သတင်း

ထိုင်းအစိုးရက အလုပ်သမားများ ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းတိုးရန် ရက်ထပ်တိုးပေး

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံအတွင်း၌ လာရောက်၍ အလုပ်လုပ် ကိုင်နေကြသော ရွှေ့ပြောင်း အလုပ်သမား များကို ဗီဇာနှင့် အလုပ်လုပ်ခွင့် (Work Permit) သက်တမ်းတိုးရမည့် ရက် နောက်ထပ် အချိန် ၃ လ တိုးပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က သတင်းထုတ်ပြန်ချက်အရ ထိုင်းအစိုးရ အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ အတွက် ဗီဇာနှင့် အလုပ်လုပ်ခွင့် (Work Permit) သက်တမ်းတိုးရမည့် နောက်ဆုံး ရက်ကို မူလက ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက် သတ်မှတ်ထားရာမှ ၂၀၁၈ ဇွန်လ ၃၀ ရက်နေ့ အထိ တိုးမြင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်)

သတင်းထုတ်ပြန်ချက်တွင် “အစိုးရအဖွဲ့အနေနဲ့ အထောက်အထားမဲ့ နေထိုင်ကြတဲ့ ကျန်ရှိနေသေးတဲ့ ရွှေ့ပြောင်းအလုပ်သမား ၈ သိန်း ၈ သောင်းလောက်ကိုလည်း မှတ်ပုံတင်ရမယ့် နောက်ဆုံး ရက်ကို မတ် ၃၁ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ နောက်ဆုတ် ရွှေ့ဆိုင်းပေးလိုက်တယ်” ဟု ဆိုသည်။

သို့သော်လည်း မှတ်ပုံမတင်ရသေးသော ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ဘန်ကောက်မြို့နှင့် နိုင်ငံအဝှမ်းတွင် ဖွင့်လှစ် ထားသော အလုပ်သမားရုံးများတွင် လိုအပ်သည့် စာရွက်၊ စာတမ်းများကို မတ်လ ၃၁ ရက်နေ့ မတိုင်မီ တင်သွင်းရန် လိုအပ်ပြီး ထပ်မံလိုအပ်သည့် ဆေးစာ အထောက်အထားများကိုသာ ဇွန်လ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်း အချိန် ပေးသွားမည်ဟု ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားများ ကူညီရေးအဖွဲ့ (MAP Foundation) အဖွဲ့၏ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းတာဝန်ခံ ထောင်းခမ်း က “မတ်လ ၃၁ ရက်နေ့ အတွင်း နာမည်စာရင်းသွားသွင်းပေးထားပြီးတော့ တုံကင်သွားယူထားပေါ့။ လုပ်နည်း လုပ်ဟန်တွေကြတော့ သူတို့ ပြောင်းလိုက်မယ်လေ။ အဲတုံကင်ပေါ်မှာ မူတည်တယ်။ ဘယ်နေ့ ဘယ်ရက်၊ ဘယ်လမှာ လာလုပ်ဆိုတာ ၃၀ ရက် ၇ လပိုင်းအထိပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်)

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း သန်းနှင့်ချီ၍ ရှိနေပြီး ယခုလထဲတွင် ဘန်ကောက်နှင့် ချင်းမိုင်မြို့များရှိ One Stop Service (OSS) ရုံးများတွင် လာရောက်၍ ဗီဇာသက်တမ်းတိုးသူများ၊ အလုပ်လုပ်ခွင့် (Work Permit) လျှောက်ထား သူများ အဆမတန်များပြားလွန်းနေသဖြင့် ယခုကဲ့သို့ ရက်တိုးပေးလိုက်ခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားများ အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပြောသည်။

ချင်းမိုင်မြို့ပေါ်မှာတော့ ချင်းဒေါင်း၊ လမ်းဖွန်း၊ ဖန်း အပါအဝင် ချင်းမိုင်ခရိုင် အတွင်းရှိ မြို့များကပါ လာရောက်၍ ဗီဇာသက်တမ်း တိုးသူများ၊ Work Permit လျှောက်ထားသူများ များပြားနေသဖြင့် မတ်လ တတိယ ပတ်ကစ၍ ရက်ပေါင်းများစွာ ဒုက္ခခံ၍ ညအိပ်စောင့်နေရသူများရှိနေကြောင်း ကိုယ်တိုင် ဗီဇာသက်တမ်း သွားတိုးနေသည့် မခမ်းဒီး က ဧရာဝတီသို့ ပြောသည်။

ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်)

မခမ်းဒီး က “မနက်ကနေ ည သန်းခေါင်ကျော်ထိ သူတို့ပြန်ခိုင်းမှ ပြန်လို့ရတယ်။ ဘာလို့လဲဆိုတော့ သူတို့မပြန်ခိုင်းပဲ ပြန်လိုက်တာတို့ ထမင်းသွားစားတာတို့ ဆို ကိုယ့်ကိုခေါ်လို့ကျော်သွားရင် အစကနေပြန်စရမယ်။ ဒုက္ခအရောက်ဆုံးက မွေးကင်းစ ကလေးအမေတွေ။ အလုပ်သမားတော်တော်များများက စာမဖတ်တတ်တော့ ကိုယ့် တုံကင်နံပတ်ကိုတောင် မကြည့်တတ်တဲ့သူရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

OSS ရုံးတွင် ဗီဇာသက်တမ်း တိုးသူများ၊ Work Permit လျှောက်ထားသူများ၏ ပြောပြချက်အရ အလှည့်ကျရန် စောင့်နေကြသည့် လူအုပ်များကြားတွင်ပင် လူသေဆုံးမှုများ ရှိခဲ့ကြောင်း ကိုယ်တိုင် သွားရောက်၍ ဗီဇာသက်တမ်း တိုးသူ တချို့က ပြောသည်။

သို့သော် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး က OSS ရုံးတွင် ဗီဇာသက်တမ်း တိုးရန် စောင့်ဆိုင်းရင်း လူသေဆုံးမှုရှိသည်ဆိုသည့် သတင်း မရရှိသေးကြောင်း ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်မှုများ ရှိသည့် သတင်းများကို တော့ကြားသိရကြောင်း ဧရာဝတီသို့ ပြောသည်။

ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်)

ဦးစန်းမောင်ဦး က လူသေမှုနှင့်ပတ်သက်၍ “အဲဒါတော့ မကြားသေးဘူး။ ကြားတာတော့ နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်သည် လာတော့ မွေးပေးရတာမျိုး၊ လာရင်းနဲ့ ကျန်းမာရေးစစ်ပြီးတော့ မကောင်းတဲ့အခါကြတော့ မူးမိုက်ပြီးလဲတာမျိုးတော့ ရှိပါတယ်” ဟု ပြောသည်။

MAP Foundation အဖွဲ့၏ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းတာဝန်ခံ ထောင်းခမ်း ကလည်း “အလုပ်သမားတွေအနေနဲ့ နေ့စဉ်ရက်ဆက် စောင့်နေရတော့ အခက်အခဲက နေပူတယ်။ စောင့်နေတဲ့နေရာတွေက အရိပ်မရှိဘူး။ အိမ်သာကလည်း မလုံလောက်ဘူး။ အိမ်သာရေမရှိဘူး။ ညစ်ပတ်တယ်။ အမှိုက်တွေဆိုလည်း လာမရှင်းပေးဘူးပုံနေတာ” ဟု ဆိုသည်။

ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်)

ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ယခုကဲ့သို့ အခက်အခဲများ ကြုံတွေ့နေရခြင်းမှာ နှစ်နိုင်ငံ အစိုးရများအနေဖြင့် ဗီဇာသက်တမ်း တိုးသူများ၊ အလုပ်လုပ်ခွင့် (Work Permit) လျှောက်ထားရန်အတွက် နေရာနှင့် ဝန်ထမ်း အင်အား အလုံ အလောက် ချထားပေးမှု မရှိခြင်းနှင့် အဂတိ လိုက်စားမှုများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက ပြောသည်။

ထောင်ခမ်း က “ခပ်များများက ကိုယ့်သူဌေးနဲ့ ကိုယ်တိုင် တုံကင်သွားယူရင် တော်တော်ကြာတယ်။ ပွဲစားနဲ့ တုံကင်သွားယူရင် မြန်တယ်။ အလုပ်သမားတွေဆို တုံကင်ယူခတောင် ပွဲစားငှားပြီးသွားယူခိုင်းမှ ရတယ်။ တယောက်ကို ဘတ် ၁ ထောင် (ကျန် ၄ သောင်းခန့်) ပေးရတယ်။ ရက်က အရမ်းကပ်နေတော့ ဖောင်ဖြည့်ခတောင် ဘတ် ၁ ထောင်၊ ၅ ရာ ယူတယ်။ ပွဲစားတွေ ကြီးစိုးနေတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ ကိုယ်တိုင် ဘန်ကောက်သို့ ရောက်ရှိလာပြီး ရွှေ့ပြောင်း အလုပ်သမားအရေးနှင့်ပတ်သက်၍ အလုပ်သမားအရေး ဆောင်ရွက်နေသူများ၊ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်)

ထိုသို့တွေ့ဆုံရာတွင် အလုပ်သမားအရေးဆောင်ရွက်နေသူများက မတ်လ ၃၁ ရက်နေ့နောက်ဆုံးထား လုပ်ဆောင်ရမည် ဆိုသည့် သက်တမ်းတိုးခြင်း ကဏ္ဍတွင် မြန်မာလုပ်သားများ များစွာကျန်ရှိနေသေး သဖြင့် ထိုင်းအစိုးရအနေဖြင့် ဖြေလျှော့၍ ပြီးဆုံးသည်အထိ ဆောင်ရွက်ပေးရေး တိုက်တွန်းပေးရန်၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရအကြား တရားဝင်ပြဌာန်းထားသော စာရွက်စာတမ်းများ၏ အဖိုးအခ များကို ပိုမိုကောက်ခံနေခြင်းအား ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးရန်တို့ကို တိုက်တွန်း ခဲ့ကြောင်း သိရသည်။

ထို့အတူ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ လုပ်သားများ ခံစားခွင့်ရရှိရေး၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုများအတွက် နစ်နာကြေးများ ရရှိရန်နှင့် မြန်မာသံရုံး အလုပ်သမားသံအရာရှိများတိုးမြှင့်ချထားပေးရန်နှင့် အလုပ်သမားများ အရေးကို မြန်မာ သံရုံးအနေဖြင့် အချိန်နှင့် တပြေးညီ ကူညီဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ကြကြောင်းလည်း သိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် က “အဖွဲ့အစည်း အသီးသီးက နေပြီးတော့ လုပ်ဆောင်ပေးရမယ်ဟာတွေ ဝန်ကြီးကို အကြံပေးလိုက်တာ။ ကျနော်တို့ရဲ့ အကြံပြုချက်ကိုမှ မနေ့က ၂၉ ရက် နေ့မှာ နိုင်ငံတော်အဆင့် ထိုင်းအစိုးရနဲ့ လူကြီးအချင်းချင်း သွားရောက်တွေ့ဆုံတာ” ဟု ဧရာဝတီသို့ ပြောသည်။

ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်)

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ စာရင်းဇယားများအရ နိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားဦးရေ ၁ ဒသမ ၆ သန်းခန့်ရှိနေပြီး ထိုအထဲမှ ထက်ဝက်ခန့်ကတော့ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသေးသူများ ဖြစ်သည်ဟု ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading