သတင်း

YBPC ကုမ္ပဏီ ရှယ်ယာ အမြတ်ဝေစုများ နောက် ၂ နှစ်ကြာမှ ပေးနိုင်မည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်ဘက်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် (YBPC) အနေဖြင့် အမြတ်ဝေစုများကို လာမည့် ၂ နှစ်ကြာမှသာ ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း YBPC တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်မြို့ Dolphin စားသောက်ဆိုင်တွင် မတ်လ ၃၀ ရက်နေ့က ပြုလုပ်သည် YBPS ကုမ္ပဏီ၏ အထူးအထွေထွေ အစည်းအဝေးနှင့် ဒုတိယအကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ယင်းကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်က ပြောသည်။

ဒေါက်တာ မောင်အောင်က “လောလောဆယ်တော့ ကားသစ်တွေနဲ့ပြေးရတာ ဖြစ်တဲ့အတွက် ချက်ချင်းတော့ အမြတ် မပေးနိုင်သေးပါဘူး။ ဒါလဲ မြို့တော်ဝန်ကို ရှင်းပြပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် သေချာတယ် မကြာခင်တော့ အမြတ်ပေးနိုင်မယ်။ ရှယ်ယာ တန်ဖိုး မြင့်အောင် ကြိုးစားမှာ ဖြစ်တဲ့အတွက် အားလုံးကတော့ သူတို့လည်း တော်တော်များများ လက်ခံပါတယ်။ သဘောလဲကျပါတယ်။ မှန်းတာကတော့ နောက်တနှစ်ခွဲ ၂ နှစ်ဆိုရင်တော့ အမြတ်ပေးနိုင်မှာပါ” ဟု ပြောသည်။

YBPC ကုမ္ပဏီသည် စတင်တည်ထောင်စဉ်မှ ယခုအချိန်ထိ အစုရှယ်ယာဝယ်ယူထားသော ရှယ်ယာရှင်များသို့ အမြတ်ဝေစု ခွဲမပေးနိုင်သည်မှာ ၂ နှစ်နီးပါးရှိနေပြီ ဖြစ်သည်။ YBPC သည် ရန်ကုန်ဘက်စ်ကားဝန်ဆောင်မှု (YBS) ကားလိုင်းများဖြင့် ရန်ကုန်မြို့တွင်းတွင် ဝန်ဆောင်မှုများ ပြုလုပ်နေလျှက်ရှိသည်။

အဆိုပါကုမ္ပဏီကို ပထမစတင်ချိန်တွင် ကျပ် ၁၀ ဘီလီယံနှင့် စတင်ခဲ့ပြီး အများပြည်သူမှ ကျပ် ၆ ဒသမ ၄ ဘီလီယံ၊ အစိုးရမှ ကျပ် ၃၅ ဘီလီယံနှင့် စတင်ခဲ့ပြီး လက်ရှိအချိန်တွင် ရှယ်ယာထည့်ဝင်မှု စုစုပေါင်း ကျပ် ၅၇ ဘီလီယံကျော် ရှိနေပြီ ဖြစ်ကြောင်း YBPC ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင် က ပြောသည်။

“YBPC အနေနဲ့ တော့ သိတဲ့အတိုင်းပဲ အစိုးရအနေနဲ့ ထပ်ပြီးတော့ ကားအစီး ၁၀၀၀ ဝယ်တဲ့အချိန်မှာ ကုမ္ပဏီကို အစီး ၅၀၀ ထပ်ပေးပါတယ်။ ပေးတဲ့အပြင် အဲဒီနှစ်မှာပဲ ၅၁ စီး ကုမ္ပဏီက ထပ်ဝယ်လိုက်တော့ အခုအခါမှာ ကားအစီးပေါင်း ၆၁၀ ကျော်ရှိတယ်။ အခုလိုင်းပေါင်း ပြေးနေတာက လိုင်းခွဲက ၁၀ ခွဲလောက်ရှိပါတယ်” ဟု ဒေါက်တာ မောင်အောင် ကပြောသည်။

သို့သော်လည်း လက်ရှိအချိန်သည် ရင်းနှီးမြှုပ်နှံရသည့် အချိန်ဖြစ်ခြင်းကြောင့် ကုမ္ပဏီ၏ ရှယ်ယာ အမြတ်ဝေစုများကို ခွဲပေးနိုင်ခြင်း မရှိသော်လည်း နောက်ပိုင်းတွင် ကုမ္ပဏီမှ ပိုင်ဆိုင်သည့် မြေများကို ဘတ်စ်ကားဝန်းများ တည်ဆောက်ခြင်း၊ ဝန်ဆောင်မှု စင်တာများ တည်ဆောက်ခြင်း နှင့် ယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲခြင်းတို့ဖြင့် အမြတ်ဝေစုများ ရရှိအောင် လုပ်ဆောင်သွားရန် ရှိကြောင်း ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင်များက ပြောသည်။

ယင်းအစည်းဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က “ငွေမြန်မြန်ပေါ်ချင်လို့ ကားထောင်တယ်။ တနှစ် ၂ နှစ် အတွင်းမှာ ကားဖိုးအရင်း ကျေမယ်ဆိုရင် ကားလဲချူံးချူံး လူလည်း ချူံးချူံးကျသွားမယ့် အခြေအနေမျိုးဖြစ်တယ်။ အခုက ခေတ်ကပြောင်းသွားပြီ မရတော့ဘူး။ အဲတော့ဒီမှာ ကားကို သေသေချာချာလုပ်ပြီး ရင်းနှီးထားမယ် ဆိုလို့ရှိရင် ဒါကမလွဲမသွေ လိုကို လိုအပ်တယ်။ ဒါကြောင့် ခေတ်နဲ့အညီ လိုက်ပါလုပ်ဆောင်ရမယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ကားလုပ်ငန်းနဲ့ပတ်သက်ရင် ၂ ခုရှိတယ်။ အရင်းအနှီးထည့်တဲ့အခါ ဘယ်လောက်ရင်းရင် ဘယ်လောက်ပြန်ရမယ်ဆိုတဲ့ဟာသည် ရေတိုနဲ့တော့ ဝင်မလာပါနဲ့။ ရေတိုလုပ်ချင်ရင်တော့ အပွင့်လင်းဆုံးပြောတာ ဖဲရိုက်ပါ။ မြတ်မယ် ရှုံးမယ်တော့မသိဘူး။ မြတ်ရင်တော့ မတရားမြတ်မယ်။ ရှုံးလဲ ခွက်ခွက်လန်အောင် ရှုံးမယ်။ စီးပွားရေးလုပ်ငန်းဆိုတာ အနိမ့်အမြင့် နဲ့သွားရပါလိမ့်မယ်။ ကျနော်တို့ဆီမှာ လွယ်လွယ်နဲ့ ဆူလွယ် နပ်လွယ်တဲ့ လုပ်ငန်းတွေကို သိပ်လုပ်ကြတယ်။ အဲဒါစီးပွားရေးသမားမဟုတ်ဘူး။ တနပ်စားပဲ” ဟု ပြောသည်။

လက်ရှိအချိန်သည် ခေတ်ကာလပြောင်းသွားပြီဖြစ်ပြီး နိုင်ငံရေးတွင် လူထုဗဟိုပြုသည့် နိုင်ငံရေးရှိသကဲ့သို့ စီးပွားရေးသည်လည်း အမှန်တကယ်ကို အရည်အသွေးရှိပြီး ယှဉ်ပြိုင်မှုရှိသည့် စီးပွားရေးစနစ်ဖြစ်ရန်အတွက် စီးပွားရေးဆန်ဆန် လုပ်ငန်းများတွင်သာရင်းနှီး မြှုပ်နှံစေချင်ကြောင်း ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။

လသာမြို့နယ်တွင် နေထိုင်သော YBPC ကုမ္ပဏီမှ အစုရှယ်ယာ ကျပ်သိန်း ၂၀ ဖိုး ဝယ်ယူထားသော ဒေါ်ငြိမ်းအေးချို က “သူတို့ကောင်းသလို စီမံထားတော့ အန်တီတို့က လက်ခံရမှာပေါ့နော်။ အမြတ်ဝေစု ခွဲပေးတဲ့အချိန် ကျရင်တော့ အန်တီတို့က စောင့်မျှော်နေရမှာပဲ။ အခုတော့ ဘာမှ ပြောလို့ မရဘူး။ အပြင်မှာ ပိုက်ဆံထားတာနဲ့ စာရင် ဒီမှာထားတာ ပိုကောင်းတယ်ဆိုပြီး သားသမီးတွေ ရှေ့ရေးကြည့် ပြီး သူတို့အတွက်ထည့်ထားတာ” ဟု ဧရာဝတီသို့ပြောသည်။

ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီ လီမိတက်(YBPC) ကုမ္ပဏီမှ အစုရှယ်ယာတစုလျှင် ကျပ် တသိန်းနူန်း ဖြင့် ရှယ်ယာရှင် အရေအတွက် ၁၈၀၀ ကျော် ရောင်းချထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading