အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ အဂတိလိုက်စားမှုနှင့် သက်ဆိုင်သည့် တိုင်စာ ၃ လအတွင်း ၁၇၀၀ ကျော် လက်ခံရရှိထားသည့် အထဲတွင် အများဆုံး တိုင်ကြားခံရသည့် ဝန်ကြီး ဌာနမှာ ပြည်ထဲရေး ဝန်ကြီးဌာန ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ မတ်လ ၃၀ ရက်နေ့ အတွင်း တိုင်ကြားလာသည့် အရေအတွက်မှာ စုစုပေါင်း ၁၇၈၁ စောင် ရှိပြီး ထိုအထဲတွင် ပြည်ထဲရေးဝန်ကြီးဌာနက စုစုပေါင်း တိုင်ကြားစာ ၅၀၀ ကျော်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေခြင်း ဖြစ်ကြောင်း နေပြည်တော် အဂတိလိုက်စားမှုကော်မရှင်ရုံးတွင် ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ကော်မရှင်သို့ ၃ လအတွင်း တိုင်ကြားခံရမှု အများဆုံးထဲ၌ ပြည်ထဲရေး ဝန်ကြီးဌာန နောက်တွင် တရားရေး ဝန်ထမ်းများ မှန်ကန်မှု မရှိသဖြင့် တိုင်ကြားစာပေါင်း ၃၀၀ ကျော်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ၃၀၀ ကျော်၊ ပညာရေးဝန်ကြီးဌာနမှ ၄၈ စောင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ၂၇ စောင်နှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ တိုင်စာ ၁၀၀ ကျော်ပါဝင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင် က ပြောသည်။
ဒေါ်လဲ့လဲ့သွင် က “တိုင်စာတွေကို ကော်မရှင်က မှန်ကန်မှု ရှိမရှိစစ်ဆေးတယ်။ ပြီးရင် သက်ဆိုင်ရာဌာနတွေကို လွှဲပို့တယ်၊ တချို့ တိုင်ကြားစာတွေက အရေးယူလို့ မရဘူး၊ ဘာကြောင့် အရေးယူလို့ မရဘူးဆိုတာကို အကျိုး အကြောင်းနဲ့ တစောင်ချင်း ပြန်ပေးထားတဲ့ အစောင်ရေ ၂၆၁ စောင်ပြန်ထားပြီးပါပြီ” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
သုံးလအတွင်း ရောက်ရှိလာသည့် တိုင်ကြားစာ ၁၇၀၀ ကျော်အနက် စောင်ရေ ၉၄၉ စောင်သည် ကော်မရှင် ဥပဒေနှင့် မညီသဖြင့် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ တိုင်ကြားစာ ၄၇၉ စောင်မှာ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ဆောင်ရွက် သင့်သည့် ကိစ္စများဖြစ်၍ အဆိုပါ ဌာနအဖွဲ့အစည်းများသို့ ပေးပို့ထားကြောင်း သိရသည်။
ထို့အတူ စိစစ်ဆဲတိုင်ကြားစာ အရေအတွက်မှာ ၃၀၄ စောင်ဖြစ်ကြောင်း၊ တိုင်ကြားသည့်အချက် မှန်ကန်မှု ရှိ၊ မရှိ စုံစမ်း စစ်ဆေးမှု မပြုမှီ ကြိုတင်စုံစမ်းနေသော တိုင်စာ အရေအတွက် ၂၀ စောင်ရှိကြောင်း၊ ကော်မရှင်နေဖြင့် စစ်ဆေးနေသည့် တိုင်စာမှာ ၁၁ စောင်သာ ရှိသည်ဟုဆိုသည်။
ကော်မရှင်ရုံးတွင် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ရှိပြီး သတင်းစာများမှ တွေ့ရှိချက် ၊မီဒီယာများမှ ဝေဖန်ချက်များကို ပြန်ကြားရေးအဖွဲ့မှ နေ့စဉ်မှတ်သားထားကြောင်း အကြံပြုချက်၊ ဝေဖန်ချက် အဆိုးအကောင်းစသည့် အချက်များကို အဂတိလိုက်စားမှု ဥပဒေနှင့် အညီအရေးယူသွားမည်ဖြစ်ကြောင်း ကော်မရှင်၏ ပြန်ကြားရေး လုပ်ငန်း ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဟန်ညွှန့် က ဦးဟန်ညွှန့်က ဆိုသည်။
ဦးဟန်ညွှန့် က “သတင်းမီဒီယာတွေနဲ့ ပူးပါင်းပြီးတေ့ာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အရေးယူ ဆောင်ရွက် ရမည်လို့ တရားဥပဒေက တိတိကျကျ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကော်မရှင်သည် မီဒီယာများ အားလုံး၏ ဝေဖန်ရေးသား ထောက်ပြမှုများကို အစဉ်အလေးပြု၍ နေ့စဉ် မှတ်သားလေ့လာနေပါသည်” ဟု ပြောသည်။
ကော်မရှင်ရုံးသို့ ရောက်ရှိသည့် တိုင်ကြားစာများကိုသက်ဆိုင်ရာ ဝန်ကြီးဌာနရုံးများနှင့် မိခင်ဌာနများသို့ လွှဲပြောင်းပြီး ရက်ပေါင်း ၆၀ အတွင်း ယင်းအမှု စစ်ဆေးပြီး အခြေအနေကို ကော်မရှင်ရုံးသို့ ပြန်လည် အကြောင်းရမည် ဖြစ်သည်။
ရောက်ရှိလာသော တိုင်ကြားစာများကို တန်ဖိုးရှိသော တိုင်ကြားစာများ ဖြစ်စေရန်အတွက် ကော်မရှင် ဥပဒေနှင့် အညီပေးပို့ရန်နှင့် ခိုင်လုံသော အထောက်အထားများကို ရနိုင်သမျှ စုစည်းတင်ပြပေးရန် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်မြင့် က ပြည်သူများသို့ သတင်းစာရှင်းလင်းပွဲမှ တဆင့် အသိပေးပြောကြားခဲ့သည်။
ဦးခင်မောင်မြင့် က “ဥပမာ တင်ပြရမယ်ဆိုရင် တရားရုံးမှာ စစ်မေးတဲ့ ပုံစံအတိုင်း တိုင်ကြားစာထဲမှာ အဂတိ ဘယ်လို လိုက်စားလဲ။ ငွေကို ဘယ်လိုတောင်းလဲ။ ဘယ်သူ့ရှေ့မှာ ပေးရသလဲ။ ဘယ်ကိစ္စကို အကြောင်းပြုပြီး ပေးရတာလဲ။ အစရှိတဲ့ အကြောင်း အချက်အလက် အပြည့်အစုံကို ရနိုင်သမျှ မှတ်သားပြီး တင်ပြသင့်ပါတယ်။ ဖုန်းနဲ့ ရိုက် ထားတဲ့ ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေကိုလည်း တင်ပြနိုင်ပါတယ်” ဟု ဆိုသည်။
နိုင်ငံတော် သမ္မတ သစ် ဦးဝင်းမြင့်က ယခုလ ၃၀ ရက်နေ့က ပြောသော ပထမဆုံး မိန့်ခွန်းတွင် ၎င်း၏ ပြည်ထောင်စု အဖွဲ့ရအဖွဲ့ အနေဖြင့် ဦးစားပေးလုပ်ဆောင်ရမည့် ရည်မှန်းချက်များထဲတွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှု-စီးပွား ဘဝ တိုးတက်မြင့်မားရေး အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလည်း ပါဝင်ကြောင်း ပြောဆိုသွားသည်။