သတင်း

မြောင်းမြကြိုးတံတား ပြတ်ကျမှု၊ ကုန်ကားတစီးနှင့် လူနှစ်ဦး ရေထဲပါသွား

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြနှင့် လပွတ္တာမြို့များသို့ အဓိကဆက်သွယ်ပေးသည့် မြောင်းမြကြိုး တံတားသည် ယနေ့ နံနက်စောစော ၁နာရီဝန်းကျင်က ပြတ်ကျသွားရာ ကားပေါ်တွင် ဖြတ်သန်းနေ သည့် ကုန်ကားတစီးနှင့်အတူ လူ ၂ဦး မြစ်ထဲပြုတ်ကျ သွားသည်။

အဆိုပါ ကုန်ကားမှာ တံတားအလယ်သို့ ရောက်ရှိမောင်းနှင်နေစဉ် မြောက်မြမြို့ဘက်ခြမ်းရှိ တံတား ထိန်းကြိုးများ ပြတ်ထွက်ကုန်ကာ တံတားတစင်းလုံး မြောင်းမြမြစ်ထဲသို့ ပြတ်ကျသွားခြင်းဖြစ်သည်၊ ယခုအခါ ကယ်ဆယ်ရေးအဖွဲ့များက မြစ်ထဲ ပြုတ်ကျသွားသည့် ကုန်ကားမှ ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်ကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

မြောင်းမြမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းက “ကြက်စာ တွေ တင်လာတဲ့ ၆ဘီး ကား၊ ဒီနေ့ မနက် အစောပိုင်း ၁နာရီ ၁၅ မိနစ်လောက်မှာ ဖြစ်သွားတာ၊ ကားက တံတားပေါ်မှာမောင်းနေတုန်း မြောင်းမြ ဘက်ခြမ်းက ဆိုင်းထားတဲ့ ကြိုးတွေပြတ်ထွက် ကုန်ပြီး မြစ်ထဲပြုတ်ကျသွားတာ။ ကုန်ကားနဲ့အတူ ကားသမားရော၊ ပိုင်ရှင် ရော ပါသွားတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဝိုင်းရှာနေတာ အခုထိ မတွေ့သေးဘူး”ဟု ဧရာဝတီကို ပြောသည်။

ပြတ်ကျသွားသည့် ကြိုးတံတားမှာ ရန်ကုန်၊ ပုသိမ်စသည့် မြို့ကြီးများနှင့် မြောင်းမြ၊ လပွတ္တာမြို့ နယ်တို့ကို အဓိက ဆက် သွယ်ပေးထားသည့် ကြိုးတံတားတစင်းဖြစ်ပြီး ယခုကဲ့သို့ ပြတ်ကျသွား သည့်အတွက် လပွတ္တာ၊ မြောင်းမြမြို့များသို့ ကုန်းလမ်းသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုအားလုံး ပြတ်တောက်သွားခဲ့သည်။

“မြောင်းမြကြိုးတံတားက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း ကြိုးတွေပြတ်ထွက်ကုန်လို့ တံတားကို ချက်ခြင်းပိတ်ပြီး ပြင်ခဲ့ ရတယ်။ အဲဒီနောက်ပိုင်း အကြီးစားပြင်ဆင်မှုကို ၂၀၁၆ မှာတကြိမ်၊ ၂၀၁၇ မှာ တကြိမ်နဲ့ ၂ ခါလုပ်တယ်လို့ သိရတယ်။ တံတားကိ ုပြင်တယ်လည်းပြောတယ်၊ အခုကျတော့ တံတား တစင်းလုံး မြစ်ထဲ ပြုတ်ကျသွားတယ်။ ဒါတောင် လူ ၂ ယောက်ပဲပါတဲ့ကုန်ကားမို့လို့။ ခရီးသည် တင်ကားသာဆို ဘယ်လိုလုပ်မလဲ။ အခုလိုဖြစ်တာ လက်ရှိထိမ်းသိမ်းစောင့် ရှောက်နေတဲ့အဖွဲ့မှာ တာဝန်ရှိတယ်”ဟု မြောင်းမြမြို့ခံ ဦးကျော်ဝင်းက ပြောသည်။

ကုန်ကားနှင့်အတူ မြစ်ထဲပြုတ်ကျခဲ့သူ ၂ ဦးမှာ မြောင်းမြမြို့ အမှတ် ၈ ရပ်ကွက် နတ်စင်လမ်းတွင် နေထိုင်သူ ယာဉ်ပိုင်ရှင် ကိုအောင်ကြီးနှင့် ယာဉ်မောင်း သန်းဇော်ထိုက် (ခ) မဲကြီးတို့ဖြစ်ကြောင်း သိရသည်။ ကြိုးတံတား ပျက်ကျသည့် နေရာသို့ ယနေ့ နံနက်ခင်းအစောပိုင်းတွင် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးတို့ ရောက်ရှိလာပြီး ကူးသန်းသွားလာမှု ပြတ်တောက်မသွားစေရေးလုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

မြောင်းမြကြိုးတံတား ပြတ်ကျမှုအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် တိုင်းအစိုးရ အဖွဲ့ လုပ်ဆောင်နေစဉ်(ဓာတ်ပုံ – ဧရာဝတီ)

“မြောင်းမြကြိုးတံတားက ပြင်ထိန်းအဆင့် တံတားတစ်စင်းပါ။ ၁၉၉၆ ခုနှစ်ကတည်းက တည်ဆောက် ခဲ့တာ။ အဓိကတော့ မြောင်းမြဘက်ခြမ်းက ကြိုးတွေမခိုင်လို့ ပြတ်ကျတာပါ။ လတ်တလော ဆက်သွယ် ရေး ပြတ်တောက် မသွားဖို့အတွက် ကူးတို့ဇက် ၃ စီး လွှတ်ထားပါပြီ။ မြစ်ကို ဇက်နဲ့ ကူးပြီး သွားလာလို့ရအောင် ချက်ခြင်းစီစဉ်နေပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

မြောင်းမြမြစ်ကူး ကြိုးတံတားကို ၁၉၉၆ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ် အသုံးပြုခဲ့ရာ နှစ်ပေါင်း ၂၀ ကျော် အသုံးပြုချိန် ကြာမြင့်ခဲ့ပြီးနောက် တံတားကြံ့ခိုင်မှု လျော့ကျလာကာ အန္တရာယ် ရှိလာသည့်အတွက် တံတားခံနိုင်ဝန်ကို တန် ၂၀ အထိ လျော့ချအသုံးပြုနေရကြောင်း သိရသည်။

နာဂစ် မုန်တိုင်းကာလတွင် အရေးပေါ်အခြေအနေများအရ တံတားခံနိုင်ဝန် အားထက်ပိုသည့် ကယ်ဆယ်ရေးယာဉ်တန်း များ ဖြတ်သန်းမှုကြောင့် မြောင်းမြကြိုးတံတား၏ ကြံ့ခိုင်မှု စိုးရိမ်ရသည့် အတွက် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူက လွှတ်တော်၌ အဆိုတင်သွင်း မေးမြန်းခဲ့ပြီး လွှတ်တော်၏ ခွင့်ပြုချက်အရ ကျပ်သိန်း ပေါင်း ၆ သောင်းကျော် ကုန်ကျမည့် တံတားအသစ်တစင်းကို ၂၀၁၇ နှစ်ကုန်ပိုင်းကစတင် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြတံတားသစ် စီမံကိန်းမှာ ၂၀၂၀ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်ရာ အဆိုပါ တံတားသစ်မပြီးဆုံး မီကာလ အတွင်း မြောင်းမြမြစ်ကို ကူးတို့ဇက်ဖြင့် အဆင်ပြေစွာဖြတ်ကူးသွားလာရန် စီစဉ်ပေးသွား မည်ဟု ဧရာဝတီတိုင်း အစိုးရက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading