သတင်း

ပုဏ္ဏားကျွန်းတွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်၍ တဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာတွင် မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ရဲ တပ်ဖွဲ့ဝင် အချင်းချင်း စကားများ ရန်ဖြစ်ရာမှ သေနတ်ပစ်ခတ်မှု ဖြစ်ပွားကာ တဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ယိုးတရုတ် ကျေးရွာ ကားဂိတ် ရန်ကုန်-စစ်တွေ ကားလမ်းမ ပေါ်တွင် ယိုးတရုတ် ရဲကင်းစခန်းမှ ရဲတပ်ကြပ် သန်းဖေ၊ ဒုတပ်ကြပ် ကျော်အောင်ဝင်း၊ တပ်သား အောင်ကိုဦး တို့ ၃ ဦးသည် ယိုးတရုတ် ပင်မကျောင်း ဘုရားပွဲ လုံခြုံရေး နှင့် လုံခြုံရေး လမ်းကြောင်း တာဝန် ဆောင်ရွက်နေကြောင်း၊ ရဲတပ်သား အောင်ကိုဦးမှာ ဖုန်းဝင်လာ၍ ဖုန်းပြောနေစဉ် ယိုးတရုတ်ရဲ ကင်းမှူး ရဲအုပ် ဘစံ ရောက်ရှိလာပြီး ဖုန်းပြောသည့်ကိစ္စကို ဆိုဆုံးမကြောင်း၊ ထိုသို့ ဆိုဆုံးမနေစဉ် ဒုတပ်ကြပ် ကျော်အောင်ဝင်း က ရဲအုပ်ဘစံအား မချေမငံပြောဆို၍ ရဲအုပ်ဘစံက ဒုတပ်ကြပ် ကျော်အောင်ဝင်းအား မျက်နှာကို လက်သီးဖြင့် တစ်ချက်ထိုးကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

ယင်းသို့ လက်သီးဖြင့်ထိုးစဉ် ဒုတပ်ကြပ် ကျော်အောင်ဝင်းက ဓားဦးချွန်းဖြင့် တချက်ထိုး၍ ရဲအုပ် ဘစံ၏ ဝဲဘက် နား နောက်တွင် ပြတ်ရှ ဒဏ်ရာ တချက် (မစိုးရိမ်ရ) ရရှိသွားကြောင်း၊ ရဲအုပ်ဘစံကလည်း ၎င်းကိုင်ဆောင်သည့် ခြောက် လုံးပြူး သေနတ်ဖြင့် တချက် ပစ်ခတ်ရာ ဒုတပ်ကြပ် ကျော်အောင်းဝင်း၏ ညာဘက်နားထင်သို့ ကျည်ဆန် ထိမှန်ပြီး ဝဲဘက်နားထင်သို့ ဖောက်ထွက် သွားကြောင်း၊ ၎င်းတို့ နှစ်ဦးအား ယိုးတရုတ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ သေနတ် ဒဏ်ရာ ရရှိသွားသော ဒုတပ်ကြပ် ကျော်အောင်ဝင်းသည် ည ၈ နာရီ ကျော် အချိန်တွင် သေဆုံးသွားခဲ့ ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့ရာ သဲတက် ရဲစခန်းမှ ပ နံပါတ် ၇ ဖြင့် အမှုဖွင့်ထားသည့် အတွက် အသေးစိတ်ကို သဲတက် ရဲစခန်းမှူးကိုသာ ဆက်သွယ် မေးမြန်း ရန် ပုဏ္ဏားကျွန်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် တင်မောင်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယင်းဖြစ်စဉ် အတွက် ပုဏ္ဏားကျွန်းမြို့နယ် သဲတက် ရဲစခန်းက ပ / ၇ ၊ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်

Did you find apk for android? You can find new Free Android Games and apps.
Loading