သတင်း

ရွာခံချင်း အချင်းများရာမှ ရဲနှင့်ပါ ပဋိပက္ခဆက်ဖြစ်ပြီး အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ဝက်မှေးရွာဟောင်း နေအိမ်ပြောင်းရွှေ့မှုကိစ္စကို ကန့်ကွက်ခဲ့ရာတွင် ဒေသခံအမျိုးသမီးနှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နှစ်ဦးစလုံး ကျန်းမာရေး မကောင်းသောကြောင့် အချုပ်ဖြင့် ဆေးရုံတက်ရောက်နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်းရှိ ဝက်မှေး ရွာဟောင်း၌ နေအိမ်ပြောင်းရွှေ့မှုကိစ္စကို ကန့်ကွက်ခဲ့သူများကြား ဖမ်းဆီးထိန်းသိမ်းခံရသူတို့မှာ မသွဲ့သွဲ့ဝင်းနှင့် မစန်းစန်းလှတို့ ဖြစ်သည်။

“မနေ့ညက ကျနော်တို့ လိုက်သွားတယ်၊ သူတို့ကို ဆားလင်းကြီးအချုပ်မှာ ချုပ်ထားတာ။ အခု လောလောဆယ် ဆေးရုံမှာ အချုပ်နဲ့ ရှိနေပါတယ်” ဟု ဒေသခံသတင်းထောက် ကိုဘုန်းနိုင်က ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ဝက်မှေးရွာဟောင်းမှ ရွာသစ်သို့ ပြောင်းရွှေ့သည့် နေအိမ် ၇ အိမ်၏ ပစ္စည်းများ သယ်ယူရာတွင် ပစ္စည်းတင်မည့်ကားများကို ရွာအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် ဒေသခံများက ကန့်ကွက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့၍ ပဋိပက္ခဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“ဝက်မှေးရွာဟောင်းကနေ ရွာသစ်ကိုပြောင်းမယ့် ၇ အိမ်က သူတို့သဘောဆန္ဒအရ ပြောင်းကြတာပါ။ အိမ်ဖျက်ပြီး ဖျက်တာတွေကို သယ်တဲ့အခါမှာ ကားနဲ့သယ်ကြမှာ။ သူတို့ဖာသာ သယ်ရင် ဘာမှမဖြစ်ဘူး။ ပြောင်းမယ့် အိမ် ၇ အိမ်က သူတို့အိမ်ရှေ့အထိကို ဝမ်ပေါင်က ကားတွေ ထိုးဆိုက်ပြီးမှ လက်ခံမယ် ဆိုပြီး ပြောကြတာ။ မသွဲ့သွဲ့ဝင်းတို့ကလည်း ရွာစည်းရိုးကနေ ပြောင်းရွှေ့လို့ လွယ်မယ့်နေရာလောက် အထိကို ဝင်ခွင့်ပြုပေးခဲ့ကြတယ်။ အဲဒီမှာ ရွှေ့မယ့်အိမ်တွေက သူတို့က ခိုးထွက်တာမဟုတ်ဘူး၊ တရားဝင် ပြောင်းရွှေ့တာ ဖြစ်တဲ့အတွက် သူတို့အိမ်ရှေ့အထိ ကားရောက်မှ ပစ္စည်းတွေ အရွှေ့ခံမယ်ဆိုပြီး ပြောရာကနေ ရွာသားအချင်းချင်း ဖြစ်ကြတာပါ။ အဲဒီလိုဖြစ်နေတာကို ရဲတွေက ဝင်ခဲ့တာကြောင့် ထိပ်တိုက်တွေ့ ခဲ့ရတာပါ” ဟု ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့သည့် ပဋိပက္ခဖြစ်စဉ်၌ ရှိနေခဲ့သည့် ဒေသခံ သတင်းထောက် ကိုဘုန်းနိုင်က ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ဝက်မှေး ရွာဟောင်းတွင် ယခင်က အိမ်ခြေ ၂၀၀ ခန့်အထိ ရှိခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ရှိနေခြင်းကြောင့် စီမံကိန်းနှင့်လွတ်သည့် နေရာတွင် အစိုးရအဖွဲ့က ရွာအသစ် တည်ပေးထားကြောင်း သိရသည်။

“ဝက်မှေးရွာဟောင်းမှာ အရင်က အိမ်ခြေ ၂၀၀ နီးပါးအထိ ရှိတယ်၊ ပြောင်းတဲ့သူတွေလည်း ပြောင်းသွားကြ ပြီ။ အခုကျန်နေတဲ့အိမ်တွေကို အပြုတ်ဖြုတ်ချင်တဲ့ သဘောပေါ့ဗျာ။ အဲဒါကြောင့် ဝမ်ပေါင်ကနေပြီးတော့ ရဲတွေကို ဖိအားပေးတယ်၊ ဖိအားပေးတော့ ကျနော်တို့ကို မတရားသဖြင့် အကြမ်းဖက်တာပေါ့ဗျာ။ အခုဟာက ကျနော်တို့က တားရုံတားတာ၊ သူတို့ကို လမ်းပိတ်ဆို့မှု လုပ်တာလည်း မဟုတ်ဘူး၊ ကားတွေနဲ့ ရဲတွေ မဝင်ဖို့ မေတ္တာရပ်ခံတာ။ အဲဒါကိုမှ အိမ်ခြေ ၄၀ ကျော်ပဲ ကျန်တော့တဲ့ ကျနော်တို့ ရွာလေးကို မတရား လုပ်တာပါပဲဗျာ” ဟု ဝက်မှေးရွာဟောင်းမှ ဒေသခံ ကိုအောင်ဇော်ဦးက ဆက်လက်ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ဝက်မှေးရွာဟောင်းမှ ရွာသစ်သို့ ပြောင်းရွှေ့ကြမည် ဆိုလျှင် ပစ္စည်းများ သယ်ရန်အတွက် ဝမ်ပေါင်မှ ကားအသုံးပြု၍ သယ်ယူခြင်း၊ ရဲတပ်ဖွဲ့များ ရွာအတွင်း ဝင်ရောက်ခြင်းများကို လက်မခံဘဲ ရွာထိပ်အထိ ပစ္စည်းများကို ထမ်းထုတ်ပြီးမှ သယ်ယူရွှေ့ပြောင်း ကြရမည်ဟူသည့် ဒေသခံများအချင်းချင်း သဘောတူညီမှု တခုယူထားကြောင်း သိရသည်။

“အရင်ရွာကို ဖျက်ခံရတုန်းက ဒေသခံတွေမှာ ခံစားချက်တွေ ရှိခဲ့ကြတယ်။ အရင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်မျိုး ထပ်ပြီး မကြုံတွေ့ချင်တော့တဲ့ အတွက် ရဲနဲ့ ဝမ်ပေါင်က ကားတွေကို အဝင်မခံကြတာပါ။ နောက်ပြီး ရွာဟောင်းကနေ ရွာသစ်ကို ပြောင်းမယ်ဆိုရင် ပစ္စည်းတွေကို သယ်ဖို့အတွက် ရဲနဲ့ဝမ်ပေါင်က ကားတွေ အသုံးပြုပြီး သယ်မယ်ဆိုရင် ရွာထိပ်အထိ ပစ္စည်းတွေကို ထမ်းထုတ်ပြီးမှ သယ်ကြမယ်ဆိုတာကို သဘောတူညီမှု ယူထားကြတာရှိတယ်၊ အဲဒါကို ဖောက်ဖျက်ကြလို့ အချင်းချင်း ပဋိပက္ခဖြစ်ကြရတာပါ” ဟု ကိုဘုန်းနိုင်က ဆက်လက်ပြောသည်။

အဆိုပါဒေသတွင် တခြားအချိန်များ၌ ဝမ်ပေါင်မှ ကျောက်ကားများနှင့် အခြားကားများ ဝက်မှေး ရွာဟောင်း အတွင်းမှ ဖြတ်သန်းသွားလာမှုများရှိနေခြင်းကို ဒေသခံများက လက်ခံပေးထားပြီး အိမ်အပြောင်းအရွှေ့ ပြုလုပ်ကြခြင်း၌ ဝမ်ပေါင်မှ ကားများဖြင့် ရွာအတွင်းဝင်ရောက် သယ်ယူခြင်းကိုသာ ကန့်ကွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

“အိမ်ဖျက်ပြီး ပြောင်းတဲ့သူတွေကို ရွာသူရွာသားတွေက မဖျက်ရဘူး၊ မသယ်ရဘူးလို့ မပြောဘူး။ သူတို့ သဘောနဲ့ သူတို့ ဖျက်တာ၊ သယ်တာကို ရွာရဲ့စည်းကမ်းအရ ကားတွေကို ရွာပြင်မှာထားပြီး သယ်ဖို့ပဲ ပြောခဲ့ကြတာ။ အဲဒီမှာ ပြောင်းတဲ့အိမ်တွေက ဝမ်ပေါင်နဲ့ပေါင်းပြီး လုပ်ခဲ့ကြလို့ ဖြစ်ခဲ့တာ။ သူတို့ကပဲ စပြီး စစ်ခေါ်မှာ၊ ရဲခေါ်မှာဆိုပြီး စပြောခဲ့ကြတာ။ ပြောတဲ့ အတိုင်း တကယ်လည်း ခေါ်လာကြတာ။ သူတို့ ကိုယ်တိုင် ပါဝင်သတ်မှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာဘဲ ဇွတ်လုပ်ခဲ့တာ။ ရွာက အဝင်မခံတော့ ရဲအင်အား အလုံးအရင်းနဲ့ တိုက်ပြီး ဝင်ခဲ့ကြတာ။ အဲဒီမှာ ပဋိပက္ခဖြစ်ပြီး သွဲ့သွဲ့နဲ့ မစန်းလှကို ဖမ်း သွားတာ” ဟု ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မသွဲ့သွဲ့ဝင်း၏ ညီမဖြစ်သူ မဖြူဖြူဝင်းက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များသည် စီမံကိန်းအရ ရွာသစ်သို့ ပြောင်းရွှေ့မည့် အိမ်ထောင်စု ၇ စု ပြောင်းရွှေ့ရာတွင် ပြဿနာဖြစ်မည်ကို စိုးရိမ်သည့်အတွက် လာရောက်ခဲ့ခြင်းဖြစ်ပြီး ဆားလင်းကြီးမြို့နယ်စခန်း၊ ယင်းမာပင် စခန်း၊ ညောင်ပင်ကြီးစခန်း၊ ကနီမြို့ နယ်စခန်းများမှ ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်အထိ ပါဝင် ခဲ့ကြောင်း သိရသည်။

ဝက်မှေးရွာဟောင်းအတွင်းသို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်မှုမရှိစေရန်အတွက် ဒေသခံများက သံပုံးတီး နှင်ထုတ်ခဲ့ဲကြပြီး ပဋိပက္ခဖြစ်စဉ်ကြောင့် ဝက်မှေးရွာဟောင်းမှ မသွဲ့သွဲ့ဝင်းနှင့် မစန်းစန်းလှ တို့နှစ်ဦးအား ဖမ်းဆီးခဲ့ပြီး ဆားလင်းကြီး မြို့နယ် မြို့မရဲစခန်း၌ ပုဒ်မ ၃၃၃/ ၃၄၁ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထိုသို့ အချုပ်ဖြင့် ဆေးရုံတက်ရောက်နေသည့် မသွဲ့သွဲ့ဝင်းနှင့် မစန်းစန်းလှတို့နှစ်ဦးနှင့် ပတ်သက်၍ ဆားလင်းကြီး မြို့နယ် မြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading