ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA)နှင့် တပ်မတော်ကြား ယခု ရက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသော နေရာသည် မံစီမြို့နယ် ဂျန်မိုင် ကျေးရွာနှင့် လဂျောင်ကျေးရွာ အနီးရှိ KIA တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း (၁) ရှေ့တန်းစခန်းတွင် ဖြစ်သည်ဟု KIA သတင်းနှင့် ပြန်ကြားရေး ဌာနကဆိုသည်။
စစ်ကိုင်းတိုင်း ဒေသကြီးဘက်မှ ကချင် ပြည်နယ်ဘက်သို့ ခိုးသွင်းလာသော သစ်များကို တပ်မတော်က ရှင်းလင်းရေး လုပ်ဆောင်ရာကနေ KIA တပ်စခန်းအနီး ရောက်ရှိလာပြီး တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“အခုတလော ဗန်းမော်၊ မံစီနားမှာ တိုက်ပွဲဖြစ်တယ်။ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့လည်း မနက် ၇ နာရီမှာ စဖြစ်နေ တယ်။ မံစီက တက်လာရင် တပ်ရင်း ၁ နေရာပေါ့။ တပ်မတော်ဘက်က ထိုးဝင်လာလို့ ခုခံတိုက်ပွဲဖြစ်တာ။ အဲဒီမှာ ပြည်သူ လူထုက သစ်ထုတ်တာ နည်းနည်း လုပ်နေတာကို ဖြေရှင်းချင်လို့ နယ်မြေ ရှင်းလင်းဖို့ လာရင်းက ဖြစ်တာ။ အဲဒီနေရာက စစ်ကိုင်းတိုင်း ဘက်ကလာတဲ့ သစ်တွေကို စုဆောင်းတဲ့ နေရာဖြစ်တယ်”ဟု ပြောသည်။
KIA တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၁)၏ ရှေ့တန်းစခန်းသည် ၂၀၁၈ ခုနှစ် ဧပြီ ၃ ရက်မှ ဧပြီ ၄ ရက်အထိ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေသည်ဟုလည်း ၎င်းက ပြောပြသည်။
ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့(PCG)မှ ဦးဆန်းအောင်က“ကျနော်တို့ တိုက်ပွဲဖြစ်နေတယ် လို့တော့ ကြား တယ်။ ဒါပေမယ့် တနိုင်းနဲ့ မံစီဘက်မှာက နေ့တိုင်းလိုလို ဖြစ်နေတာပါပဲ။ အခု မံစီမှာ ဖြစ်နေတယ်လို့တော့ ကြားတယ်။ ဒါပေမယ့် ဒေသခံတွေဆီက အတိအကျတော့ သတင်းမရသေးတော့ အသေးစိတ်တော့ မပြောနိုင်ဘူး”ဟု ပြောသည်။
၁၉၉၄ ခုနှစ်က တပ်မတော်အစိုးရနှင့် KIA တို့ အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုကာ ငြိမ်းချမ်းရေး ရယူခဲ့သည်။
သို့သော် တပ်မတော်နှင့် KIA တို့ကြား ၂၀၁၁ ခုနှစ်မှ စတင်၍ ကချင်ပြည်နယ် အတွင်း တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွား လာခဲ့သည်မှာ ယနေ့ချိန်ထိပင် ဖြစ်သည်။
၂၀၁၇ ခုနှစ် ဇွန်လက ကချင်ပြည်နယ် တနိုင်းဒေသရှိ ပယင်းမှော်များ၊ ကျောက်စိမ်း လုပ်ကွက်များအတွင်း နယ်မြေ ရှင်း လင်း ရေး လုပ်မည်ဖြစ်သည့် အတွက် အလုပ်သမားများကို ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးကြရန် ကြေညာ ခဲ့ပြီး နောက် တပ်မတော် နှင့် KIA ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြသည်။
ထို့နောက် တနိုင်း၊ မံစီ၊ ဆွမ်ဘရာဘွမ် စသည့် မြို့နယ်များအတွင်း စစ်ရေး တင်းမာနေပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်း တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှ ဒေသခံ ၂၀၀၀ ဝန်းကျင် တိုက်ပွဲ ရှောင်ခဲ့ကြရကြောင်း သိရသည်။