တရုတ်- မြန်မာစီးပွားရေး စင်္ကြံတခု တည်ဆောက်ရန် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီမှု ရရှိထားပြီး စီးပွားရေးစင်္ကြံတွင် ပါဝင်မည့် စီမံကိန်းများကို အများပြည်သူများ သိရှိနိုင်ရန် အသေးစိတ်တင်ပြသွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက “တရုတ်-မြန်မာ စီးပွားရေး ကော်ရက်တာကို ၂ နိုင်ငံခေါင်းဆောင်ကြီးများနဲ့ သဘောတူညီထားပြီး ဖြစ်ပါတယ်။ တရုတ်-မြန်မာ စီးပွားရေး ကော်ရက်တာ အောက်က လုပ်မယ့် လုပ်ငန်းတွေထဲကတော့ ကြီးမားတဲ့ စီမံကိန်း ပရောဂျက်တွေပဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆက်သွယ်ဆောင်ရွက်မယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒီကြီးမားတဲ့ လုပ်ငန်းတွေကို ကျနော်တို့ MOU ရေးထိုးနေတဲ့အချိန်မှာ ကျနော်တို့ ပြည်သူအားလုံးကို သိရှိအောင်လို့ ကျနော်တို့ နိုင်ငံက ဆောင်ရွက်မယ့် လုပ်ငန်းစဉ်အားလုံးကို အတိအကျ တင်ပြပေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဧပြီလ ၂ ရက်နေ့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင်ပြုလုပ်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ၁ ဦးမြင့်ဆွေနှင့် မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်ဆွေးနွေးပွဲ ၁၆ ကြိမ်မြောက် အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“ဥပမာဆိုရင် တရုတ်-မြန်မာနဲ့ ပတ်သက်လို့ တခြားတခြားသော ပရောဂျက်တွေကို မပြောခင်မှာ တရုတ်နိုင်ငံက ဝင်ငွေ ကောင်းလာတယ်။ သူတို့ရဲ့ လူနေမှု စနစ်တွေ ပြောင်းလာတယ်။ ခရီးသွားလုပ်ငန်းတွေ ပိုမိုကျယ်ပြန့်လာတယ်။ လူဦးရေ ၁၂ သန်း၊ ၁၃ သန်းလောက် ပြည်ပခရီးသွားဝင်တယ်။ အဲဒီအချိန်က ကျနော်တို့ မြန်မာနိုင်ငံကို လူဦးရေ ၅ သိန်းတောင် မရောက်ဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဆိုသည်။
ယင်းသို့ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ကွာဟသွားခြင်းမှာ တရုတ်နိုင်ငံမှ ခရီးသွားများက နေ့ချင်းပြန် မြန်မာနိုင်ငံသို့ လာမည် ဆိုလျှင် လေယာဉ် ဆင်းသက်စရာ လေယာဉ်ပြေးလမ်းများ၊ ကောင်းမွန်သော လေဆိပ်များ မရှိခြင်း စသည့် အချက် များကြောင့် ဖြစ်သည်ဟု ဝန်ကြီးက ရှင်းပြသည်။
“လေဆိပ်ပြေးလမ်းတွေ ရှိနေပြီးသား ဟဲဟိုးတို့လို၊ မကွေးတို့လို ပခုက္ကူတို့လို ဒီလိုလေဆိပ်တွေကို နိုင်ငံတကာ လေဆိပ် လုပ်မယ်။ ခေါင်းထဲမှာ အပြည့်အဝရှိတယ်။ ဒါပေမယ့် ကျနော်တို့မှာ အဟန့်အတားရှိနေတယ်။ သူတို့နိုင်ငံက ကျနော်တို့ နိုင်ငံကို လာလည်ချင်တယ်။ ဒါပေမယ့် လေယာဉ်ပြေးဖို့အတွက် လေဆိပ် ကောင်းကောင်း မရှိဘူး” ဟု ၎င်းကပြောသည်။
ယင်း နိုင်ငံတကာ လေဆိပ် တည်ဆောက်ရေးကိစ္စသည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံဆောင်ရွက်မည့် လုပ်ငန်းစဉ် များထဲမှ ပရောဂျက် အသေးတခုသာ ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက “ကျနော်တို့ ဆီကို တင်ပြလို့ ရတယ်။ အဆိုပြုလို့ရတယ်။ အားလုံးကို ကျနော်တို့ ပေးမှာပါ။ ကျနော်တို့ရဲ့ စီမံခန့်ခွဲမှု မဟုတ်ဘူး။ လုပ်ချင်တဲ့ ပုဂ္ဂိုလ်ကို လုပ်ခွင့်ပေးမှာ။ လုပ်နိုင်သမျှ ကျနော်တို့က ပံ့ပိုးပေးမှာ ဖြစ်တယ်။ ကျနော်တို့က ခင်ဗျားကတော့ ဒါလုပ်ဆိုပြီး စီမံခန့်ခွဲ မပေးဘူး” ဟု ပြောသည်။
မိမိတို့ကိုယ်တိုင် လုပ်နိုင်သမျှ စွမ်းအင်၊ စွမ်းအားနှင့် လုပ်ငန်းအားလုံးကို ကိုယ်ကိုယ်တိုင် ၁၀၀ ရာခိုင်နှုန်းဖြစ်စေ၊ သို့မဟုတ် သင့်တော်ရာ ကုမ္ပဏီနှင့် ပေါင်းပြီး ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “အဲဒီအထဲမှာ ကဏ္ဍတွေအများကြီးပါတယ်။ စီးပွားရေး စင်္ကြံလို့ ပြောတဲ့အတွက်ကြောင့်မို့ လမ်းသက်သက် မဟုတ်ဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ မြို့ပြတွေ ပေါ်လာတာ ရှိမယ်၊ စိုက်ပျိုးရေးဇုန်တွေ ပေါ်လာတာ ရှိမယ်၊ စက်မှုဇုန်တွေ ပေါ်လာတာ ရှိမယ်။ နောက် အိုင်တီနဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေ၊ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ဆက်စပ်လုပ်ရမယ့် လုပ်ငန်းတွေပေါ့။ ဒီထောက်ပံ့ပို့ဆောင်ရေးနဲ့ ဆက်စပ်တဲ့ အခြေခံ အဆောက်အအုံနဲ့ ပတ်သက်တာတွေ၊ ရထားလမ်းတွေ၊ ကားလမ်းတွေ ဆိပ်ကမ်းတွေ ပေါ်လာမယ်။ နောက် ခရီးသွားနဲ့ ပတ်သက်တာတွေ၊ သူကတော့ အများကြီးကျယ်ပြန့်တယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ခြုံပြောရရင်တော့ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ဖို့ရှိတယ်။ ပြီးခဲ့တဲ့ လတုန်းက ကျနော်တို့ ပါသွားတယ်။ ဝန်ကြီးဦးဆောင်တဲ့ အဖွဲ့နဲ့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းတာ အားလုံးအဆင်ပြေတယ်။ လက်မှတ်ထိုးတဲ့ အဆင့်မရောက်သေးဘူး။ နှစ်နိုင်ငံ အကြီးအကဲတွေ ဆက်လက်ညှိနှိုင်းပြီးတော့မှ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံ – မြန်မာနယ်နိမိတ်မှ စတင်၍ ရန်ကုန်အထိ စီးပွားရေးစင်္ကြံများ တည်ဆောက်သွားမည် ဖြစ်ပြီး စင်္ကြံ၏ အကျိုးဆက် အနေဖြင့် အခြေခံအဆောက်အအုံများ ဖြစ်သော ရထားလမ်း၊ ကားလမ်း၊ ဆိပ်ကမ်းများ ပေါ်လာမည် ဖြစ်သည်။
ယင်းနှင့်ပတ်သတ်သည့် ကိစ္စရပ်များပြုလုပ်ရာတွင် တရုတ်နိုင်ငံတခုတည်းမှ လုပ်ဆောင်မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှ နိုင်ငံသားများ၊ တခြားသော ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး တိုင်းပြည်အတွက် အကျိုးရှိသည့်ကိစ္စရပ်များ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
ထို့အပြင် တရုတ် -မြန်မာနှစ်နိုင်ငံကြား စီးပွားရေးစင်္ကြံ တခု တည်ဆောက်မည်ဆိုပါက ကုန်စည်စီးဆင်းမှုကို စနစ်တကျ ဆောင်ရွက်နိုင်လျင် မြန်မာနိုင်ငံသည် အကျိုးအမြတ် များစွာရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လ နောက်ဆုံးပတ်အထိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၃၉၇ ဒသမ ၇၁၉ သန်း ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် စာရင်းများ အရ သိရသည်။