ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာလို့ သူတို့ကိုယ် သူတို့ အမည်ပေးထားတဲ့ လှေစီးဒုက္ခ သည်များကို ပင်လယ်ထဲ သို့ ပြန်လည် ပို့ဆောင်ခြင်းပတ်သက် ၍ စိုးရိမ်ပူပန်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံး က ပြောဆိုကြောင်း The Nation သတင်းက ဆိုပါတယ်။
အဲဒီ ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ အမည်တပ်ထားတဲ့ လှေစီးသူတွေ ၅၆ ဦးဟာ ဧပြီလ ၁ရက်နေ့ နံနက်စောစောပိုင်းက ထိုင်းရေပိုင်နက်ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး၊ ၎င်းတို့ကို မလေးရှားနိုင်ငံမှာ ဆိုက်ကပ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ထိုင်းအာဏာ ပိုင်တွေက ကပ္ပလီပင်လယ်အတွင်း ပြန်လည်ထွက်ခွာစေခဲ့တာဖြစ်ပါတယ်။
အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၈ ဦး၊ ယောက်ျားလေး ၈ဦး နှင့် မိန်းကလေး ၁၁ ဦးပါဝင်တဲ့ အဲဒီလှေဟာ ကရာဗီပြည်နယ် အတွင်းက ကော့ဟာနဲ့ ကော့လန်တာကြားမှာ တွေ့ရတာဖြစ်ပြီး၊ ထိုင်းရေကြောင်း လုံခြုံရေး အရာရှိတွေက ခေါ်ယူစုံစမ်း စစ်ဆေးပြီးတဲ့နောက် အစားအစာနဲ့ ထောက်ပံရေးပစ္စည်းတွေ လှူဒါန်းပြီး မလေးရှားသို့ ဆက်လက်ထွက်ခွာခွင့် ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီလှေဟာ ရခိုင်ပြည်နယ် အလယ်ပိုင်း ကမ်းခြေကနေ ပြီးခဲ့တဲ့ အပတ်က စတင်ထွက်လာတယ်လို့ ဆိုပြီး၊ လူကုန်ကူးတဲ့ လက္ခဏာမတွေ့ရဘူးလို့ ဆိုပါတယ်။
UNHCR ကတော့“တကယ်လို့ သူတို့ ဒုက္ခရောက်နေတာကို တွေ့ရှိရမယ်ဆိုရင် နိုင်ငံတကာ ရေကြောင်း ဥပဒေတွေနဲ့ အညီ သူတို့ကို ကယ်ဆယ် ပြီးတော့ ကမ်းကပ်ခွင့် ပေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” လို့ The Nationကို ပြောပါတယ်။
ဒါအပြင် မလေးရှား ရေကြောင်း အာဏာပိုင်တွေကိုလည်း UNHCR ကဆက်သွယ်ထားပြီး ကမ်းကပ်ချိန်မှာ လိုတဲ့အကူ အညီပေးဖို့ အာဏာပိုင်များကို ကူညီဖို့လည်း အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။
အခုအခါမှာ အဲဒီ လှေဟာ မလေးရှားနိုင်ငံ အနောက်မြောက် ကမ်းခြေကို ရောက်လာတဲ့အတွက် မလေးရှားရေကြောင်း အာဏာပိုင်များက ကြားဖြတ် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။