ယို့ယွင်းနေတဲ့ ရန်ကုန်မြို့ရဲ့ မိလ္လာနဲ့ ရေဆိုးထုတ်စနစ်ကို ပြုပြင်ဖို့ ရန်ကုန်စည်ပင်သာယာရေး ကော်မ တီ (YCDC)နဲ့ အင်္ဂလန် အခြေစိုက် SATEC ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ဗြိတိသျှ သံရုံး က မနေ့က သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ရဲ့ မိလ္လာနဲ့ ရေဆိုးထုတ်စနစ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ခန့်က Hughes and Lancaster ကုမ္ပဏီက ဒီဇိုင်းရေးဆွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ လက်ရှိမှာတော့ ယင်းကုမ္ပဏီကို စိုက် SATEC ကုမ္ပဏီ က ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
ယခုအခါ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနရဲ့ အကူအညီပေးချက်အရ YCDC ရဲ့ ရေနဲ့ သန့်ရှင်းမှု ဌာန၊ SATEC ကုမ္ပဏီ၊ နယ်သာလန်အခြေစိုက် Royal Haskoning ဆောက် လုပ်ရေး အကြံပေး အဖွဲ့နှင့် အင်္ဂလန်မှ အင်ဂျင်နီယာများ၊ ပြည်တွင်း အင်ဂျင်နီယာများ ပူးပေါင်းကာ ရန်ကုန်မြို့ မိလ္လာနဲ့ ရေဆိုးထုတ် စနစ်ကို ကွင်းဆင်လေ့လာနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လေ့လာတွေ့ရှိချက်တွေကို ရန်ကုန်စည်ပင်သာယာရေး ကော်မတီ(YCDC)နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပေးပို့ သွားမယ်လို့လည်း ပါရှိပါတယ်။
ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနဟာ YCDC ဝန်ထမ်းများ မိလ္လာစက်အိုးများအတွင်း ဝင်ရောက် ကြည့်ရှု့စစ်ဆေးစဉ် ဘေး အန္တရာယ်ကင်းရှင်းဖို့ အရေးပေါ်ကယ်ဆယ်ရေး ဝန်ချီစက်နဲ့ ခန္ဓာကိုယ် သိုင်းကြိုးများကို ကူညီထောက်ပံ့ထားသလို လုပ် ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ အရေး ပေါ်ကူညီကယ်ဆယ်ရေး သင်တန်းတွေကိုလည်း ပေးထားတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
၁၈၈၇ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့မှာ ရန်ကုန် မြူနီစပယ် အင်ဂျင်နီယာ အဖွဲ့ဟာ ရူပီး ၃၁ကုဋေ အကုန်အကျခံကာ ရေအား၊လေအား ပေါင်းစပ်စနစ် (Shone Hydro – Pneumatic System)ကို စတင်တည်ဆောက်ပြီး ၁၈၈၉ ခုနှစ် ဒီဇင်ဘာမှ စတင်အသုံးပြုခဲ့ပြီး မိလ္လာနဲ့ ရေဆိုးထွက်ပေါက် အနေနဲ့ မန်းကီးပွိုင့်(Monkey Point) ကိုသုံးခဲ့တယ်လို့ ရန်ကုန်မြို့သမိုင်းမှာ ဖော်ပြထားပါတယ်။
၁၈၅၂ ခုနှစ် အင်္ဂလိပ်- မြန်မာ ဒုတိယစစ်ပွဲ အပြီး ဗြိတိသျှတို့ ရန်ကုန်မြို့ကို စနစ်တကျမြို့ကွက်ရိုက် ပြန်လည် ထူ ထောင် ရာ စာတိုက်စနစ် ကျင့်သုံးခြင်း၊ မြေဂရန်များထုတ်ပေးခြင်း၊ လမ်းများပြန် လည်ဖောက်လုပ်ခြင်း၊ ရေဆင်းမြောင်း စနစ်များပြု လုပ်ခြင်း၊ မိလ္လာစနစ်ကျင့်သုံးခြင်းများကို ပြုလုပ်ခဲ့ပါတယ်။
ထိုစဉ်က ကျင့်သုံးတဲ့ မိလ္လာနဲ့ ရေဆိုးထုတ်စနစ်မှာ မြို့တွင်းနေရာအနှံမှ အညစ်အကြေးများကို မြေအောက်မြောင်း များမှ တဆင့် ဆူးလေဘုရားအနီးရှိ အညစ်အကြေးစွန့် ပိုက်ကြီးအတွင်းသို့ စီးဆင်းစေပြီး၊ အဲ့ဒီကမှတဆင့် ရန်ကုန်မြစ်အတွင်း စနစ်တကျ ထုတ်ရန်ဖြစ်ပါတယ်။
မိလ္လာသန့်စက်များ မရှိသေးတဲ့ အတွက် ရန်ကုန်မြစ်ရဲ့ ရေတက်ရေကျကို အသုံးပြခြင်းဖြစ်ပေမယ့် မြစ်ရေတက်တဲ့အခါမှာ အညစ်အကြေးများနဲပ မိလ္လာများဟာ ပြန်လည်ပါလာတဲ့အတွက် လုံးဝအောင်မြင်တဲ့ စနစ်လို့မဆိုနိုင်ပေ။
ထို့ကြောင့် နောင် ၃၅နှစ်အကြာ လူဦးရေ ထူထပ်လာပြီး တိုးချဲ့ရပ်ကွက်သစ်များကြောင့် မိလ္လာနဲ့ ရေဆိုးထုတ် စနစ်သစ် Hydro – Pneumatic System ကို ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး၊ ပုဇွန်တောင်၊ သိမ်ဖြူ၊ လမ်းမတော်သို့ ဆက်လက် တိုးချဲ့ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ယနေ့ခေတ် ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော်အဖြစ် တည်ရှိနေပြီး လူဦးရေမှာလည်း ၆သန်းကျော် ရှိလာရုံသာမက အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်နေရာ၊ စစ်အစိုးရလက်ထက် ဆောက်လုပ်ရေး လုပ်ငန်းများကို စည်းကမ်းမဲ့ ချထား ပေးမှုများကြောင့် မြေအောက် ရေဆိုးမြောင်းစနစ် ပျက်ပြားပြီး၊ သန့်ရှင်းရေး လုပ်ကိုင်နိုင်မှု အားနည်းသွားသည့်အတွက် မိုးရွာလျှင် ရေကြီးရေလျှံမှုများ နေရာအနှံမှာ ဖြစ်ပေါ်နေပါတယ်။