သတင်း

နေပြည်တော်ရှိ သိမ်းဆည်း မြေလွတ်၊ မြေရိုင်းများ သင်္ကြန်မတိုင်ခင် စတင် စစ်ဆေးမည်

Want create site? Find Free WordPress Themes and plugins.

နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ယခင် စစ်အစိုးရ လက်ထက်က စတင်၍ သိမ်းဆည်းထားသော မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧက သုံးသောင်းခန့်ကို လုပ်ငန်းရှင်များက လျှောက်ထား ရယူခဲ့ရာ အမှန်တကယ် စိုက်ပျိုး လုပ်ကိုင် ခြင်းရှိ မရှိ သင်္ကြန်ကာလ မတိုင်ခင် စတင်စစ်ဆေး သွားမည်ဟု သတင်း ရရှိသည်။

ယင်းမြေ ဧက သုံးသောင်းခန့်တွင် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဟုဆိုကာ လျှောက်ထား ရယူခဲ့ခြင်း ဖြစ် ကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းတလျှောက်ဘေး ဒက္ခိဏ သီရိ မြို့နယ် အတွင်း သရက် ဇုန် (၁) နှင့် (၂) ရှိ မြေဧက ၈၀၀၀ ခန့်လည်း ပါဝင်ကြောင်း သိရသည်။

ထိုမြေများကို စစ်ဆေးရန် အတွက် နေပြည်တော် ကောင်စီနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး အထူး အဖွဲ့ ၂ ဖွဲ့ ကို မတ်လ ၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်ဟု မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကွင်းဆင်း စစ်ဆေးရေး အထူးအဖွဲ့တွင် ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောပြသည်။

ယင်းအဖွဲ့ တဖွဲ့တွင် အဖွဲ့ဝင် ၆ ဦး ပါဝင်မည်ဖြစ်ကာ လွှတ်တော် ကိုယ်စားလှယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်ဖွဲ့စည်း ထားသည်ဟုလည်း ဆိုသည်။

“သင်္ကြန် မတိုင်ခင် ဥတ္တရ ခရိုင်ဘက်က စစစ်မယ်၊ ပြီးရင် ဒက္ခိဏ ခရိုင် ပြီးရင် မြို့နယ် ရှစ်မြို့နယ် စလုံးကို အကုန်စစ် မယ်။ ဘယ်သူ စိုက်ထားတယ်၊ မစိုက်ဘူး ဆိုတာတေ့ာ အကြမ်းဖျင်း သိထားတယ်၊ သိမ်းဆည်းလို့ ရမယ့် မြေကွက် တွေ ကို ဦးစားပေးပြီး စစ်သွားမယ်”ဟုလည်း ဦးမောင်မောင်ဆွေက ပြောသည်။

အထူးအဖွဲ့ ၂ဖွဲ့သည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ငှားရမ်းလုပ်ကိုင်ခွင့် ရယူထားသည်များကို အမှန်တကယ် လုပ်ကိုင်ခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်များကို ဓာတ်ပုံမှတ်တမ်း အထောက်အထားများနှင့် အတူ နေပြည်တော် ကောင်စီနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့ထံ တင်ပြရမည် ဖြစ်ကြောင်း သိရ သည်။

စည်းကမ်း သတ်မှတ်ချက်အရ စတင်ငှားရမ်းချိန်မှ လေးနှစ်ပြည့်ချိန် အထိ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်မှု မရှိသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြန်လည် သိမ်းဆည်းခြင်း၊ အမိန့်ပြင်ဆင်ချက် ထုတ်ပေး ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်ဆွေက ရှင်းပြသည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်း ပုံစံ(၁) နှင့် လယ်ယာ၊ ဥယျာဉ် ခြံမြေ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လျှောက်ထား၍ နှစ်ရှည် စီမံကိန်းအဖြစ် နှစ် ၃၀ အထိ ငှားရမ်း လုပ်ကိုင်နိုင်ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်ခန့်မှ စပြီး နေပြည်တော် ကောင်စီမှ သရက်ဇုန် စီမံကိန်း၊ ကြက်ဆူ စီမံကိန်း အစရှိသည့် စီမံကိန်း အသစ် လုပ်ငန်းများ ဖော်ဆောင်ရန်အတွက်ဟု ခေါင်းစဉ်တပ်၍ မြေယာသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပျဉ်းမနားမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က “မြေလွတ်၊ မြေလပ်၊ မြေရိုင်းကို ပြန်လျှောက် ရင် နေပြည်တော် ကောင်စီရုံးမှာ တိုက်ရိုက် ပြန်လျှောက်ရတယ်။ သိမ်းတာ ရော၊ ပြန်ချပေးတာရော ကောင်စီကပဲ ကိုင်တာ”ဟု ရှင်းပြသည်။

ယခု ပြန်လည် စစ်ဆေးရမည့် ဧက သုံးသောင်းခန့်သည် ယခင်အစိုးရ လက်ထက်များတွင် တောင်သူများက မြေလွတ်၊ မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်း၍ တောင်ယာ စိုက်ပျိုး လုပ်ကိုင်နေမှုကို သိမ်းဆည်းခဲ့သည့် မြေကွက်များ ပါဝင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ဒက္ခိဏ သီရိ မြို့နယ်က သရက်ဇုန် (၁) နှင့် (၂) ရှိ မြေဧက ၈၀၀၀ ခန့်သည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရမတက်ခင် လပိုင်းအလိုက လုပ်ပိုင်ခွင့်များ ချပေးခဲ့သဖြင့် ထိုမြေကွက်များ၏ မူလ တောင်သူ များက ကျေနပ်မှု မရှိ၍ မြေယာ ပြဿနာများမှာ ယခုအထိ ရှင်းနေရကြောင်း ဒက္ခိဏ သီရိမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ပြောသည်။

ဦးသန့်ဇင်ထွန်းက “အဓိက မြေကိုယူထားပြီး အကောင်အထည် မဖော်တဲ့အခါ နိုင်ငံတော်လည်း နစ်နာတယ်၊ မြေသိမ်း ခံလိုက်ရတဲ့ ဒေသခံတွေ၊ တောတိုး ခုတ်ထွင် ရှင်းလင်းထားတဲ့ ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းရော၊ ဝင်ငွေ ပါ အများကြီး ထိခိုက်တာပေါ့” ဟုလည်း ဆိုသည်။

ရွေးကောက်ပွဲကာလ ကတည်းက NLD အနိုင်ရရှိ၍ အစိုးရဖြစ်ခဲ့ပါက တောင်သူများထံမှ သိမ်းဆည်းခဲ့သည့် လယ်ယာ မြေ များအား တောင်သူများ ပြန်လည် ရရှိရန် ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုကာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ သည်။

ဒက္ခိဏ သီရိမြို့နယ် အတွင်းမှ မြေယာ သိမ်းဆည်းခံ တောင်သူ ဦးသန်းထွန်းအောင်က “၂၀၁၀ တုန်းက ၈ ဧက အသိမ်း ခံရတယ်။ မြေဆုံးရှုံးတာ မြေပဲ ပြန်ရချင်တယ်၊ လျော်ကြေးလည်း မလိုချင်ဘူး၊ သူတို့လည်း ဒီမြေအပေါ်မှာ ဘာမှ လုပ်တာ မဟုတ်ဘူး၊ ဆေးရုံ ဆောက်တယ်၊ ကျောင်းဆောက်တယ် ဆိုရင် လက်ခံပါတယ်” ဟု ပြောသည်။

နေပြည်တော်ရှိ မြေယာကိစ္စများကို သင်္ကြန်ကာလ မတိုင်ခင် စတင်ပြီး သင်္ကြန်ပြီးကာလမှ ဆက်တိုက် ဆောင်ရွက် သွားမည်ဖြစ်ကာ အဋ္ဌမ အကြိမ်မြောက် လွှတ်တော် ပြန်စလျှင် အဆိုပါ မြေယာ ကိစ္စများကို အပြီးသတ်နိုင်ရေး ဆောင်ရွက်ရန် လျာထားကြောင်း ဦးမောင်မောင်ဆွေက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading