သင်္ကြန်ကာလအတွင်း အရေးပေါ်ထိခိုက်မှုများအပါအဝင် အစုလိုက် အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိမှုများအား ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရရှိစေရန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံများမှ ကြိုတင်ပြင်ဆင်ထားကြောင်း သတင်း ရရှိသည်။
သင်္ကြန်ကာလအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံများ၊ မြို့နယ်အလိုက် ကျန်းမာရေးဌာနများ၊ မြို့နယ် ဆေးရုံများတွင် အသင့် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး (ခေတ္တ) ဒေါက်တာနုနုကြည်က ဧရာဝတီသို့ ပြော သည်။
ဒေါက်တာနုနုကြည်က “လူတွေ ထိခိုက်ဒဏ်ရာရလာရင် အရေးပေါ်စောင့်ရှောက်မှုပေးတာ။ အဓိက Heat Stroke (ရာသီ ဥတုပူးပြင်းသဖြင့် အပူရှပ်) တွေ ဘာတွေဖြစ်ရင် အရေးပေါ် ပြဿနာတွေကို ချက်ချင်း ဖြေရှင်းပေးတာ။ သင်္ကြန်အတွက် မှန်းပြီး ဆေးဝါးဖြည့်တင်းတာတို့ လုပ်ထားတယ်။ အရေးပေါ် အစုလိုက် အပြုံလိုက်ဖြစ်တာမျိုး အရင်ကဆို ရှိဖူးတယ်လေ။ ဗုံးပေါက်တာတို့ ဘာတို့ အစုလိုက် အပြုံလိုက် ထိခိုက်ရင် ဘာလုပ်မယ်ဆိုတာ ကြိုတင်ပြီးတော့ ဒီလိုဖြစ်လာရင် ဘာလုပ် မယ်ဆိုတာ Plan ရှိတယ်။ ဖြစ်တာ မဖြစ်တာထက် ဖြစ်လာရင် ဘာလုပ်မယ်ဆိုတာ ကြိုပြင်ထားတယ်”ဟု ဆိုသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပြင် သင်္ဃန်းကျွန်းစံပြဆေးရုံ၊ အင်းစိန် ဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံနှင့် ရန်ကုန်ဆေးရုံ သစ်ကြီးနှင့် အသည်းရောဂါ အထူးကုဆေးရုံကြီးစသည့် အထူးကုဆေးရုံများအပါအဝင် ဗဟိုအဆင့်ဆေးရုံ ၂၀ တွင် အရေး ပေါ်ဌာနကို ၂၄ နာရီဖွင့်လှစ်ထားသကဲ့သို့ မြို့နယ်အဆင့် ဆေးရုံ ၂၈ ခုကိုလည်း ၂၄ နာရီ ဖွင့်လှစ်ပေးထားမည်ဖြစ် ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်အထွေထွေဆေးရုံကြီး အရေးပေါ်ဌာန၌လည်း ပုံမှန်တာဝန်ချထားသည့် ဝန်ထမ်း အင်အားထက် ၂ ဆနီးပါးခန့် တိုးပြီး တာဝန်ခွဲဝေချထားပေးကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့်က ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး ၎င်းက “ဒီကာလအတွင်းမှာ အမြဲတမ်း လုပ်လေ့ရှိတယ်။ ရန်ကုန်မြို့မှာ ကျမတို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကလည်း အရေးကြီးဆုံးဌာန ဖြစ်နေတော့ ရာထူးအကြီးဆုံးကနေ ဟိုး အောက်ခြေအလုပ်သမားအထိ အင်အားအပြည့် နှစ်ဆနီးပါး တာဝန်ချထားပါတယ်” ဟု ဆိုသည်။
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာသည့် အရေးပေါ်လူနာအများစုမှာ ယာဉ်တိုက်မှုကြောင့် ဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း အရေးပေါ်ဌာနသို့ လူနာ ၈၉၀ ကျော် ရောက်ရှိကုသမှု ခံယူခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ မဏ္ဍပ်များတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သတ်မှတ်ထားသော ဆေးရုံ ကြီးများ၌ လူအင်အား၊ ပစ္စည်း အင်အား၊ ဆေးဝါး၊ သွေး အစရှိသည့် လိုအပ်ချက်များကို လုံလောက်အောင် ဖြည့်ဆည်းထားပြီး ရန်ကုန်မြို့တွင်းရှိ ဗဟိုအဆင့် ဆေးရုံကြီးများအပြင် မြို့နယ်ဆေးရုံများတွင် လည်း အလားတူ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားကြောင်း သိရသည်။
ဒေါက်တာနုနုကြည်က “အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုက ဆေးရုံတိုင်းမှာ ၂၄ နာရီ ပေးနိုင်တယ်။ ဆေးရုံမရှိ လည်း မြို့နယ် ကျန်းမာရေးဌာနတွေမှာ ရုံးချိန် (နံနက် ၉ နာရီမှ ၄ နာရီ) အတွင်း စောင့်ရှောက်မှု ပေးနိုင်တယ်” ဟု ဆို သည်။
၂၀၁၇ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် စုစုပေါင်း အမှု ၁၂၀၀ ဖြစ်ပွားခဲ့ပြီး သေ ဆုံးသူ ၂၈၅ ဦး၊ ဒဏ်ရာရရှိသူ ၁၀၇၃ ဦး ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် မဟာသင်္ကြန်ကာလတွင် ပြစ်မှုပေါင်း ၉၆၇ မှု၊ သေဆုံးသူ ၂၇၂ ဦး၊ ဒဏ်ရာရရှိသူ ၁၀၈၆ ဦးရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။