ရခိုင်ပြည်နယ် တောင်ပိုင်း၊ ဂွမြို့နယ် ကြွေချိုင်ကျေးရွာတွင် ဇာတ်ပွဲကပြီးနောက် ရန်ကုန်မြို့သို့ ပြန်လာသည့် ဇာတ်သဘင်ကားတစီး သည် ဂွမြို့နယ်မှ မိုင် ၃၀ ခန့်အကွာသို့ ရောက်ရှိစဉ် ကားဘရိတ်ပေါက်သွားသဖြင့် အရှိန်မထိန်းနိုင်တော့ဘဲ ချောက်ထဲသို့ ပြုတ်ကျရာ အနည်းဆုံး လူ ၆ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဧပြီလ ၂ ရက်နေ့ ည ၇ နာရီကျော်က အောင်ဆန်းပွင့် ဇာတ်အဖွဲ့တွင် လူ ၃၀ ကျော် လိုက်ပါလာသည့် ၁၂ ဘီးကားကြီးသည် ခန့်မှန်းပေ ၁၅၀၀ ခန့် နက်သည့် ချောက်ထဲသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်၍ ရှေ့ထွက် မင်းသမီး တဦး အပါအဝင် အမျိုးသမီး ၅ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံ သဘင် အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးမိုးဝင်းက ဧရာဝတီသို့ ပြောသည်။
“သေသွားတာမှာ မင်းသမီး တလက်ပါသွားတယ်။ နောက်တယောက်က ဆိုင်းဆရာ ကြေးတီးတာပေါ့။ သူလည်း သေတယ်။ သူ့အမျိုးသမီးလည်း သေတယ်။ အခု ဂွဆေးရုံမှာ သေဆုံးတာက အမျိုးသမီး ၄ ဦး၊ အမျိုးသား တဦး၊ ငါးသိုင်းချောင်း ဆေးရုံမှာ အမျိုးသမီး တဦး ဆုံးသွားပြီ”ဟု ၎င်းက ဂွဆေးရုံတွင် ဧရာဝတီသို့ ပြောသည်။
ယင်းဖြစ်စဉ်တွင် ပါဝင်သူများထဲမှ ဒဏ်ရာရရှိသူများကို ငသိုင်းချောင်းဆေးရုံသို့ ၁၂ ဦး၊ ရေကြည်ဆေးရုံတွင် ၄ ဦး၊ ဂွ ဆေးရုံတွင် ၂ ဦးသို့ ပို့ဆောင်ထားပြီး ရေကြည်မှ ရန်ကုန်သို့ပို့ပေးသော လူနာ ၄ ဦးတွင် စိုးရိမ်ရသောလူနာများ ပါဝင်ကြောင်း သိရသည်။
ယင်းဇာတ်အဖွဲ့နှင့် လိုက်ပါသွားသူ ဦးကုလား ဆိုသူကလည်း ကားမှာ ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဖြစ်နေစဉ် ၎င်းအပါအဝင် အမျိုးသားတချို့သည် ကားကို ဂျမ်းတုံးဆင်းခုရန် ကြိုးစားခဲ့သေးကြောင်း၊ သို့သော် အရှိန်မထိန်းနိုင်ဘဲ ကမ်းပါးကို ဝင်တိုက်ပြီးနောက် တဖက်ချောက် ထဲသို့ ပြုတ်ကျသွားခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဘရိတ်ပေါက်တဲ့အခါ ကျနော်တို့ ကားကို ဂျမ်းတုံးဆင်းခုတော့ တင်းနေရော၊ တင်းနေတော့ ကားပေါ်က ကလေးတွေ ၄၊ ၅ ယောက်က ဆင်းလာတာနဲ့ ခေါင်းထဲမှာ ၂ ယောက်ထိုင်နေတာ ၂ ယောက်စလုံး ဆင်းလာတယ်။ လိုက်ခုပေမယ့် အရှိန်မထိန်းနိုင်ဘဲ ကမ်းပါးကို ဝင်အောင်းဆိုပြီးတော့ ဝင်အောင်းတယ်။ ဒါပေမယ့် အရှိန်က ဘယ်လိုမှ ထိန်းမရဘဲနဲ့ ကမ်းပါးကို ပတ်ပြီးတော့ ချောက်ထဲကို တည့် တည့်ကျတယ်”ဟု ၎င်းက ပြောသည်။
ကားပေါ်တွင် လူ ၃၀ ကျော် ပါလာပြီး အမျိုးသမီး ၈ ဦး၊ အမျိုးသား ၂၀ ကျော် ရှိကြောင်း၊ ယာဉ်မောင်း ဖြစ်သူ ဦးညှပ်စိမှာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးသွားကြောင်း ယင်းဇာတ်အဖွဲ့၏ မန်နေဂျာဖြစ်သူ ဦးကျင်ဟုတ်က ပြောသည်။
“ကြွေချိုင်ကနေ ဇာတ်ကပြီးတော့ ပြန်တာ။ ပြန်အဆင်းမှာ ဖြစ်တာ။ ၂ ရက်ဇာတ်ကခဲ့တယ်။ ရန်ကုန်ကို ပြန်အဆင်းမှာ ဖြစ်တာပေါ့။ ဒဏ်ရာပြင်းတဲ့သူတွေကတော့ ရန်ကုန်ရောက်သွားပြီ။ ဒဏ်ရာရသူ တချို့ကိုလည်း ဂွ၊ ငါးသိုင်းချောင်းနဲ့ ရေကြည် ဆေးရုံတွေမှာ ရောက်နေပြီ”ဟု ၎င်းက ပြောသည်။