ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့အနီးရှိ ကိုင်းရှည်ကျေးရွာတွင် တရားမဝင်ကျွန်းသစ် ခန့်မှန်းတန်ချိန် ၃၀ ကျော်ကို တနင်္လာနေ့က ဖမ်းဆီးရရှိကြောင်း သစ်တောဦးစီးအရာရှိ ဦးလွင်ကိုဦးက ဧရာဝတီသတင်းဌာနကို အင်္ဂါနေ့တွင် အတည်ပြုပြောကြားသည်။
ကျွန်းသစ် ခွဲသားနှင့် အကြမ်းထည် လေးထောင့်သစ်တုံးကြီးများကို ယမန်နေ့က ကိုင်းရှည်ကျေးရွာအနီးတွင် တည်ရှိသည့် အောင်မြင်သစ် ဘိလပ်မြေဖျော်စက်ခြံဝင်းထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကျွန်းသစ်လုံးများ နိုင်ငံခြားသို့ တင်ပို့ခြင်း ကို မြန်မာအစိုးရ ၂၀၁၄ ခုနှစ်တွင် တရားဝင်ရပ်ဆိုင်းလိုက်ပြီး ကျွန်းသစ်များခုတ်လှဲခြင်းကိုလည်း ကန့်သတ်ထားသည်။
ဦးစီးအရာရှိ ဦးလွင်ကိုဦးက “တရားမဝင် ကျွန်းသစ်ဆိုတာကတော့ သေချာပါတယ်။ ဘာလို့လဲဆိုတော့ တရားဝင်ကျွန်းသစ်ဆို ရင် မြန်မာ့သစ်လုပ်ငန်းရဲ့ အမှတ်အသားတွေပါရမယ်။ အခုက အဲလိုမတွေ့ရပါဘူး” ဟု ပြောသည်။
တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး လှမိုးဦးက ကျွန်းသစ်တန်ချိန် အမြောက်အမြားကို အောင်မြင်သစ် ကုမ္ပဏီ ဘိလပ်မြေဖျော်စက်ဝင်းတွင် ဖမ်းဆီးရရှိခဲ့သည်မှာ မှန်ကန်ကြောင်း သို့သော် ပိုင်ရှင်အစစ်အမှန်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဧရာဝတီသတင်းဌာနသို့ အတည်ပြုသည်။
အဆိုပါ သည် ပြီးခဲ့သည့် လပိုင်းက တောင်ကုတ်မြို့တွင်း ကွန်ကရစ်လမ်းခင်းခဲ့ပြီး ပိုင်ရှင်မှာ ဦးဝင်းဇော် ဖြစ်ကြောင်းသိရသည်။ သစ်တောဦးစီးအရာရှိက အောင်မြင်သစ် ကုမ္ပဏီသည် အစုအစပ်လုပ်ငန်းဖြစ်၍ ပိုင်ရှင်တဦး တည်းမဟုတ်ကြောင်း တခြားပါဝင်သူများကိုလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်းဆိုသည်။
သစ်တောဦးစီးအရာရှိ ဦးလွင်ကိုဦးက သစ်တုံးများ စတင်ဖမ်းဆီးချိန်တွင် ဘိလပ်မြေဖျော်စက်ဝင်းအတွင်း အစောင့်တဦးတွေ့ရှိခဲ့ ၍ စုံစမ်းမေးမြန်းခဲ့ရာ ၎င်းမှာလတ်တလော ရောက်ရှိနေသူဖြစ်၍ ကျွန်းသစ်ပိုင်ရှင်ကို မသိရှိဟု ဖြေဆိုကြောင်းပြောသည်။ ယနေ့ တွင် လုပ်ငန်းပိုင်ရှင် ဦးဝင်းဇော်ကို ဆက်လက်စစ်မေးရန် ဆက်သွယ်နေကြောင်းပြီး ကျွန်းသစ်များတရားမဝင်လက်ဝယ်တွေ့ရှိမှု သစ်တောဥပဒေ ပုဒ်မ (၄၂) ဖြင့် အရေးယူဆောင်ရွက်ရန် ပြင်ဆင်လျှက်ရှိကြောင်း ပြောသည်။
ကျွန်းသစ်ခွဲသားနှင့် လေးထောင့်သစ်လုံးများ အမြောက်အများ စုဆောင်းသိုလှောင်ထားခြင်း အကြောင်းအရာကို လက်ရှိအချိန် တွင် အသေးစိတ်မသိရသေးကြောင်း ဆိုသည်။ ၎င်းက ဆက်လက်၍ အဆိုပါ ကျွန်းသစ်များသည် ရခိုင်ရိုးမတောထဲမှ ရရှိသည့် သစ်များ ဖြစ်နိုင်ခြေမရှိကြောင်း အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် ရခိုင်ရိုးမတွင် ၁၂ လက်မ ပတ်လည်ကျွန်းပင်ကြီးများ မရှိတော့ကြောင်း ဆိုသည်။
ထို့ကြောင့် တရားမဝင်ကျွန်းသစ်တုံးများသည့် မကွေးတိုင်းမှ တဆင့် ပန်းတောင်း အမ်းလမ်းကြောင်းကို ဖြတ်ကျော်၍ ဝင်ရောက် လာသည်ဟု ယူဆကြောင်း ပြောသည်။
တောင်ကုတ်မြို့သတင်းရင်းမြစ်အချို့ကမူ ကျွန်းသစ်များကို ဈေးကွက်တွင်း ပြန်လည်တင်သွင်း ရောင်းချရန် သို့မဟုတ် နိုင်ငံခြား သို့ ရေကြောင်းလမ်းဖြင့် တရားမဝင် တင်ပို့ရန် သိုလှောင်ထားခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း မြို့နယ်များဖြစ်ကြသည့် သံတွဲ ဂွ တောင်ကုတ်နှင့် မအီ မြို့နယ်များမှ တဆင့် မလေးရှား၊ ထိုင်းနိုင်ငံဖက် သို့ ပင်လယ်ရေကြောင်းမှ တဆင့် မှောင်ခိုကူးသည့် လုပ်ငန်းများကို ရံဖန်ရံခါ ဖမ်းဆီးရရှိကြောင်း ပြောကြသည်။ သစ်တောဦးစီး အရာရှိကလည်း တရားမဝင် သစ်မာများကို ပြီးခဲ့သည့်နှစ်က တန်ချိန် ၃၀ ဝန်းကျင်ကို သံတွဲနှင့် အမ်းမြို့နယ်ဖက်ရှိ မြစ်ချောင်း များတွင် ဖမ်းဆီးရရှိမှုများရှိခဲ့ကြောင်း ပြောသည်။
သို့သော် တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာအနီးတွင် တွေ့ရှိခဲ့ရသည့် ကျွန်းသစ်များမှာ မှောင်ခိုတင်ပို့ခြင်းထက် ပြည်တွင်း ဈေးကွက်တွင် ပြန်လည်ဖြန့်ဖြူးနိုင်ခြေပိုများကြောင်း သုံးသပ်သည်။
“တကယ်လို့ သူတို့ရေကြောင်းကနေတဆင့် မှောင်ခိုပို့ချင်တယ်ဆိုရင် သစ်တွေကို ချောင်းထဲမှာပဲ ထားမှာပေါ့။ ကုန်းပေါ်မှာ ဘယ်ထားမလဲ” ဟု ဦးစီးအရာရှိ ဦးလွင်ကိုဦးက ဆိုသည်။
လက်ရှိအချိန်တွင် ကျွန်းသစ် ၁ တန်ကို တောင်ကုတ်တွင် ဒေသပေါက်ဈေး ၈ သိန်းခန့်ရှိကြောင်း သိရသည်။