ဟောင်ကောင်မှ တရုတ်နိုင်ငံတောင်ပိုင်း နည်းပညာဇုန်တခုဖြစ်သည့် စင်ကျန်းပြည်နယ်သို့ မောင်းသူမဲ့ လေယာဉ်(Drone) များသုံး၍ ယွမ်သန်း ၅၀၀ဖိုး ခန့်ရှိ iPhone ဖုန်းများကို တရားမဝင်သယ်ဆောင် နေသည့် မှောင်ခိုဂိုဏ်းအား တရုတ်အာဏာ ပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါ မှောင်ခိုဂိုဏ်းမှ အဖွဲ့ဝင် ၂၆ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၎င်းတို့သည် ၁၇.၁ ကီလိုမီတာ (၁၀မိုင်ကျော်) ကွာဝေး သည့် ဟောင် ကောင်နှင့် ပြည်မကြီးအကြား မောင်းသူမဲ့လေယာဉ်များဖြင့် အိတ်ငယ်တအိတ်လျှင် ဖုန်း ၁၀လုံး ထည့်ကာ ညလုံး ပေါက်သယ်ဆောင်နေခြင်းဖြစ်ပြီး၊ တညလျှင် စမတ်ဖုန်း ၁၅၀၀ခန့် သယ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
မောင်းသူမဲ့(ဒရုန်း)တွေကို သုံးပြီး နယ်စပ်ဖြတ်ကျော် တရားမဝင်တင်သွင်းမှုမျိုးကို တရုတ်ပြည်၌ ပထမဆုံးတွေ့ရခြင်း ဖြစ်ကြောင်း စင်ကျန်းအကောက်ခွန်အာဏာပိုင်များက သတင်းစာရှင်းလင်းပွဲ တွင် ဆိုသည်။
ကမ္ဘာပေါ်တွင် မောင်းသူမဲ့လေယာဉ်များ အများဆုံးထုတ်လုပ်နေသည့် တရုတ်ပြည်အတွက် အဆိုပါ မောင်းသူမဲ့ ဒရုန်းများကို သုံး၍ မှောင်ခိုပြုလုပ်နေခြင်းကို ထိန်းချုပ်ရေးမှာ အရေးကြီးဆုံး တာဝန် တရပ်ဖြစ်လာသည်။
စင်ကျန်း အကောက်ခွန်ဋ္ဌာန ထုတ်ပြန်သည့် သတင်းတွင် ဒရုန်းသုံး၍ မှောင်ခိုလုပ်မှုကို အဆင့်မြင့် နည်းပညာသုံး ကရိယာ များ သုံး၍ အနီးကပ်စောင့်ကြည်သွားမည်ဖြစ်ကြောင်း၊ နည်းပညာသုံး ကရိယာများနှင့် လိုက်ပါလုပ်ဆောင်နိုင်ရန် ဋ္ဌာန၏ စွမ်းရည်ကိုလည်း မြှင့်တင်ရန်လိုအပ်ကြောင်း၊ ဒရုန်းနှင့် ရုပ်ထွက်မြင့်မားသည့် မော်နီတာများကိုု သုံး၍ မှောင်ခိုပြုလုပ်နေမှု များကို ဖော်ထုတ်ရန် လိုကြောင်းလည်း ဆိုသည်။
တရုတ်အစိုးရသည် ဒရုန်းများနှင့် ပတ်သက်၍ ကိုင်တွယ်ထိန်းသိမ်းရန် စည်းကမ်းများ ထုတ်ပြန်ထားရာ အရပ်သား ဒရုန်း သုံးသူများအနေဖြင့် အမည်မှန်ဖြင့် သယ်ဆောင်နိုင်မည့် အလေးချိန်ပါ မှတ်ပုံတင်ရန်လိုအပ်ကြောင်း ထည့်သွင်းသတ်မှတ်ထားသည်။