သတင်း

အခွန် ဥပဒေကြောင့် ငွေမည်းများ ဝင်လာနိုင်ခြေ မရှိဟု စီမံ/ဘဏ္ဍာ ဝန်ကြီးပြော

Want create site? Find Free WordPress Themes and plugins.

၂၀၁၈- ၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေ အပိုဒ် ၂၅ ကို ပြင်ဆင်သင့်ကြောင်း သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် သေချာ စိစစ်ပြီးမှသာ ခွင့်ပြုခြင်းဖြစ်သောကြောင့် ယင်းဥပဒေနှင့် ပတ်သက်ပြီး ငွေမည်းများ ဝင်လာနိုင်ရန် မရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန (စီမံ/ဘဏ္ဍာ) ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

ယင်းကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဧပြီ ၁ ရက်နေ့က ကျင်းပသော ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေ နှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံ ဆွေးနွေးသော ၁၆ ကြိမ်မြောက် အခမ်းအနား၌ ပြည်ထောင်စု ဝန်ကြီးက ပြောကြား ခြင်း ဖြစ်သည်။

လက်ရှိ အချိန်အထိ အတည်ပြုထားသည့် အခွန်အကောက် ဥပဒေကြမ်းပါ စာမျက်နှာ ၁၆ အပိုဒ် ၂၅ တွင် ဝင်ငွေခွန် မဆောင်ရ သေးသူများသည် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ဝယ်ယူရာ၌ ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ပါရှိသည်။

ထိုအချက်နှင့် ပတ်သက်၍ ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းအစား ပထမ ၆ လတွင် အခွန် ၃ ရာခိုင်နှုန်းနှင့် ဒုတိယ ၆ လတွင် အခွန် ၅ ရာခိုင်နှုန်း လျှော့ချ ပေးဆောင်ခွင့်ကို စီးပွားရေး လုပ်ငန်းရှင်များက တောင်းဆိုခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန က သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် စိစစ်ကာ လွှတ်တော်သို့ တင်ပြရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက “ကျနော်တို့ ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် မှာ တင်ပြခဲ့တဲ့ အခွန်အကောက် ဥပဒေနဲ့ ပတ်သတ်လို့ အပိုဒ် ၂၅ ကို ကြည့်ပြီး ငွေမည်းတွေများ ဝင်လာမလား ဆိုပြီး ပြောကြ၊ ရေးကြတာ ကျနော်တွေ့ပါတယ်။ ကျနော်တို့ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ပြီးမှသာ လုပ်တဲ့ကိစ္စပါ။ ငွေမည်းတွေ ဝင်လာစရာ အကြောင်းမရှိအောင်လို့ နည်းပေါင်းစုံနဲ့ သေသေချချာ သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် စိစစ် ပြီးတော့မှ ကျနော်တို့ ဒီ အခွန်အကောက်ကို ခွင့်ပြုတာဖြစ်ပါတယ်။ ငွေမည်းတွေ ဝင်လာမလား ဆိုတာ စိုးရိမ်စရာ မရှိပါဘူး” ဟု ပြောသည်။

ဆက်လက်၍ ဝန်ကြီးက “အခွန် ဥပဒေမှာ သေသေချာချာ ကြပ်ကြပ်မတ်မတ်နဲ့ အစီအမံ လုပ်ထားတယ် ဆိုတာ တင်ပြ လိုပါတယ်။ အခွန်နဲ့ပတ်သက်လို့၊ ဥပမာ – ကျနော်တို့ ပိုင်ဆိုင်တဲ့မြေ အရောင်းအဝယ် လုပ်တဲ့အခါမှာ တံဆိပ်ခေါင်း ခွန်က ၇ ရာခိုင်နှုန်း ရှိတယ်။ တံဆိပ်ခေါင်း တန်ဖိုးလည်း လျော့တယ်။ အဲဒီတော့ တကယ် အရောင်းအဝယ် ဖြစ်တာက သိန်းပေါင်း ၁ သောင်းနဲ့ ဖြစ်တယ်၊ စာချုပ်ထဲမှာ ကျတော့ အခွန်လျှော့နိုင်အောင် ဆိုပြီး သိန်းပေါင်း ၅ ထောင်နဲ့ ပြထား တယ်” ဟု ပြောသည်။

ဆက်လက်၍“သိန်းပေါင်း ၁ သောင်းကို ၅ ထောင်ပဲပြတော့ ကျန်တဲ့ သိန်းပေါင်း ၅ ထောင်က သူ့လက်ထဲမှာ၊ ဒီငွေတွေက စီးပွားရေး လောကထဲ ဝင်မလာဘူး။ ဒီငွေတွေ အားလုံး ကျနော်တို့ စီးပွားရေး လောကထဲ ဝင်လာမယ်ဆိုရင် တပတ်ပဲ လည်ပတ် စေဦးတော့ ထုထည်ကြီးတယ်။ အကျိုးရှိတယ်။ ဒီငွေတွေကို စီးပွားရေးထဲ စီးဝင်လာဖို့ အခွင့်အလမ်း ပေးတဲ့ သဘော ပြောတာဖြစ်တယ်” ဟုလည်း ဝန်ကြီးက ရှင်းပြသည်။

လက်ရှိ အနေအထားတွင် အခွန်ထမ်းနှင့် အခွန် စည်းကြပ်သော ဝန်ထမ်းများကြား အပေးအယူ အလျှော့အတင်းများ ရှိနေသောကြောင့် ရသင့်ရထိုက်သော အခွန်နှုန်းထားများ မရရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

တံဆိပ်ခေါင်းခွန် လျှော့ချပေးလိုက်သော်လည်း ယင်းငွေများမှာ စီးပွားရေးလောကထဲ ဝင်ရောက်လာစေရန် အခက်အခဲ ရှိသောကြောင့် အခွန်နှုန်းထား လျှော့ပေးခြင်း ဖြစ်သင့်ကြောင်း၊ ဝင်ငွေရှိသော်လည်း အခွန်လျှော့ဆောင် ကြသောကြောင့် ယင်းအချက်ကို စဉ်းစားပြီး တရားဝင် သိက္ခာရှိရှိ ဆောင်ရွက် နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ဝန်ကြီးက ဆိုသည်။

“ဒီကိစ္စနဲ့ ပတ်သက်ရင် တရားဝင် လုပ်ထုံးလုပ်နည်း ဥပဒေနဲ့အညီ စိုးရိမ်မှုတွေ ကင်းအောင် ဆက်လက် ဆောင်ရွက်မယ် ဆိုတဲ့ အကြောင်း တင်ပြလိုပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းပါ စာမျက်နှာ ၁၆ အပိုဒ် ၂၅ ကို လျှော့ပေါ့ပေးသင့်ကြောင်း တောင်းဆိုခဲ့ပြီး ဝန်ကြီးဌာနက သဘောတူညီသော်လည်း ပြည်ထောင်စု လွှတ်တော်က ယင်းအပိုဒ်ကို အတည်ပြုခဲ့ခြင်း မရှိပေ။

သို့သော် တတိယလွှတ်တော် ပြန်လည်စတင်ချိန်တွင် ဥပဒေကြမ်း ကော်မတီ၏ လုပ်ထုံးလုပ်နည်းများအရ စည်းကမ်းချက် များနှင့်အညီ ပြန်လည် တင်ပြနိုင်ပါက ဥပဒေကြမ်းတခု အဖြစ် ပေါ်ပေါက် လာနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading