သတင်း

ပြည်သူများ မြင်တွေ့ချင်သည့် အပြောင်းအလဲကို ဖော်ဆောင်မည်ဟု သမ္မတသစ် ကတိပြု

Want create site? Find Free WordPress Themes and plugins.

ပြည်သူများ မြင်တွေ့ချင်သည့် အပြောင်းအလဲများကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်အောင် မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်မည်ဟု သမ္မတသစ် ဦးဝင်းမြင့်က သူ၏ ပထမဆုံး ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သည်။

မတ်လ ၃၀ ရက်၌ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်၌ ကျင်းပသော သမ္မတသစ် ဦးဝင်းမြင့် ကတိသစ္စာ ပြုခြင်း နှင့် မိန့်ခွန်းပြောကြားခြင်း အစီအစဉ်တွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်က “ကျတော်တို့ တွေ့ကြုံခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေ ကျော်လွှားဖြတ်သန်းခဲ့ရတဲ့ အကျပ် အတည်းတွေ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် မိဘပြည်သူများ လိုလား တောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မျက်ခြည်ပြတ်မခံဘဲ အဂတိတရား ကင်းရှင်းစွာနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ဆက်လက်၍ နိုင်ငံတကာ မျက်နှာစာတွင်လည်း ဖိအားပေးမှုများ၊ ဝေဖန်မှုများနှင့် အထင်အမြင် လွဲမှားမှုများကိုလည်း ရင်ဆိုင်နေရကြောင်း၊ ပြည်သူများအနေဖြင့် ယနေ့ တွေ့ကြုံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများ အရာရာ တိုင်းကို အလွယ်တကူ မဖြေရှင်းနိုင်ပေမယ့်လည်း အစွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး ဦးစားပေးကဏ္ဍ အလိုက် ဖြေရှင်း ဆောင်ရွက် သွားမည်ဟု ပြောသည်။

ဦးဝင်းမြင့်က “ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင် နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိ လိုက်စားမှုကို ပိုမို တိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက် ခံရခြင်းများကို မြှင့်တင် ကာကွယ်ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမို နှိမ်နင်းရပါလိမ့်မယ်”ဟု ပြောကြား သည်။

နိုင်ငံ၏ အဓိက ရင်ဆိုင်ဖြေရှင်း နေရသည့် ပြဿနာများကို ကဏ္ဍအလိုက် ဆောင်ရွက်သွားမည် ဟုလည်း သမ္မတက ထည့်သွင်း ပြောကြားသည်။

မန္တလေးတိုင်း ဝန်ကြီးချူပ် ဒေါက်တာ ဇော်မြင့်မောင်က “ဦးဝင်းမြင့်က နိုင်ငံရေး အတွေ့အကြုံကလည်း ၈၈ ပါတီ ထောင်ကတည်း က ပါလာတဲ့သူဆိုတေ့ာ ဘာမှတော့ ပြောစရာမရှိပါဘူး။ နိုင်ငံရေးရော လွှတ်တော် အပိုင်းမှာရော အတွေ့အကြုံ ရှိပြီးဆိုတော့ အုပ်ချူပ်ရေး အပိုင်းမှာ နက်နက်နဲနဲ ပိုပြီးလုပ်နိုင်မယ်ထင်ပါတယ်”ဟု ယနေ့ ကျင်းပသော လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများအား ပြောသည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတက ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် ဆုံးရှုံးမှုမရှိစေရန် စီမံခန့်ခွဲသွားမည် ဖြစ် ကြောင်း၊ ဥပဒေမဲ့ သိမ်းဆည်းခဲ့သည့် လယ်ယာမြေများပြန်လည်ရရှိရေး၊ လျော်ကြေး နစ်နာကြေး ရရှိရေးတို့ကို ဥပဒေ နှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူလယ်သမားများ၏ လူနေမှု ဘဝမြင့်မား တိုးတက်ရေး၊ အလုပ်သမား များ ၏ ဘဝသာ ယာစိုပြေရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့် ရရှိရေး စသည်တို့ကို ဖော်ဆောင်သွားမည်ဟု ဆိုသည်။

မအူပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက “ဒီနေ့ သမ္မတကြီး ပြောသွားတဲ့ မိန့်ခွန်းဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ကိုက်ညီတယ်။ ဒါကြောင့် သိပ်ကောင်းတဲ့ မိန့်ခွန်းလို့ ပြောချင်တယ်။ ပြောတဲ့ အတိုင်း တကယ် အလုပ်လုပ်ဖို့ အတွက် သမ္မတကြီး တယောက်တည်း တာဝန်ရှိတာ မဟုတ်ဘူး။ ပြည်သူ တွေ ရော ပြည်ထောင်စု အဖွဲ့အားလုံး ပူးပေါင်းဆောင်ရွက်မှု လိုတယ်လို့ မှတ်ချက်ပေးချင်ပါတယ်”ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် (NLD) ၏ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကလည်း သမ္မတပြောသွားသည့် မိန့်ခွန်းမှာ လိုတာကို တိုတိုနှင့် ရှင်းရှင်းလေး ပြောသွားသည့် အတွက် ကျေနပ်ကြောင်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်မည့် သူ တဦးဖြစ်မည်ဟု ယုံကြည်ကြောင်း မီဒီယာများအား ပြောကြားသည်။

သမ္မတက ဦးစားပေး ဆောင်ရွက်သွားမည့် လုပ်ငန်းများမှာ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေး အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တို့ကို ဦးတည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများ မျှော်လင့်နေသည့် အပြောင်းအလဲကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ရန် အတွက် ဆောင်ရွက် ကြိုးပမ်းသွားမည်ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။

မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတ ဖြစ်သော ဦးဝင်းမြင့်သည် ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်၌ ပြည်ထောင်စု လွှတ်တော်တွင် မဲပေးရွေးချယ်ခဲ့ရာမှ ထောက်ခံမဲ ဆန္ဒ ၄၀၃ မဲဖြင့် အများဆုံး ရရှိခဲ့ပြီး သမ္မတ ဖြစ်လာသူ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading