သတင်း

ရွှေတချောင်း မြောင်းဘောင်လမ်း အတိုင်း မန္တလေး - မတ္တရာ ကားလမ်းသစ် ဖောက်မည်

Want create site? Find Free WordPress Themes and plugins.

မန္တလေး- မတ္တရာ ကားလမ်းသစ်ကို ရွှေတချောင်းမြောင်းဘောင် လမ်းအတိုင်း တိုးချဲ့ဖောက်လုပ်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ သိရသည်။

“ရွှေတချောင်းမြောင်းဘောင်အတိုင်း မန္တလေး-မိုးကုတ် ကားလမ်းဆုံရာအထိ ဖောက်လုပ်သွားဖို့ လျာထားပါတယ်။ လက်ရှိ မန္တလေး-မတ္တရာ လမ်းပိုင်းက ယာဉ်ကြောကြပ်တာတွေ ရှိလာတော့ ယာဉ်ငယ်လေးတွေ သွားလာနိုင်မယ့် မြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်သွားမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမောင်မောင်ညွန့်က ပြောသည်။

မန္တလေး-မတ္တရာလမ်းပိုင်းသည် မန္တလေး-မိုးကုတ် လမ်းပေါ်၌ ပါဝင်နေခြင်းကြောင့် ယာဉ်သွားလာမှု များပြားပြီး ယာဉ်ကြော ကြပ်တည်း ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်နေရာ ကားလမ်းသစ် တိုးချဲ့ဖောက်လုပ်သွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

“လက်ရှိ မန္တလေး-မိုးကုတ် လမ်းပိုင်းမှာက မတ္တရာလမ်းအတွက် မြောင်းဘောင်လမ်းကြမ်းကို အသုံးပြု နေရတယ်၊ နောက် ရေကျော်တွေလည်း ရှိနေတာကြောင့် မန္တလေး-မတ္တရာ လမ်းက မိုးတွင်းဆိုရင် အခက်အခဲဖြစ်ကြရတယ်။ တောင်ပြုံးပွဲတော် ကာလဆိုရင် ယာဉ်ကြောပိတ်ဆို့မှုက နှစ်စဉ် ကြုံတွေ့ နေရတယ်။ ရွှေတချောင်း မြောင်းဘောင် တလျှောက်က ရွာတွေရဲ့ သွားလာရေးနဲ့ ကုန်စည် စီးဆင်းမှု အတွက် ဦးစားပေးပြီး လမ်းသစ်တိုးချဲ့ ဖောက်လုပ်ဖို့ စီစဉ်ရတာပါ” ဟု ဦးမောင်မောင်ညွှန့်က ဆက်လက် ပြောသည်။

အဆိုပါ လမ်းသစ်ကို မတ္တရာမြို့နယ် အမှတ် (၄) ရပ်ကွက် သံတံတားအနီးမှ မန္တလေးမြို့ GTC ကျောင်း အနီးအထိ ဖောက်လုပ်သွားမည်ဖြစ်ပြီး ယင်းမှ ရွှေတချောင်းမြောင်းအတိုင်း မန္တလေး-မိုးကုတ် လမ်းဆုံရာ အထိ ယာဉ်ငယ်များ သွားလာနိုင်သည့် မြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါလမ်းသစ် ဖောက်လုပ်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန မှ ဦးဆောင်၍ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ကွင်းဆင်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံသို့ တင်ပြထားကြောင်း သိရသည်။

“ကွင်းဆင်း စစ်ဆေးမှုတွေတော့ လုပ်ထားပြီးပါပြီ။ လမ်းဖောက်မယ့် ဧရိယာမှာ ပါဝင်နေတဲ့ ဓာတ် တိုင်တွေ၊ ကျူးတွေ စတဲ့ ဖယ်ရမယ့်ဟာတွေကို စာရင်းလုပ်ပြီး ပို့ထားပြီးဖြစ်ပါတယ်။ မြောင်းဧရိယာ က ဟိုဘက်၊ ဒီဘက်ကို ဆည်မြောင်း ရဲ့ သတ်မှတ်ချက်က ပေ ၁၀၀ ရှိတယ်၊ အဲဒီလို ရှိတဲ့အတွက် တချို့ ငြိနေတဲ့ နေရာတွေအတွက် လမ်းကြောင်းလေး တော့ နည်းနည်း ပြောင်းပေးရမယ်” ဟု မန္တလေးတိုင်းဒေသ ကြီးလွှတ်တော် မတ္တရာမြို့နယ်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောသည်။

ကွင်းဆင်းစစ်ဆေးမှုအဖြစ် မန္တလေး-မိုးကုတ် ကားလမ်း၊ ရွှေတချောင်းမြောင်းဆုံ၊ ပန်းယျကျေးရွာ အုပ်စု၊ သစ္စာရ ဘုရားအနီး၊ ဝဲကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီး၊ သရက်တောအရှေ့ကျေးရွာ ကိုးတောင်ပြည့် ဘုရားအနီးနှင့် ပိတောက်ပင် တံတားအထိ ကွင်းဆင်းစစ်ဆေးမှုများကို ပြုလုပ် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

“အဲဒီမှာပါဝင်နေတဲ့ ဘုရားတွေ၊ စေတီတွေကိုတော့ မဖျက်ဘဲ၊ ရှိနေတဲ့အတိုင်းပဲ ဆက်ထားပေးသွား မှာပါ၊ ဆည် မြောင်းပိုင် မြေဘက်ကို လမ်းမြေအဖြစ် ပိုယူသွား ရဖို့အတွက်ကိုလည်း တင်ပြထားပါ တယ်။ လက်ရှိ အနေအထားက လောလောဆယ် ရှိပြီးသား မြေသားဘောင်ကနေ ပေ ၄၀ လောက် ထပ်ဖို့သွားရမယ်၊ မြေသား လမ်းကို အရင်လုပ် မှာ ပါ၊ ကတ္တရာလမ်းအတွက် မဟုတ်သေးပါဘူး။ မြေသားလမ်း ဖောက်လုပ်ဖို့ အတွက် ဘတ်ဂျက်တင် တောင်းထားပါ တယ်” ဟု ဦးမင်းမင်းက ဆက်ပြောသည်။

မန္တလေး – မတ္တရာလမ်းပိုင်း ရွှေတချောင်းမြောင်းဘောင် လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများ၊ ဘုရား စေတီများ၊ အဆောက်အဦများ၊ ဥယျာဉ်ခြံမြေများ စာရင်း ကောက်ယူခြင်းကို မတ္တရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံ ခန့်ခွဲမှု ကော်မတီမှ မြေပြင် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ယခုအခါ လမ်းသစ်ဖောက်လုပ်နိုင်ရန် အတွက် လျာထားလမ်းကြောင်းအတွင်းမှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုများ အတွင်းရှိ ဥယျာဉ်ခြံမြေနှင့် အဆောက်အဦများ၊ ဘုရားစေတီများနှင့် ပတ်သက်၍ မြေအမျိုးအစား၊ ပိုင်ဆိုင်မှု အထောက်အထား၊ မြောင်းဘောင်ဧရိယာနှင့် အသစ် တိုးချဲ့ဖောက်လုပ်မည့် လမ်းဧရိယာတို့အား စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ အသေးစိတ်စာရင်း ကောက်ယူနေလျက်ရှိ ကြောင်း သိရသည်။

“မန္တလေး-မတ္တရာ ရွှေတချောင်းမြောင်းဘောင်အတိုင်း ဖောက်မယ့်နေရာမှာ လယ်ယာမြေတွေ ပါဝင်မှု မရှိပါဘူး၊ ပုံစံ ၇ ထွက်ထားတဲ့ လယ်ယာမြေတွေမဟုတ်ပါဘူး၊ သူတို့ အရောင်းအဝယ် ပြုလုပ်ကြတဲ့ အခါမှာလည်း ဆည်မြောင်းမြေ ဆိုပြီး ပြောပြီး အရောင်းအဝယ် လုပ်ကြတယ်လို့ သိရပါတယ်၊ ဆည်မြောင်းမြေတွေ အများဆုံးဖြစ်ပါတယ်။ ဆည် မြောင်းပိုင် မြေတွေဖြစ်တယ် ဆိုတာကို တောင်သူတွေ ကိုယ်တိုင် သိရှိပြီးဖြစ်ပါတယ်” ဟု ဦးမင်းမင်းက ဆက်လက် ပြောသည်။

အဆိုပါလမ်းသစ် ဖောက်လုပ်မည့်အပိုင်း၌ လူနေထိုင်မှုများ ရှိသော်လည်း ကျူးကျော်နေထိုင်မှုများ ဖြစ်ကာ မတ္တရာ မြို့နယ် ဘက်ခြမ်း၌ ဥယျာဉ်ခြံမြေအဖြစ် တရားဝင်လုပ်ကိုင်နေသည့် မြေ ၂ ဧကကျော် ပါရှိ နေကြောင်း သိရသည်။

“လူနေထိုင်မှုကတော့ မြောင်းဘောင်တလျှောက် ကျူးကျော်နေထိုင်မှုတွေတော့ရှိတယ်။ လမ်းဖောက် မယ့် အထဲမှာ တရားဝင်ရွာမြေတွေ လုံးဝမပါပါဘူး။ မန္တလေးကနေ မတ္တရာအဝင် သံတံတားနား အထိက ခြံမြေ အမျိုးအစားလည်း မပါဘူး၊ လယ်မြေ လည်းမပါဘူး။ မတ္တရာဘက်မှာရှိတဲ့ ပင်းယ သံတံတားဘက်မှာတော့ ဥယျာဉ်ခြံမြေနဲ့ နီးကပ်တဲ့ မလွတ်မကင်းမြေ အနည်းငယ်တော့ ပါဝင်နေ ပါတယ်။ လူနေဧရိယာနဲ့ ဥယျာဉ်ခြံမြေ အားလုံးပေါင်းမှ ၂ ဧက ကျော် လောက် ပါဝင်နေပါတယ်။ အဲဒါတွေကို ပေါက်ဈေးအတိုင်း လျော်ကြေး ပေးသွားဖို့အတွက်လည်း တင်ပြပေး ထားပါတယ်။ အဲဒီမှာ တချို့က လမ်းဖောက်မယ်ဆိုရင် ပေးပါမယ်ဆိုပြီး ပြောထားတာတွေလည်း ရှိပါတယ်” ဟု ဦးမင်းမင်းက ဆက်လက်ပြောသည်။

မန္တလေး-မတ္တရာ ရွှေတချောင်းမြောင်းလမ်း အရှည်သည် ၁၅ မိုင်ခန့်ရှည်လျားပြီး ရွှေတချောင်း မြောင်း ဘောင် အတိုင်း မန္တလေးမြို့မှ မတ္တရာမြို့ မန္တလေး-မိုးကုတ်ကားလမ်းဆုံရာအထိ ဖောက်လုပ် သွားမည် ဖြစ်သည်။ လမ်းဧရိယာ ၄၅ ပေ အကျယ်ရှိ နှစ်လမ်းသွားဖြစ်ကာ ယာဉ်ငယ်များ သွားလာနိုင်ရေး အတွက် ဦးစားပေးဖောက်လုပ်မည်ဟု သိရသည်။

အဆိုပါမြောင်းဘောင်လမ်း ဖောက်လုပ်နိုင်ရန်အတွက် ကျပ်သန်း ၉၀ဝဝ ကျော် တောင်းခံထားပြီး လာမည့် ဘဏ္ဍာနှစ် အတွင်း စတင် အကောင်အထည်ဖော်နိုင်ရန် လျားထားကြောင်း သိရသည်။

“ဘတ်ဂျက်ကတော့ တင်တောင်းထားပါတယ်။ မတ္တရာဘက်ခြမ်းက ၆ ဒသမ ၇ ဘီလျှံနဲ့ တခုလုံး အတွက် ၉ ဘီလျှံ ကျော်ပါ။ တိုင်းဒေသကြီး အစိုးရကနေ ပြည်ထောင်စုအစိုးရကို တင်ပြတောင်းခံထား တဲ့ ဘတ်ဂျက် ဖြစ်ပါတယ်။ ဘတ်ဂျက်က ၆ လ ဘတ်ဂျက်မှာ ပါမလား၊ တနှစ်ဘတ်ဂျက်မှာ ပါမလား မသိရသေးဘူး။ လာမယ့်ဘတ်ဂျက် ကာလ အတွင်း စတင်နိုင်ဖို့တော့ လျာထားထားပါတယ်” ဟု ဦးမင်းမင်းက ဆက်လက်ပြောသည်။

အသစ် ထပ်မံဖောက်လုပ်မည့် မန္တလေး-မတ္တရာ ရွှေတချောင်းမြောင်းလမ်း အရှည် ၁၅ မိုင်၊ အကျယ် ၄၅ ပေ မြေသား လမ်းမပေါ်၌ ၁၈ ပေ အကျယ် ကတ္တရာလမ်းခင်းရန်အတွက်လည်း ဘတ်ဂျက် ထပ်မံ တောင်းခံ သွားမည်ဖြစ်ကာ ဖောက်လုပ်ပြီးစီးပါက မန္တလေး-မိုးကုတ်လမ်းအတွင်း ယာဉ်ကြော ကျပ်တည်းမှု လျော့န ည်းသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading