သတင်း

Reuters သတင်းထောက်များအမှု နိုင်ငံတကာလူ့အခွင့်အရေးရှေ့နေ လိုက်ပါဆောင်ရွက်

အစိုးရ လျှို့ဝှက် စာရွက်စာတမ်းများ ပေါက်ကြားမှုဖြင့် တရားစွဲခံနေရသည့် Reuters သတင်း ထောက် ၂ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ဥပဒေအထောက်အကူအဖွဲ့သို့ ထင်ရှားသည့် လူ့အခွင့် အရေးရှေ့နေ အေမယ်ကလူနေး ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်း၏ ရုံးက မနေ့က ပြောသည်။

ရှေ့နေ အေမယ်ကလူနေးသည် ဟောလီးဝုဒ်၏ နာမည်ကျော် ရုပ်ရှင်မင်းသားကြီး ဂျော့ကလူးနေး၏ ဇနီးဖြစ်ပြီး၊ သူမက အမှု၏ ရလာဒ်က တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကတိကဝတ် ဘယ်သို့ ရှိသည်ဆိုသည်ကို အများကြီး ပြောပြနိုင်ကြောင်းလည်း ဆိုသည်။

“ဝလုံးနဲ့ကျော်စိုးဦးတို့ဟာ သတင်းပို့မိလို့ ရိုးရိုးရှင်းရှင်းပဲ တရားစွဲခံနေရတာပါ။ ကျမက အမှုတွဲကို သုံးသပ်ပြီးပါပြီ။ သူတို့နှစ်ယောက် အပြစ်ကင်းတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ချက်ချင်း ပြန်လွှတ်ပေးသင့်ပါတယ်” ဟု အေမယ်ကလူနေးက သူမရုံးမှထုတ်ပြန်သည့်ကြေညာချက်တစောင်ကို ကိုးကား၍ ပြောဆိုသည်။

Reuters သတင်းဌာန၏ အကြီးအကဲ ဂါးလ်ဂေါ့ဗ်ကလည်း လူ့အခွင့်အရေး ရှေ့နေ အီမယ်ကလူနေး ရောက်ရှိလာ ခြင်းက မိမိတို့ ကုမ္ပဏီ၏ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်မှု ပိုမိုအားကောင်းစေပြီး၊ မိမိ သတင်းထောက်များ ပြန်လည်လွတ် မြောက်ရေး ကြိုးပမ်းမှုအတွက် ပိုမိုဖြည့်ဆည်းပေးရာ ရောက်ကြောင်း ဆိုသည်။

အသသက် ၃၁ နှစ်အရွယ်ရှိ ဝလုံးနှင့် အသက် ၂၈ ရှိ ကျော်စိုးဦးတို့ကို ရခိုင်ပြည်နယ် အင်းဒင်ရွာ လူသတ်မှုနှင့် ပတ်သက်၍ သတင်းရယူခြင်းကြောင့် အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေ ဖြင့် စွဲချက်တင်ထားပြီး၊ ယင်းဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၁၄နှစ်အထိ ချမှတ်နိုင်သည်။

သတင်းထောက်နှစ်ဦး၏ရှေ့နေများက ယင်းအမှုတွက် စွဲချက်တင်ရန် သက်သေအထောက်အထား မခိုင်လုံဟုဆို၍ အမှုရုတ်သိမ်းပေးပါရန် ပြီးခဲ့သည့် ဗုဒ္ဒဟူးနေ့က တရားရုံးကို လျှောက်လဲခဲ့ကြသည်။

မြန်မာအစိုးရ၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယင်းအမှုကို မှတ်ချက်ပေးရန် ငြင်းဆန်ထားပြီး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဟောက်ဒိုဆွမ်းကလည်း Reuters သတင်းထောက် ၂ဦးကို ဖမ်းဆီးခြင်းမှာ သတင်းပေးပို့ မှုကြောင့် မဟုတ်ဘဲ၊ အစိုးရ၏ လျှို့ဝှက် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုကြောင့် ဖြစ်ကြောင်း ပြီးခဲ့သည့်လ ပြောကြားခဲ့သည်။

သို့သော် အဆိုပါ သတင်းထောက် ၂ဦးကမူ ရန်ကုန်မြို့ မြောက်ပိုင်းရှိ စားသောက်ဆိုင် တဆိုင်တွင် ယခင်က မမြင်ဖူး သည့် ရဲအရာရှိများနှင့် ညစာအတူစားရန် ချိန်းဆိုမှုကြောင့် သွားရောက်စဉ် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ချက်ခြင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့တို့၏ ဆွေမျိုးများကို ရင်ဖွင့်သည်ဟု Reuters က ရေးသားသည်။

၎င်းသတင်းထောက် ၂ဦးဖြစ်သည့် ဝလုံးနှင့်ကျော်စိုးဦးကို ဒီဇင်ဘာလ ၁၂ ရက်စပြီး အချုပ်ချထားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန် – အမှန်တရားကို မျက်ကွယ်ပြု၍ မရကြောင်း ဖမ်းဆီးခံ Reuters သတင်းသမား နှစ်ဦး ပြော

Loading