သတင်း

ရန်ကုန် တောရိုင်းတိရစ္ဆာန် ဈေးကွက် ပိတ်သိမ်းနိုင်ရေး WWF မျှော်မှန်း

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်းတချို့ ပူးပေါင်းဆောင်ရွက်နေသည့် VOICES FOR MOMOS လှုပ်ရှားမှုကာလပြီးဆုံးမည့် ၂၀၁၈ ဧပြီလတွင် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းရောင်းဝယ်ဖောက်ကားနေသည့် ရန်ကုန်ဈေး ကွက်ပိတ်သိမ်းနိုင်ရေးကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF) က မျှော်မှန်းထားကြောင်း သိရသည်။

“၂၀၁၈ ဧပြီမှာ ပိတ်ချင်တဲ့ဈေးကွက်ကတော့ ရွှေတိဂုံနဲ့ ဗိုလ်ချုပ်ဈေးပါ။ ပိတ်ဖို့အတွက်လည်း ခြေလှမ်းတွေစခဲ့တာ။ အခုတော့ အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ကို စောင့်မျှော်နေပါတယ်” ဟု WWF မြန်မာ၏ Partnership Director တာဝန်ယူထားသူ ဒေါ်မေမိုးဝါက ပြောသည်။

VOICES FOR MOMOS ၏ ၆ လတာ လူထုလှုပ်ရှားမှု ဆောင်ရွက်နေသောအခြေအနေများနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းရှိ ပန်သူရိယစားသောက်ဆိုင်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ပြီး အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

VOICES FOR MOMOS လှုပ်ရှားမှုကာလအတွင်းတွင် လူထုအသိပညာပေးမှုများကို ပုံစံမျိုးဖြင့် ဆောင်ရွက်ခဲ့ပြီး ဈေးကွက် ပိတ်သိမ်းရန် ရည်ရွယ်ထားသည့် ဗိုလ်ချုပ်ဈေးနှင့် ရွှေတိဂုံဘုရားစောင်းတန်းရှိ ဈေးဆိုင်တန်းမှ ဈေးသည်များကို ဥပဒေ ပိုင်းဆိုင်ရာ၊ တရားမဝင်ပစ္စည်းများရောင်းချခြင်းဆိုင်ရာ အသိပညာပေးမှုများ၊ သင်တန်းပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ဒေါ်မေမိုးဝါက ရှင်းပြသည်။

VOICES FOR MOMOS ၏ နောက်ဆုံး လူထုလှုပ်ရှားမှုတခုအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံရုံးနှင့်ပူးပေါင်း၍ လာ မည့် ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံ၌ ညနေ ၅ နာရီ မှ ၉ နာရီခွဲအထိ VOICES FOR WILDLIFE အခမဲ့ဂီ တပွဲတော်ကို ပြုလုပ်သွားရန် စီစဉ်ထားသည်။

အဆိုပါဂီတပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က အထူးဧည့်သည်တော်အဖြစ် တက်ရောက်မည်ဖြစ်၍ ယင်းနေ့တွင် အစိုးရ၏ ဆုံးဖြတ်ချက်တခုခုကို မျှော်လင့်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး HE Mr. Peter Lysholt Hansen က ပြောဆိုသည်။

“သင်္ကြန်မတိုင်ခင်မှာ ရန်ကုန်မြို့တွင်းက သားငှက်တိရစ္ဆာန်ရောင်းဝယ်နေတာတွေကို ပထမအဆင့်အနေနဲ့ ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တာတွေရှိတယ်။ ကျနော်တို့က အစိုးရမဟုတ်တဲ့အတွက် တကယ်ပဲ ဖြစ်နိုင်မလားဆိုတာတော့ မပြောနိုင်ဘူး။ ဧပြီ ၇ မှာပြုလုပ်မယ့် ဂီတပွဲတော်မှာတော့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေအနေနဲ့ ဆုံးဖြတ်ချက် တခုခုကို ချပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

သစ်ထုတ် လုပ်ရေးဌာန မန်နေဂျာ ဒေါက်တာ ဇော်မင်းဦး (ဆင်ဆေးကုဆရာဝန်)ကလည်း မြန်မာနိုင်ငံတွင် ဆင်သားရေများကို တရားမဝင် ကုန်သွယ်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ၂၀၁၇ နှစ်ပိုင်းတွင် ပိုမိုမြင့် တက်ခဲ့ကြောင်း၊ ၁၉၄၁-၄၂ ဝန်းကျင်ခန့်က မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၁၀၀၀၀ ခန့် ရှိခဲ့သော်လည်း ယခု အချိန်တွင် တောဆင်ရိုင်းကောင်ရေ ၁၄၀၀ နှင့် ၂၀၀၀ ကြားတွင်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြောင်း ပြောသည်။

ကဏ္ဍအသီးသီးမှ လူတဦးတယောက်ချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းလိုက်သော်လည်းကောင်း၊ လူထုတရပ်လုံး ပါဝင်လာစေရန် တိုက်တွန်း အသိပညာပေးမှုများကို အဓိက ပြုလုပ်နိုင်ခဲ့သော VOICES FOR MOMOS လှုပ်ရှားမှုတွင် ရန်ကုန်ဈေးကွက်ပိတ်သိမ်းရေးသည် ပထမခြေလှမ်းဖြစ်ပြီး လာမည့် ၂ နှစ်အတွင်း တနိုင်ငံလုံးရှိ ဈေးကွက်များပိတ်သိမ်း ရန် ရည်ရွယ်ထားကြောင်း လှုပ်ရှားသူများက ပြောဆိုသည်။

မြန်မာ့တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရသည့် အခြေအနေကို ကာကွယ်တားဆီးနိုင်ရန်နှင့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် ကုန်သွယ်မှုပြုလုပ်နေခြင်းကို အဆုံးသတ်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် VOICES FOR MOMOS (မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံ) လှုပ်ရှားမှုကို ၂၀၁၇ နိုဝင်ဘာလကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(BANCA)၊ နိုင်ငံတကာတောရိုင်းတိရစ္ဆာန် နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့(FFI)မြန်မာ၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး မိတ်ဆွေများအသင်း(FoW) ၊ Grow Back for Posterity (GBP)၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)နှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF)တို့ ပါဝင်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC)အောက်ရှိ မြန်မာ့သစ်လုပ်ငန်းနှင့် သစ် တောဦးစီးဌာနကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများသည် အရေခွံခွာယူရန်အတွက် ၁ ပတ်လျှင် ၁ ကောင်နှုန်းခန့် သတ်ဖြတ်ခံနေရပြီး အဆို ပါနှုန်းအတိုင်း ဆက်ဖြစ်နေမည်ဆိုပါက နောက်နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှ တောဆင်ရိုင်းများ လုံးဝပျောက်ကွယ် သွားနိုင်သည့် အန္တရာယ်ရှိကြောင်း VOICES FOR MOMOS လှုပ်ရှားသူများက ထုတ်ပြန်ထားသည်။

Loading