သတင်း

လစ်လပ်ဝန်ကြီးနေရာအတွက် ပါတီဝင်မဟုတ်သူနှစ်ဦးကို မကွေးဝန်ကြီးချုပ် အဆိုပြု

Want create site? Find Free WordPress Themes and plugins.

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်း လစ်လပ်သည့် တိုင်းဝန်ကြီးနှစ်နေရာ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်မဟုတ်သူ နှစ်ဦးအား တိုင်းလွှတ်တော်ထံ အဆိုပြု တင်ပြလိုက်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

လစ်လပ်နေသည့် နေရာများမှာ မကွေးတိုင်း ဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး နေရာတို့ဖြစ်ပြီး ဝန်ကြီးခန့်အပ်ရန် အဆိုပြုခံရသူ နှစ်ဦးမှာ ခရိုင်ပညာရေးမှူး (ငြိမ်း) ဦးမြင့်ဆွေနှင့် စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ညွန်ကြားရေးမှူး (ငြိမ်း) ဦးခင်မောင်ထွန်း ဆိုသူတို့ ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ အောင်မိုးညို က“ သူတို့က ပြင်ပက ပညာရှင်တွေ၊ အုပ်ချုပ်ရေးပိုင်းမှာလည်း အတွေ့အကြုံ ရှိခဲ့တဲ့သူတွေ၊ ဒါကိုကျနော့် သဘောနဲ့ပဲ ဆုံးဖြတ်ခဲ့တာလည်း မဟုတ်ဘူး၊ ပါတီဗဟိုကို တင်ပြပြီးတော့မှ သေချာ ရွေးချယ်ခဲ့တာပါ” ဟု ပြောသည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်အနေဖြင့် ဝန်ကြီးချုပ်၏ အဆိုပြု တင်ပြမှု အပေါ် ယနေ့ ဧပြီ ၂ ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင် ကြေညာခဲ့ပြီး လာမည့် ဧပြီ ၄ ရက်နေ့တွင် ဆွေးနွေး ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း ဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့် နှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးနေမျိုးကျော်တို့ အနေဖြင့် နုတ်ထွက်စာ တင်ပြခဲ့မှုအပေါ် နိုင်ငံတော် သမ္မတရုံုးမှ ဇန်နဝါရီ ၁၀ ရက်နေ့တွင် နုတ်ထွက်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လစ်လပ်ခဲ့သည့် ဝန်ကြီး နှစ်နေရာအတွက် အစားထိုး ခန့်အပ်မည့် သူနှစ်ဦးအား ဝန်ကြီးချုပ် အနေဖြင့် တိုင်းလွှတ်တော်သို့ ပထမအကြိမ် အဆိုပြုတင်သွင်းရာတွင် ကန့်ကွက်ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိခဲ့သည့်အတွက် အဆိုတင်သွင်းမှုအား ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

မကွေးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေး က “အရင်အဆိုပြုတဲ့ နှစ်ယောက်က ပြစ်ချက်လေးတွေ ရှိတယ်ဆိုပြီး ပြည်သူတွေက အသိပေးတင်ပြကြတယ်၊ အခု နှစ်ယောက်ကိုတော့ ဒါမျိုးတင်ပြ ပြောကြားတာတွေ မရှိသေးဘူး၊ ကျနော်တို့ ကတော့ ပြည်သူတွေရဲ့ သဘောထားကို ကြည့်မှာပါ” ဟု ပြောသည်။

NLD အစိုးရလက်ထက် ယခုနှစ်စတွင် တိုင်းဝန်ကြီးနေရာ ၅ ဦးအထိ အပြောင်း အလဲ ပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးမှ တဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ နှစ်ဦးတို့ကို ပြန်ခန့်အပ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း မကွေးတိုင်း ဒေသကြီး အနေဖြင့် နှစ်လကျော် ကြားမြင့်နေခြင်းဖြစ်သည်။

မကွေးတိုင်း ဒေသကြီးသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီမှ ရာနှုန်းပြည့် အနိုင်ရရှိခဲ့သည့် တိုင်းတတိုင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading