ တည်ဆဲဥပဒေနဲ့ ဆန့်ကျင်နေတယ်” ၎င်းက ပြော သည်။
ယင်းအပြင် ရုံးထုတ်ခဲ့စဉ်ကလည်း ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အမှုနှင့် ပတ်သက်၍ ခရိုင်တ ရားရုံးနှင့် မြို့နယ်တရားရုံးတို့တွင် အမှုများကို ခွဲ၍ တရားစွဲဆိုခြင်းမှာ အချိန်ကုန်ပြီး စွပ်စွဲခံရသူများအနေဖြင့် နစ်နာမှုများ ရှိသဖြင့် တရားစွဲဆိုထားသည့် အမှု ၃ ခုလုံးကို ခရိုင်တရားရုံးသို့ ပြောင်းရွေ့ပြီး တပေါင်းတည်း စစ်ဆေးရန် ရုံးပြောင်း လျှောက်ထားခဲ့ကြောင်းလည်း မိသားစုဝင်များနှင့် အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။
“လက်ရှိအမှု စစ်ဆေးကြားနာနေတာတွေဟာ တရားစီရင်ရေးယန္တရားကို အလွဲသုံးစားလုပ်သလို ဖြစ်နေတဲ့အတွက် ကြောင့် တရားရုံးရဲ့ မူလဘူတ အာဏာအရ အမှုတွဲကိုချေဖျက်ပေးဖို့ တောင်းဆိုခြင်းပဲဖြစ်တယ်” ဦးအောင်ကျော်စိန်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ ရုံးပြောင်းလျှောက်ထားခြင်းနှင့်ပတ်သက်၍ ဧပြီလ ၄ ရက်ကို စစ်တွေမြို့နယ်တရားရုံးက ထပ်မံရုံးချိန်း ပေးလိုက် ကြောင်း သိရသည်။
ရုံးထုတ်လာစဉ်အချိန်၌ ဒေါက်တာအေးမောင်က ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မ အဖြစ် ကြားသိရသည့်အတွက် ဝမ်းသာ ကြိုဆိုကြောင်းနှင့် ၎င်းသည် နိုင်ငံရေးအကျဉ်းသား တစ်ယောက် ဖြစ်ခဲ့ဖူးကာ ဥပဒေကြောင်းအရ နားလည်သူဖြစ်သည့် အတွက်ကြောင့် အားကိုးမိသည်ဟု ဆိုသည်။
“ဦးဝင်းမြင့် နိုင်ငံတော်သမ္မကြီး ဖြစ်မယ်ကြားလို့ ဝမ်းသာတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့လည်း ကျ နော်တို့ မေတ္တာရပ်ခံတယ်။ ကျနော်တို့လို စစ်ဆေးခံနေရဆဲ ပုဂ္ဂိုလ်တွေ အဲဒါလေးတွေကိုလည်း စဉ်းစားဆင်ခြင်ပေးပါ။ အကုန်လုံးက ငြိမ်ငြိမ်းချမ်းချမ်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်နိုင်မယ်ဆိုရင် ကျနော်တို့လို ၅၀၅ (ခ)၊ ၊ ၁၇ (၁) နဲ့ စွဲ ထားတာတွေလည်း အများကြီး ရှိတယ်။ အဲဒါတွေကို သမ္မတဖြစ်တာနဲ့ လွှတ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့လည်း ပင် လုံတက်လို့ ရတာပေါ့ဗျာ” ဟု ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင် အောင်တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်းဟုဆိုကာ အစိုးရက မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့နှင့် အမှုဖွင့်ကာ ဖမ်းဆီးတရားစွဲ ဆိုခဲ့ခြင်း ဖြစ်သည်။