သတင်း

တောင်ကြီး မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ သေဆုံးမှု ဖြစ်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထားသည့် တရားခံအား မတ်လ ၉ ရက်နေ့က အချုပ်ခန်းအတွင်းမှ အချုပ်သားများ၏ ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခံရခြင်းများကြောင့် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ သည်။

သေဆုံးသူမှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ ကိုထူးအောင်(ခ) ကိုအောင်အောင်ဖြစ်ပြီး မယ(ပ) ၁၈/ ၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေး နေသူဖြစ်သည်။

“အခုလို လုံလုံခြုံခြုံရှိတဲ့နေရာမှာ နံရိုး ၆ ချောင်း ကျိုးအောင်ရိုက်တယ်။ ဘေလုံးကွဲအောင်အထိ ရိုက်ခံရတာကတော့ လူ ကြားလို့ မကောင်းဘူးပေါ့။ အပြင်မှာ သူများရိုက်သတ်လို့ သေတယ်ဆိုရင်တောင် လူကြားလို့ကောင်းသေးတယ်၊ အဲဒီ အပေါ်မှာတော့ ကျမတို့အနေနဲ့ ရဲတွေကို သံသယဖြစ်စေပါတယ်”ဟု သေဆုံးသူ ကိုထူးအောင်၏ အစ်မရင်းဖြစ်သူ ဒေါ် ခင်မာဌေးက ပြောသည်။

အဆိုပါ သေဆုံးမှုကို မြို့မရဲတပ်ဖွဲ့စခန်းမှ မိသားစုအား အကြောင်းကြားရာတွင် ဆေးယင်းထပြီး တက်သွားသဖြင့် ဆေးရုံးသို့ ပို့ဆောင်ပေးရာက လမ်းတွင်သေဆုံးခဲ့ခြင်းဟု အကြောင်းကြားခဲ့ပြီးမှ ရင်ခွဲစစ်ဆေးချက်အရ အချုပ်သားများ၏ ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်ခံရခြင်းများကြောင့် သေဆုံးခဲ့ခြင်းဟု သိရှိခဲ့ရသဖြင့် သေဆုံးသူ၏ မိသားစုဝင်များက အဆိုပါရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်များအပေါ် သံသယရှိနေကြောင်း မိသားစုဝင်များက ပြောသည်။

“အချုပ်ထဲမှာ လူတယောက်လုံး အသတ်ခံရတယ်၊ လက်လွတ်စပယ်ဖြစ်တယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပါ။ အခုလိုမျိုး ဘယ်နှယောက်ဖြစ်ခဲ့ပြီးပြီလဲ။ ရှိခဲ့ဘူးသလဲ။ အဲဒီအပေါ်မှာတော့ စိတ်တိုင်းမကျဘူး။ အပြင်မှာ သတ်ခံရတာနဲ့ အချုပ်ခန်းထဲ သတ်ခံရတာ ပုံစံမတူဘူး။ အပြင်မှာ အသတ်ခံရတာမျိုးက မင်းမဲ့စရိုက်ဆန်တယ်လို့ ပြောလို့ရတယ်။ အချုပ်ခန်းထဲမှာ အသတ်ခံရတာကျတော့ ဘာပြောမလဲ၊ ကျူးလွန်တဲ့သူတွေလည်း ထိရောက်တဲ့ ပြစ်ဒဏ်တော့ ခံရစေချင်တယ်၊ နောက် ရဲတပ်ဖွဲ့ရဲ့ ပေါ့လျော့အပိုင်းတွေလည်း ပေါ်လွင်တယ်။ ပေါ်ပေါက်တယ်ဆိုရင် တပ်ဖွဲ့အပေါ်မှာလည်း အရေးယူစေချင်ပါတယ်”ဟု သေဆုံးသူကိုထူးအောင်၏ မိသားစုဝင် ကိုကျော်နိုင်က ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၇ ရက်နေ့က တောင်ကြီးမြို့ မူးယစ်တပ်ဖွဲ့စုမှ မူးယစ်ဆေးဝါးအမှုဖြင့် ကိုထူးအောင်အား ဖမ်းဆီးခဲ့ပြီး မြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ မတ်လ ၈ ရက်နေ့တွင် တောင်ကြီးခရိုင်တရားရုံးတွင် ချုပ်ရမန်ယူ၍ မြို့မစခန်း၌ပင် ချုပ်ထားခဲ့ပြီး ၉ ရက်နေ့က သေဆုံးခဲ့ခြင်းဟု သိရသည်။

“သူ ဒီကို ၇ ရက်နေ့က ရောက်တယ်၊ ဘာမှမဖြစ်ဘူး။ ၈ ရက်နေ့မှာ သူက မူးယစ်ဆေးဝါးအမှုဖြစ်တဲ့အတွက်ကြောင့်မို့ မနက်ပိုင်းမှာ ဆီးစစ်ရတယ်။ ဆီးစစ်တော့ မူခင်းဆရာဝန်နဲ့တွေ့ရတယ်၊ အဲဒီအချိန်မှာလည်း သူ ဘာမှမဖြစ်ဘူး။ ၈ ရက်နေ့မှာပဲ ချုပ်ရမန်ယူတယ်။ ၉ ရက်နေ့မှာ မျက်မြင်ပြန်စစ်ဖို့ စခန်းအချုပ်မှာ ချုပ်ထားတယ်။ ၉ ရက်နေ့မှာက ၁၀ တန်း ကျောင်းသား တယောက် အချုပ်ဖြေရှိနေတော့ ၁၂ နာရီနောက်ပိုင်းမှ မျက်မြင်ပြန်စစ်ဖို့ လုပ်ထားတာ၊ မသွားခင် အခုလို ဖြစ်သွားတာ” ဟု တောင်ကြီးမြို့နယ်၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးဦးက ပြောသည်။

အဆိုပါကဲ့သို့ ချုပ်ရမန်ယူ၍ စခန်းအချုပ်၌ ချုပ်ထားစဉ် မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသူ ကိုထူးအောင်မှာ ဆေးယင်းထခဲ့ကြောင်း စခန်းမှူး ဒုရဲမှူးမျိုးဦး၏ ပြောပြချက်အရ သိရသည်။

“၉ ရက်နေ့ မနက် ၁၀ နာရီ ၅ မိနစ်မှာ သတင်းပို့လာတာနဲ့ ချက်ချင်းသွားကြည့်ပြီးတာနဲ့ လူက အသက်တော့ ရှုသေးတယ်။ တအင်းအင်းနဲ့အော်နေသေးတယ်။ ပြင်ပဒဏ်ရာကြည့်တော့လည်း ဘာမှမရှိဘူးဆိုတော့ ချက်ချင်း တာဝန်မှူးနဲ့အဖွဲ့ ဆေးရုံပို့ဆိုပြီး ပို့လိုက်တယ်။ ဆေးရုံရောက်တော့ဆုံးတယ်။ အဲဒီလိုဆုံးပြီးတော့ နေ့ခင်း ၂ နာရီခွဲမှာ PR လုပ်တယ်၊ PR လုပ်တော့ အဓိကကျတဲ့ မှုခင်းဆရာဝန်ကြီးက နေပြည်တော်ကို ရောက်နေတယ်၊ လက်ထောက်ဆရာဝန်နဲ့ လုပ်တယ်။ အဲဒီလို ရင်ခွဲစစ်ဆေးမှုလုပ်တဲ့အခါ နံရိုး ၆ ချောင်းကျိုးတယ်၊ နံရိုးကြောင့်တော့ မသေဆုံးနိုင်ဘူး၊ ဘေလုံးလေးဆင့် ကွဲသွားတယ်။ ဘေလုံးကွဲ ဝမ်းတွင်းသွေးယိုစိမ့်မှုဖြစ်ပြီး သေဆုံးတယ်လို့ သိရတယ်”ဟု ဒူရဲမှူးမျိုးဦးက ဆက်လက်ပြောသည်။

သေဆုံးသူ ကိုထူးအောင်မှာ နံရိုး ၆ ချောင်းကျိုး၊ ဘေလုံးကွဲ ဝမ်းတွင်းသွေယိုစိမ့်မှုဖြစ်ပြီး သေဆုံးခဲ့ခြင်းကြောင့် ရဲစခန်းမှ အချုပ်ခန်း CCTV များကို ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားမှုအပိုင်းအား မိသားစုအား ခေါ်ယူပြသပေးခဲ့ကြောင်း သိရသည်။

“အဲဒီမှာ CCTV ပြန်စစ် ကြမယ်ဆိုပြီး စစ်တယ်။ CCTV ကိုကြည့်တော့ မလိုတဲ့အပိုင်းတွေကို ပယ်တယ်။ မလိုတဲ့အပိုင်း ဆိုတာက ၇ ရက်နေ့ရောက်တယ် ဘာမှမဖြစ်ဘူး၊ ၈ ရက်နေ့ ချုပ်ရမန်ယူပြီးတော့လည်း ဘာမှမဖြစ်ဘူးဆိုတော့ သူ တကယ်ဖြစ်မယ်ဆိုရင် ၈ ရက်နေ့ ညပိုင်းနဲ့ ၉ ရက်နေ့ မနက် ၁၀ နာရီအတွင်းမှာ ဘာဖြစ်သလဲ၊ ဒါကို ကျနော်တို့က CCTVကနေ ပြန်ကြည့်တယ်။ ပြန်ကြည့်တဲ့အခါကျတော့ လှုပ်ရှားမှုက ဘယ်အချိန်က စတွေ့သလဲဆိုရင် ၉ ရက်နေ့ မနက် ၈ နာရီ ၂၃ မိနစ်မှာ သူက ယင်းထပြီးတော့ ရေချိုခန်း အိမ်သာဘက်မှာ ရေအိုင်တော့ သူက ပူတော့ အဲဒီမှာ သွားလှိမ့်တယ်၊ လှိမ့်တော့ ကျန်တဲ့သူတွေက ဆွဲသွင်း အဝတ်အစားတွေ လဲပေး၊ အဲဒီလို မကြာခဏ လုပ်ပေးနေရတော့ ငြိုငြင်လာပြီး ဟို ကောင်တွေက ဖနောင့်နဲ့ နှစ်ချက်ပေါက်တာ အရင်တွေ့တယ်။ နောက်တခါ ၉ နာရီ ၄၅၊ ၄၈၊ ၅၀၊ ၁၀နာရီ အဲဒီမှာ ရိုက်တဲ့ ပုတ်တဲ့ Actionတွေ တွေ့ရတယ်။ အဲဒီမှာ ကျနော်တို့က အဲဒါတွေကို ဖော်ထုတ်လိုက်တော့ ပြစ်မှုကျူးလွန်သူ ၅ ယောက် ရတယ်”ဟု ဒုရဲမှူးမျိုးဦးက ဆက်လက်ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ကိုထူးအောင်အား သဂြိုဟ်ပြီးစီးသည်အထိ မိသားစုဝင်များအနေဖြင့် ဆေးယင်း ထပြီး တက်သွားရာက ဆေးရုံပို့စဉ် သေဆုံးခဲ့ခြင်းဟုသာ သိထားကြောင်း ဆိုကြပြီး ရဲတပ်ဖွဲ့၏ အချုပ်တွင် ဖြစ်ပွားခဲ့၍ ရဲတပ်ဖွဲ့၏ တာဝန်လည်း မကင်းဟုလည်း ဆိုသည်။

“ကျမတို့ကို ပြတဲ့ CCTV မှတ်တမ်းမှာ မနက် ၈ နာရီ ၁၀ မိနစ်ကနေ စရိုက်တာ။ ဆေးယင်းထတယ်၊ ယင်းထတယ်ဆိုက တည်းက အော်ပြီလေ။ အဲဒီလိုအော်လို့ လက်သီးနဲ့ထိုးတာတဲ့။ အော်တဲ့အသံကိုတော့ CCTV မှာ မကြားရဘူးပေါ့။ နောက် လက်သီးနဲ့ထိုးတယ်၊ခေါင်းကို ထိုးတယ်၊ ဆံပင်ကို ဆွဲတယ်၊ နောက်ကျောကို ဖနောင့်နဲ့ပေါက်တယ် ဒါတွေကို မြင်ရတယ်။ အဲဒီကနေ အိမ်သာထဲကို သွားတယ်၊ အိမ်သာထဲကို ဝင်သွားတဲ့အချိန်မှာ အချုပ်သားသုံးယောက်ကပါ လိုက်ဝင်သွားတယ်၊ အဲဒီမှာ သူတို့ ဘာလုပ်တယ်ဆိုတာတော့ ကျမတို့ မမြင်ရဘူး။ အိမ်သာကနေပြန်ထွက်လာတော့ အချုပ်သား သုံး ယောက်က ဒရွတ်တိုက် ဆွဲထုတ်လာတာကို တွေ့ရတယ်။ အပြင်ရောက်တော့လည်း ခြေထောက်တွေနဲ့ ဝိုင်းကန်ကြတယ်။ အဲဒီလောက်ဖြစ်နေပြီး အော်နေ ရိုက်နေတာကို အချုပ်ခန်းစောင့်တဲ့ ရဲက ဘာကြောင့် မတားတာလဲ။ နောက် အဲဒီအချိန်က ရုံးထုတ်တဲ့အချိန်ဖြစ်နေပြီ။ အချုပ်ခန်းထဲကနေ ရုံးထုတ်ဖို့ လုပ်နေတာတွေကို မြင်ရတယ်။ အဲဒီအချိန်မှာပဲ ရိုက်နှက်ခံနေ ရတာတွေကို သေချာမြင်မှာပဲလေ။ သူတို့တားတာ၊ မလုပ်နဲ့လို့ပြောတာမျိုးကို မတွေ့ရဘူး။ မသိဘူးလို့ပဲ ဖြေကြတယ်။ အဲဒီလိုဆိုရင် ရဲတွေက အခုလိုရိုက်နှက်ဖို့ကို ခွင့်ပြုပေးထားသလိုဖြစ်နေတယ်”ဟု ဒေါ်ခင်မာဌေးက ဆက်လက်ပြောသည်။

သေဆုံးသူ ကိုထူးအောင်အား တောင်ကြီးမြို့ရှိ စပ်စံထွန်းဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးချက်ပြုလုပ်ခဲ့ပြီး ဆေးစစ်ချက် အဖြေ တွင် ပြင်ပဒဏ်ရာ မတွေ့ရှိရ၊ နံရိုး ၆ ချောင်းကျိုး၊ ဘေလုံးကွဲ ဝမ်းတွင်းသွေယိုစိမ့်မှုဖြစ်ပြီး သေဆုံးခဲ့ခြင်းဟု ထုတ်ပြန်ပေးထားကြောင်း သိရသည်။

” ၁၁ ရက်နေ့မှာ မှုခင်းဆရာဝန်နဲ့ သွားတွေ့တယ်။ ဆေးစာနဲ့ ပတ်သက်ပြီးမေးတော့ ဆရာဝန်ကြီးက ဆေးစာကို အခုပဲစခန်းက လာယူမှာ၊ ဆေးစာကို ဓာတ်ပုံရိုက်လို့မရဘူး၊ မိတ္တုကူးလို့ မရဘူးလို့ပြောပြီး ပေးဖတ်တယ်။ အဲဒီမှာ ဘာရေးထာသလဲဆိုတော့ နံရိုး ၆ချောင်းကျိုးတယ်၊ ဘေလုံးကွဲတယ်၊ ကျန်တဲ့ ပြင်ပဒဏ်ရာ ဘာမှမရှိဘူး၊ ဘေလုံးကွဲတာကြောင့် ဝမ်းတွင်းသွေးယိုစိမ့်မှုဖြစ်ပြီးသေတယ်လို့ပဲ ပြောတယ်။ ဒါပေမယ့် သေဆုံးသူရဲ့ ဘယ်ဘက်ခြမ်းမှာ ဖူးယောင် ဒဏ်ရာကတော့ ရှိနေတယ်။ သူက အသားမည်းတဲ့သူဆိုတော့ အဲဒီဒဏ်ရာက ပျောက်နေတယ်။ ဒါပေမယ့် ဆေးစာမှာတော့ ပြင်ပဒဏ်ရာမရှိလို့ ပါနေတယ်”ဟု သေဆုံးသူ ကိုထူးအောင်၏ မိသားစုဝင် ကိုကျော်နိုင်က ပြောသည်။

ဆေးပညာရပ်နယ်ပယ်တွင် လူတယောက်သည် ဘေလုံးကွဲခြင်း(သို့) ဝမ်းတွင်းကလီစာ တခုခုချို့ယွင်း၍ ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုဖြစ်ပေါ်လျှင် ထွက်ရှိသော သွေးပမာဏပေါ် မူတည်ပြီး ၂ နာရီမှ ၄ နာရီအတွင်းသာ အသက်ရှင်နိုင် ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် CCTVမှတ်တမ်းကို သေဆုံးသူမိသားစုဝင်များအား ပြသခဲ့သော်လည်း ဖြစ်စဉ်ဖြစ်ပွားသည့် မတ်လ ၉ ရက် နေ့ နံနက်ပိုင်းဖြစ်စဉ်များကိုသာ ပြသနိုင်ခဲ့ပြီး ၈ ရက်နေ့ညပိုင်းမှ ၉ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီအထိဖြစ်စဉ်များကို ပြန် လည်ကြည့်ရှုနိုင်ရန်အတွက် မိသားစုဝင်မျုားက တောင်းဆိုခဲ့ကြောင်းသိရသည်။

CCTV မှတ်တမ်းအစအဆုံး ပြသရန် တောင်းဆိုခဲ့သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် ပြသပေးနိုင်ခြင်းမရှိသလို အဆိုပါမှတ်တမ်းများမှာ ၁၅ ရက်သာ စက်က မှတ်တမ်းတင်သဖြင့် ပျောက်ဆုံးပျက်ဆီးသွားကြောင်း သိရသည်။ ထို့ပြင် ကိုထူးအောင်သေဆုံးသည့်နေ့ရက်တွင် တောင်ကြီးမြို့မစခန်းအတွင်း၌ တက္ကသိုလ်ဝင်တန်း အချုပ်ဖြေကျောင်းသားတဦး ရှိနေခြင်းနှင့်အတူ စာဖြေဌာန ၄ ခုအတွက် လုံခြုံရေးအင်အားများ ချထားပေးရသဖြင့် ရဲစခန်းတွင် လုံခြုံရေးအင်အား လျော့နည်းခဲ့သောကြောင့် ယင်းသေဆုံးမှု ဖြစ်ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

“အဲဒီနေ့က ကင်းမှူးတယောက်နဲ့ ကင်းသားလေးယောက်ရှိတယ်ဆိုပေမယ့် တရားခံတွေ အထုတ်အသွင်းဆိုရင် ရှေ့မှာ အားလုံး ဝိုင်းလုပ်နေကြရတယ်။ နောက် သူ့ကိုချုပ်ထားတဲ့ အခန်း ၅ က နောက်ပိုင်းမှာ ရှိတာဆိုတော့ စခန်းအနေအထား အရ ထွက်ပြေးနိုင်စရ ာမရှိဘူး။ လုံခြုံမှုရှိတယ်။ အဲဒီအတွက်တော့ သူ့ကို ချုပ်ထားတဲ့ အခန်း ၅ ဘက်ကို နည်းနည်းတော့ ပေါ့ လျော့သွားတယ်။ ပေါ့လျော့တယ်ဆိုတာက ၁ဝတန်းဖြေ အချုပ်သားအတွက်ကို ဦးစားပေးပြီး လုံခြုံရေးထုတ်ပေးထားရတဲ့ အတွက်ကြောင့် လုံး၀ တာဝန်ပျက်ကွက်သွားတာတော့ မဟုတ်ဘူး”ဟု ဒုရဲမှူးမျိုးဦးက ပြောသည်။

ယခုအခါ အဆိုပါကဲ့သို့ အချုပ်ခန်းအတွင်း လူသတ်မှုကျူးလွန်သည့်သူများကို တောင်ကြီးမြို့၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးဦးမှ တရားလို ပြုလုပ်၍ (ပ)၂၄၅/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၁၁၄ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

“CCTV မှတ်တမ်းအရ ကြည့်ပြီးတော့ ကျုးလွန်သူတွေကို စစ်မေးတဲ့အခါမှာ အားလုံးက ဝန်ခံကြတယ်။ အဲဒါကြောင့် ကျနော်ကိုယ်တိုင် တရားလိုလုပ်ပြီးတော့ ပထမ သေမှုသေခင်းဖွင့်တယ်၊ နောက် သေမှုသေခင်းကနေ လူသတ်မှု ပြောင်းဖွင့် တယ်။ ပြစ်မှုကျူးလွန်သူ ၅ယောက်လုံးကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဖြောင့်ချက်ယူတယ်။ ဖြောင့်ချက်ယူပြီး တော့ စခန်းပြောင်းချုပ်ရမယ်ဆိုလို့ တောင်ကြီးနယ်မြေစခန်းမှာ ပြောင်းချုပ်ထားပါတယ်။ တရားဥပဒေနဲ့အညီ တရားစွဲဆို တင်ပို့သွားမှာလည်းဖြစ်ပါတယ်”ဟု ဒုရဲမှူးမျိုးဦက ဆက်လက်ပြောသည်။

ယခုအခါ အဆိုပါဖြစ်စဉ်ကြောင့် တောင်ကြီးမြို့ရှိ မြို့မရဲစခန်းမှ တာဝန်ရှိများအား စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်ဆေးပြီး အထက်အဆင့်သို့ ဆက်လက်တင်ပြထားကြောင်း သိရသည်။

“အခုဖြစ်သွားတဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီးတော့ ကျနော်တို့ကို ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုမြို့နယ်ရဲ တပ်ဖွဲ့မှူးတို့ ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီးတော့ မတ်လ ၁၇၊ ၁၈ ရက်တွေက စစ်ဆေးသွားပါတယ်။ စစ်ဆေး ချက်တွေကိုလည်း အထက်ကို တင်ပြထားတယ်လို့ သိရပါတယ်။ ဘယ်လိုအရေးယူမှုတွေ လုပ်မယ်ဆိုတာတော့ ဘာမှ မသိရသေးပါဘူး။ စစ်ဆေးတဲ့အဖွဲ့ရဲ့ သုံးသပ်ချက်ဆိုတာက အထူးလျို့ဝှက်ချက်တွေပါ။ ကျနော်တို့ ဘာဖြစ်မယ်၊ ညာ ဖြစ်မယ်ဆိုတာကိုတော့ ကြိုပြောလို့ မရနိုင်ပါဘူး။ ဒါပေမယ့် ကျနော် ထင်ပါတယ်၊ အရေးယူမှုတွေကတော့ ဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ လူတယောက်လုံး သေဆုံးထားတဲ့ကိစ္စဖြစ်နေလို့ပါ”ဟု ဒုရဲမှူး မျိုးဦးက ပြောသည်။

ဒေါ်ခင်မာဌေးကမူ “ရဲစခန်းအနေနဲ့ တာဝန်ရှိတယ်လို့ ပြောထားတာကြောင့် ဘာတာဝန်ယူမှာလဲဆိုတာကို သိချင်ပါတယ်။ အခုဖြစ်စဉ်မှာ ကျမတို့တောင် ဒီလောက် ခံစားနေရတယ်ဆိုရင် အခုလိုဖြစ်စဉ်မျိုးတွေ ဘယ်လောက်များနေမလဲဆိုတာ ကျမတို့ မသိနိုင်ဘူး၊ ဖြစ်တယ်ဆိုရင်လည်း တိုးတိုး တိတ်တိတ်နဲ့ ပြီးသွားမှာလား၊ ဒါကြောင့် နောက်နောင်မှာ အခုလိုမျိုးတွေဖြစ်လာတယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်ပေးစေချင်ပါတယ်”ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading