သတင်း

ချင်းမိုင်ဘုရင် ၃ပါးပုံကို မျက်နှာဖုံးတပ်မှုဖြင့် City Life Chiang Mai အမှုဖွင့်ခံရ

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ဟောင်းကို တည်ထောင်သူ ဘုရင်၃ ပါးရဲ့ ပုံတွေကို မျက်နှာဖုံး တပ် ဆင်ပြီး မီးခိုးမြူများ တိုက်ဖျက်ရေးလှုပ်ရှားမှုလုပ်ခဲ့တဲ့ City Life Chiang Mai အွန်လိုင်းသတင်းဌာန ကို ချင်းမိုင်မြို့တော်ဝန်က တိုင်ချက်ဖွင့်လိုက်တယ်လို့ Khaosad သတင်းကဆိုပါတယ်။

မန်ဂရိုင်၊ ရမ်ခမ်ဟန်နဲ့ ငမ်မွမ် အမည်ရှိ အဲဒီဘုရင် ၃ပါးဟာ ခေတ်သစ်ချင်းမိုင် မတိုင်မီ မြို့တော် ဟောင်းကို တည်ထောင်သူများဖြစ်ပြီး၊ ယခုအခါ ချင်းမိုင်မြို့လည် ဘုရင် ၃ပါး ရုပ်တုကို ထုဆစ်ထားရှိ အရိုအသေပေးနေကြဆဲဖြစ်ပါတယ်။

ချင်းမိုင်မြို့ရဲ့ လှုပ်ရှားမှု သတင်းတွေကို ဖော်ပြပေးနေတဲ့ City Life Chiang Mai အွန်လိုင်းသတင်း ဟာ မီးခိုးမြူများ ထူထပ်နေတဲ့ ကောင်းကင်အောက်မှာ မျက်နှာဖုံး စွပ်ထားရတဲ့ ဘုရင် ၃ပါးပုံကို သရုပ်ဖော်တဲ့အတွက် ဆိုက်ဘာဥပဒေ ချိုးဖောက်မှုနဲ့ ရဲတပ်ဖွဲ့ ကို တိုင်ကြားရခြင်းဖြစ်တယ်လို့ ချင်းမိုင်မြို့တော်ဝန် ပါဗင် ချမ်နီ ပရာဆတ်က ပြောပါတယ်။

“သူတို့ရဲ့ပြစ်မှုက လန်နာ ဘုရင့်နိုင်ငံတော်ရဲ့ ဖခင်တွေဖြစ်တဲ့ ဘုရင် ၃ ပါးကို လှောင်ပြောင်မှုပဲ” ဟု ၎င်းက တွေ့ဆုံမေးမြန်းခန်းတခုမှာ ချင်းမိုင်မတိုင်မီခေတ်က ဘုရင်များအကြောင်းကို ရည်ညွှန်းပြော ဆိုပါတယ်။

ဆိုက်ဘာ ရာဇဝတ်မှု ဥပဒေတွင် ပြည်သူများရဲ့ ကောင်းမွန်သော ကိုယ်ကျင့်တရားကို ပျက်စီးစေ သော မည်သည့်အရာကိုမဆို ကွန်ပြူတာတခုတွင် ထားရှိခြင်းသည် ဥပဒေနှင့်မညီကြောင်း ပြဌာန်းထား ပါတယ်။

City Life Chiang Maiရဲ့ အယ်ဒီတာ အမျိုးသမီး ပင်မ် ကီမာဆင်ကီကတော့ ဒီပုံဟာ ချင်းမိုင်ခရိုင် အတွင်းမှ ကျောင်းသူလေးတဦးက ရေးဆွဲခြင်းဖြစ်ပြီး ဆရာတဦးက သူ့ထံပေးပို့ရာ ချင်းမိုင်ဒေသ ခံများ ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ မီးခိုးမြူပြဿနာကို အာရုံစိုက်စေဖို့ ရွေးချယ်သုံးခဲ့ တာဖြစ် တယ်လို့ ဆိုပါတယ်။

ရည်ရွယ်ချက်တော့ ကာလကြာရှည်နေတဲ့ မီးခိုးမြူပြဿနာကို ဆွေးနွေးပြောဆိုစေလိုတဲ့အတွက် သာဖြစ်ပြီး၊ ဝေဖန်မှုတွေ ရှိလာတဲ့အတွက် အွန်လိုင်းစာမျက်နှာကနေ ဖြုတ်ချခဲ့ပြီးဖြစ်တယ်လို့ အယ်ဒီတာ ပင်မ် ကီမာဆင်ကီက တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောပါတယ်။

မြို့တော်ဝန်ကတော့ ဒီပုံအတွက် တာဝန်ရှိတဲ့ ကျောင်းသူကို တရားစွဲဖို့ လုပ်ဆောင်မှာ မဟုတ်လို့ ပြောပါတယ်။

“ဒီကလေးကို အရေးမယူဘူးဆိုတာကို ပြောပါရစေ။ ဒီကလေးက ဒီပုံကိုဖြန့်ချိတဲ့သူမဟုတ်ဘူး။ အပြစ်ကျူးလွန်တာက အဲဒီ အင်တာနက် သတင်းစာမျက်နှာပဲ။ ဒါဆိုရင် ကျနော်တို့နဲ့ သဘောထား ကွဲစရာမရှိဘူးမဟုတ်လား” လို့ မြို့တော်ဝန် ပါဗင်ဆိုပါတယ်။

မြို့တော်ခန်းမမှ ဥပဒေ အကျိုးဆောင်တဦးက ဦးဆောင်ကာ တိုင်ကြားမှုကို ချန့်ပေါက် မြို့နယ် ရဲစခန်းမှာ မတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နှစ်စဉ်အမြဲကြုံတွေ့နေရတဲ့ မီးခိုးပြဿနာကို ကြိုတင်ပြင်ဆင်လုပ်ဆောင်ဖို့ City Life Chiang Mai က ဦးဆောင်ပြီး ဒေသခံ အုပ်စုတစုက မတ်လ ၃၀ရက်နေ့ မနက်ပိုင်းက တောင်းဆိုခဲ့ရာ၊ အဲဒီလို ပြုလုပ်တဲ့အတွက် City Life ကို တရားစွဲတာမဟုတ်လို့ ချင်းမိုင်မြို့တော်ဝန် က ဆိုပါတယ်။

City Life Chiang Mai ကိုအရေးယူဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လူမှုကွန်ရက်မှာ ဝေဖန်မှုများရှိ လာပြီး အာဏာပိုင်များအနေဖြင့် လေထုညစ်ညမ်းမှုပြဿနာကိုသာ အာရုံစိုက်သင့်တယ်လို့ ဝေဖန်ရေးသားကြပါတယ်။

ချင်းမိုင်မြို့ရဲ့ လေထုညစ်ညမ်းမှုအဆင့်ဟာ ထိုင်းနိုင်ငံမှာ အဆိုးဆုံးအဆင့်တွင်ပါဝင်ပြီး၊ ဧပြီလ ၁ ရက်နေ့က ချင်းမိုင်ဟာ ကမ္ဘာလေထုညစ်ညမ်းမှု အဆိုးဆုံး အဆင့် ၁၂မှာ ရှိနေပါတယ်၊ ချင်းမိုင်ရဲ့ လေထု အရည်အသွေးညွှန်းကိန်းမှာ ၁၅၁တွင်ရှိပြီး ကျန်းမာရေးနဲ့ မညီညွတ်သည့် အဆင့်တွင် ရှိပါတယ်။

Loading