အတာ သင်္ကြန်ကာလ အမိနိုင်ငံသို့ ပြန်မည့် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများ၏ တရားဝင် ဝင်ထွက်ခွင့် တံဆိပ်တုံး ရိုက်နှိပ်ကြေးများကို ကင်းလွတ်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ထိုင်း အစိုးရ က တရားဝင် ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်သည် မြန်မာနိုင်ငံသားများသာမကဘဲ ထိုင်းနိုင်ငံအတွင်း၌ ရွှေ့ပြောင်း အလုပ်သမားများ အဖြစ် လာရောက် အလုပ် လုပ်ကိုင်နေကြသည့် လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမားများလည်း အကျုံးဝင်မှာ ဖြစ်ပြီး ခွင့်ပြုမည့် ရက်ကတော့ ဧပြီ ၅ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့ အထိ ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရအနေဖြင့် သင်္ကြန် အိမ်ပြန်ကြမည့် အလုပ်သမားများကို ဖမ်းဆီးခြင်း၊ ငွေကြေး တစုံတရာ ကောက်ခံခြင်းမပြုရန်နှင့် နယ်စပ်ဂိတ်ပေါက်များမှ ဝင်ထွက်ကြမည့် အလုပ်သမားများ အဝင်အထွက် တံဆိပ်တုံးထုရာတွင် ငွေကြေး ကောက်ခံခြင်း မပြုရန် ပြောထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ခင်မြင့် ကလည်း ပြောသည်။
ဦးအောင်ခင်မြင့် က “လမ်းမှာလည်း ထိုင်းဘက်အခြမ်းကလည်း ဖမ်းဆီးခြင်း မပြုဖို့ ငွေကြေးတစုံတရာ ကောက်ခံခြင်းမရှိဖို့နဲ့ အိမ်ပြန်တုံး၊ တုံးအကြီးပေါ့။ အရင်တုန်းကဆို ပုံမှန် ဘတ် ၁ ထောင်ပေးပြီး ထုရတယ်ဗျ။ အဲဒီကိစ္စကိုလည်း တုံးအကြီး ထုစရာ မလိုဘဲနဲ့ ပုံမှန် အဝင်အထွက်တုံးလေးပဲ တောမော (လဝက) ရုံးမှာ ထုပြီးသွားဖို့ သူတို့ဘက်က ညွှန်ကြားထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း သင်္ကြန်ကာလ အိမ်ပြန်ရန် ပြင်ဆင်နေကြသည့် မြန်မာအလုပ်သမားများ အနေဖြင့် ပတ်စ်ပို့ စာအုပ်ကြီး သို့မဟုတ် Certificate of Identity (CI) စာအုပ်ဖြင့် ဖြစ်စေ စာရွက်စာတမ်း အပြည့် အစုံကို အပြန်လမ်းတွင် ကိုယ်နှင့် တပါတည်း ယူဆောင်လာကြရန် အလုပ်သမား သံအရာရှိက သတိပေးသည်။
အဆိုပါ အထောက်အထား စာရွက်စာတမ်းများမှာ နိုင်ငံသား အထောက်အထား ပတ်စ်ပို့ စာအုပ်ကြီး သို့မဟုတ် CI စာအုပ် နှင့် အတူ အလုပ်လုပ်ကိုင်ခွင့် (Work Permit)၊ သက်တမ်းရှိသော ဗီဇာတို့ ဖြစ်ကြောင်း သိရသည်။
“စာရွက်စာတမ်း အထောက်အထား မပြည့်စုံဘဲပြန်တာမျိုးဆိုရင် အဖမ်းအဆီး ခံရတာမျိုး ဖြစ်နိုင်တာပေါ့။ ဒါကြောင့် စာရွက် စာတမ်း အထောက်အထား အစုံယူခဲ့ဖို့ရယ်၊ သူတို့ခွင့်ပြုထားတဲ့ ရက်အတွင်းပဲနေဖို့ ပြောချင်ပါတယ်။ အဲကာလကို ကျော်ပြီး နေလို့ရှိရင် ပြန်ဝင်လာရင် ပြဿနာရှိတယ်။ ပြန်ဝင်လို့ မရနိုင်တာတွေရှိတာပေါ့” ဟု ဦးအောင်ခင်မြင့် က ပြောသည်။
ထိုင်းအစိုးရက ဧပြီ ၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ခွင့်ပြုထားသော်လည်း အိမ်ပြန်ကြမည့် အလုပ်သမားများ အနေဖြင့် ကိုယ်ပြန်လိုသည့် ရက်ကို မိမိတို့၏ အလုပ်ရှင်နှင့် သေချာစွာ ညှိနှိုင်းပြီးမှပြန်သင့်ကြောင်း အလုပ်ရှင်နှင့် ညှိနှိုင်း သဘောတူညီမှု ရထားသည့် ရက်ထက် ကျော်၍ နေရာမှ အလုပ် ပြုတ်သွားသည့် မြန်မာ အလုပ်သမားများလည်း အများအပြားရှိခဲ့၍ သတိပေးခြင်း ဖြစ်သည်ဟုဆိုသည်။
ထို့အတူ ထိုင်း-မြန်မာ နယ်စပ်များမှ တဆင့် ပြန်ကြရာတွင် နှစ်နိုင်ငံ တရားဝင် ဂိတ်များမှ အဝင်အထွက်တုံး ထုပြီးမှ ပြန်ကြရန်နှင့် တရားမဝင် ဂိတ်ပေါက်များနှင့် လှေဆိပ်များကို အသုံးပြု၍ မပြန်ကြရန်လည်း သတိပေး တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်မှ ပြောပြချက်အရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂ သန်းကျော် ရှိပြီး တရားဝင် အထောက်အထားဖြင့် နေထိုင်သူများမှာ ၁.၇ သန်းရှိသည်ဟုဆိုသည်။ မြန်မာ အလုပ်သမားများ အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကတော့ ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား စုစုပေါင်း ၃ သန်းကျော်ရှိသည်ဟု ဆိုသည်။